မြန်မာနိုင်ငံသည် မည်သည့် နိုင်ငံကမျှ မလုပ်ဆောင်နိုင်သည့် အမျိုးသားရေး လှုပ်ရှားမှု အသွင်ဖြင့် စာတတ် မြောက်ရေး လုပ်ငန်းများကို နိုင်ငံနှင့်အဝှမ်း ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ယူနက်စကို အဖွဲ့ချုပ်ကြီးက
ဂုဏ်ပြု ချီးကျူးပြီး ၁၉၇၁ ခုနှစ်တွင် ''မိုဟာမက်ရီဇာ ဖာလာဗီဆု''၊ ၁၉၈၃ ခုနှစ်တွင် ''နိုမာဆု'' (Nomar Prize) တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထို့အပြင် ၁၉၉ဝ ပြည့်နှစ်တွင် ကုလသမဂ္ဂ၏ စာမတတ်သူ ပပျောက် ရေး ''ပူလစ်ဇာဆု'' ကို ရရှိခဲ့ ပေသည်။ နိုင်ငံသူ နိုင်ငံသားတို့ ဝမ်းသာ ဂုဏ်ယူဖွယ်ရာ ဖြစ်ပေသည်။
လူ တစ်ယောက်၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ စိတ်ဓာတ် မြင့်မားရေး၊ စေတနာကောင်း ထားရှိရေး၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်ရေး၊ ပညာ ဗဟုသုတ ပြည့်ဝရေး၊ အသိဥာဏ် အမြော်အမြင် ရင့်သန်ရေး အတွက် စွမ်းဆောင် ပေးနိုင်သော အရာသည် ထိုသူ၏ အနီးအနားမှာပင် ရှိ၏။ ထိုအရာကား ''စာအုပ်'' ပင် ဖြစ်သည်။
စာအုပ်အကြောင်း ရေးမိသည့်အခါ စာအုပ်၏ ကျေးဇူးကို ဆင်ခြင်မိသည်။ စာအုပ်၏ ကျေးဇူးနှင့် ပတ်သက်၍ ဆရာ မန်းတင်က အောက်ပါ အတိုင်း ရေးဖွဲ့ထားသည်ကို ဖတ်ခဲ့ မှတ်ခဲ့ရသည် -
ငြီးငွေ့နေလျှင် ပျော်ရွှင်စေ၏။
ဗဟုသုတ ပေးဝေငှ၏။
စိတ်အားငယ်က တက်ကြွစေ၏။
မာန်လွန်ကဲလျှင် သတိယှဉ်၏။
တရားဓမ္မ လမ်းမှန်ပြ၏။
လောကီ လောကုတ် အဆီအနှစ်
အသစ် အဟောင်း
စုပေါင်းပညာ၊ ဝေဖြာ ရောင်လင်း
အမှောင်ခွင်း၏။
စာအုပ်သည် လူသားတို့ အကျိုးစီးပွားကို ဆောင်ကြဉ်းပေးသော မိတ်ဆွေစစ် အမှန် ဖြစ်ပေသည်။ ထို့ကြောင့် ၁၉၇၂ ခုနှစ် နိုင်ငံတကာ စာအုပ်တွင် ''စာအုပ်စာပေ လူ့မိတ်ဆွေ'' ဟူသော ဆောင်ပုဒ်ကို ရွေးချယ်သတ်မှတ် ခဲ့ရာ အဓိပ္ပာယ် ပြည့်ဝလှသည့် အတွက် ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိနေသည်။
ကုန်းဘောင်ခေတ် အကျော်အမော် မန်လည် ဆရာတော်က မဃဒေဝ လင်္ကာသစ်တွင် ''ပညာပြည့်ဝ၊ နှလုံး လှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏'' ဟု ရေးဖွဲ့ ထားသည်မှာ မှတ်သား လိုက်နာဖွယ်ရာ အလွန်ကောင်းလှ ပေသည်။
နိုင်ငံသူ နိုင်ငံသားတိုင်း
မျက်မှောက်ကာလနှင့် အနာဂတ်ကာလ လိုအပ်ချက်များ အတွက် အသိပညာ ဗဟုသု တ
ပြည့်ဝရန် လိုအပ်လျက် ရှိသည်။ အသိပညာသည် လူ့ဘဝတွင် အလိုအပ်ဆုံး
တစ်နည်းဆိုရသော် လူ တစ်ဦးချင်း စီ၏ အရေးကြီးဆုံး နှလုံးသည်းပွတ်
ဖြစ်ပေသည်။
ယခု ၂၁ ရာစုနှစ်တွင် အသိပညာသည် ခေတ်
