ဟိန်းထက်
ကင်ဆာ၊ အယ်လ်ဇိုင်းများ စသည့် ရောဂါများကို အမြစ်ဖြတ်ပစ်နိုင်ဖို့ လူအားနှင့်ရော ဆေးသိပ္ပံအားနှင့်ပါ မတတ်နိုင်သေး။ တတ်နိုင်မည့် အနေအထားမျိုးလည်း လောလောဆယ်မှာ မရှိသေး။ ဆေးလိပ်သောက်ခြင်း ကိစ္စကား ထိုသို့မဟုတ်။ အမြစ်ဖြတ်နိုင်သည့် လူအား၊ ဆေးသိပ္ပံအားလည်း ရှိသည်။ ၀န်းကျင် အနေအထားမျိုးလည်း ရှိသည်။ စိတ်ဓာတ်သာ လိုတော့သည်။ ဆေးလိပ်ဖြတ်ရေးဟူသည် တကယ်လုပ်လျှင် တကယ်ဖြစ်သော ကိစ္စမှန်း ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းက ကမ္ဘာ့နိုင်ငံ အစိုးရများအနေဖြင့် အားထုတ် လုပ်ဆောင်ခဲ့ပုံများကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
ပြည်သူတွေ ဆေးလိပ်ပြတ်အောင် လုပ်နိုင်သည့် အစွမ်းမျိုး ရှိနေကြသည့်တိုင် စိတ်ဓာတ် အပြည့် မထည့်ကြသောကြောင့် ထိရောက်မှုကတော့ တစ်စိတ်တစ်ပိုင်း အားရဖွယ် အနေအထားသာ ရှိသေးသည်။ တကယ်ဖြတ်သူများ တကယ်ပြတ်ကြသည်။ ကမ္ဘာတစ်ဝန်း ယေဘုယျအားဖြင့် ဆေးလိပ်သောက်နှုန်းတွေ ကျလာပြီ ဖြစ်သည့်တိုင် ကျနှုန်းမညီ။ အမေရိကန်၊ ဗြိတိန် စသဖြင့် ကျသည့်နေရာတွေက ကျနေသလို မကျဘဲ ယခင်အတိုင်း ကျန်နေသည့် နိုင်ငံများလည်းရှိနေပြီး ပိုတိုးလာသော နိုင်ငံများလည်း ရှိနေသည်။ ဆင်းရဲသော နိုင်ငံများဘက်မှာ ဆေးလိပ်သောက်နှုန်းတွေ တက်နေဆဲ ဖြစ်သည်။
မည်မျှဆင်းရဲပါစေ ဆေးလိပ်ဝယ်သောက်ပြီး စည်းစိမ် ခံနိုင်လောက်အောင်တော့ ချမ်းသာကြသေးသည်ပဲ မဟုတ်ပါလား။ ဂျာမနီ၊ ပြင်သစ်၊ ဘယ်ဂျီယံ၊ ပေါ်တူဂီစသော ဖွံ့ဖြိုးပြီး နိုင်ငံများဘက်တွင်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဆေးလိပ်သောက်နှုန်းတွေ ကျဆင်းခဲ့သည့်တိုင် ယခုအခါ နောက်ဆုံး အကျနားတွင်သာ တ၀ဲလည်လည်ရပ်နေပြီး ဆက်မကျတော့ဘဲ ဖြစ်နေသည်။ ဆက်ကျသွားအောင် ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ လိုနေသည်။
မည်သို့ ကြိုးပမ်း ကြမည်နည်း။ မည်သူမျှ ဆေးလိပ်မသောက်ရဟု တားမြစ်ကြမည်လား။ မရနိုင်။ လူတိုင်း၏ လွတ်လပ်စွာ ရွေးချယ်ခွင့် သဘောအရ လူတစ်ယောက်ကို မည်သည့်အရာ ရွေးချယ်သင့်သည်၊ မည်သည့်အရာ မရွေးချယ်သင့်ဟု အကြံပြု လမ်းညွှန်လို့သာ ရမည်။ မည်သည်ကိုရွေးပါဟု အမိန့်ပေးပိုင်ခွင့် မရှိ။ ထို့အတူ မည်သူမျှ ဆေးလိပ် မထုတ်လုပ်ရဟု တားမြစ်ကြမည်လား။ ထိုသို့ လုပ်ခွင့်လည်း မရှိ။
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဆေးလိပ်တိုက်ဖျက်ရေး အားထုတ်မှုများကို ပြန်ကြည့်လျှင်လည်း အတင်းအကျပ် ဖိအားပေး နည်းလမ်းများမှာ အလုပ်မဖြစ်သည်ကို မြင်နိုင်သည်။ တရားဝင် ရောင်းချမှုများကို ပိတ်ပင်မည်ဆိုပါကလည်း တစ်ဖက်ကနေ တရားမ၀င် မှောင်ခိုဈေးကွက် ကြီးလာအောင် တံခါးဖွင့