အစားဆုံး၊ အရေး ကြီးဆုံးဟု လူတိုင်း ပါးစပ်ဖျားတွင် တဖွဖွ ပြောဆို
နေကြသည်ကို စာရေးသူ ကြားသိနေရသည်။ အသိပညာ ဗဟုသုတ၏ တန်ဖိုးကို ပိုမိုနားလည်
အလေးထား လာကြသည်။ နည်းပညာ ခေတ်တွင် ပညာပါမှ၊ မွေးမြူရေး ခေတ်တွင် ပညာပါမှ၊
စက်မှုခေတ် တွင် ပညာပါမှ၊ အလားတူ စိုက်ပျိုးရေး ခေတ်တွင် ပညာပါမှ၊
ကုန်ပစ္စည်း ထုတ်လုပ်ရေး ခေတ်တွင်လည်း ပညာပါ မှ အောင်မြင်မှုများ
ရရှိနိုင်ပေသည်။
မြန်မာတို့၏ ဆိုရိုးစကား တစ်ရပ်တွင်
''စာမတတ်လျှင် အကန်း၊ အလိမ္မာ စာမှာရှိသည်နှင့် ပညာနှင့် တူသော
အလင်းရောင်မရှိ'' ဟု မျိုးရိုးစဉ်ဆက် ခံယူ မှတ်သားခဲ့ကြသည်။ ထို့အပြင်
အသိပညာ ဗဟုသုတ ရှာမှီး သင့်သော ဆိုရိုးစကား များစွာတို့ အနက်မှ
''ပညာရွှေအိုး လူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်'' ဆိုသည့် ပညာပေး ဆိုရိုးစကား
တို့သည် အလေးထား မှတ်သား လိုက်နာဖွယ်ရာ ကောင်းလှပေသည်။
လူလောက လူ့ အသိုင်းအဝိုင်းတွင် အသိပညာ
ကြွယ်ဝမှသာ အမှားအမှန်ကို ခွဲခြား သိမြင်နိုင်မည် ဖြစ်သည်။ စာအုပ်
စာပေသာလျှင် မိတ်ဆွေစစ် ဖြစ်သည်။ အသိပညာ ဆိုသည့် ပညာရွှေအိုး ကိုလည်း
မည်သူမျှ ခိုးယူ မရနိုင်ပါ။ အသိပညာသည် တန်ဖိုးဖြတ်၍ မရနိုင်သကဲ့သို့ လေ့လာ
ဆည်းပူး၍လည်း မကုန်ခန်းနိုင်သော အရာဖြစ်သည်။ ''စာတွေ့ထက် ငါတွေ့သာမည်''
ဆိုသည့် စကားအရ တက္ကသိုလ်၊ ဒီဂရီကောလိပ် များမှ ရရှိသော ပညာသည် အတိုင်းအတာ
တစ်ခုထိ ခရီးပေါက် နိုင်ပါမည်။ သဘင်သည်တို့၏ အတတ်ပညာသည် ခုနစ်ရက်
ကင်းကွာနေပါက စည်းဝါးမကိုက်နိုင် သကဲ့သို့ ဆရာဝန်နှင့် အင်ဂျင်နီယာ တို့၏
အတတ်ပညာ များသည် လက်တွေ့လည်း မရှိ နေ့ စဉ်နှင့် အမျှ တိုးတက်နေသည့်
စာပေနှင့် ဆက်သွယ်ရေးပညာ တို့ဖြင့် မှတ်တမ်းတင် ဖော်ပြနေသည့် ပညာ ဗဟုသု
တတို့အား လေ့လာ ဆည်းပူးမှု မရှိပါက ''ဓား'' ဖြစ်နေသော် လည်း သံချေးတက်
နေသည့် ဓားကဲ့သို့ပင် ဖြစ်ချေမည်။
မြန်မာမှု နယ်ပယ်တွင် ''တံငါနားနီး တံငါ၊
မုဆိုးနားနီး မုဆိုး'' ဟူ၍ နီးစပ်ရာ အသွင် ကူးစက် သွားတတ်သည့် သာဓက များစွာ
ရှိသည်။ သို့အတွက် စာအုပ် စာပေ တို့သည်ကား မည်သည့် ပတ်ဝန်းကျင် အခြေအနေ
မျိုးပင် ဖြစ်စေကာမူ ပကတိ အခြေအနေမှ ယိုယွင်းမှု မရှိဘဲ လူတွေ အားလုံးအတွက်
တည်ကြည် လေးနက် သော ကတိသစ္စာကို ထာဝရ စောင့်ထိန်းလျက် အမှောင်ခွင်း၍
အလင်းဆောင် ပေးနေသည့် မိတ်ဆွေစစ် အမှန်ပင် ဖြစ် ပါကြောင်း ရေးသား တင်ပြ
လိုက်ရ ပါသည်။ ။
http://www.myawady.com.mm/library/stories/storiesforall/item/12951-2013-05-06-10-26-39
No comments:
Post a Comment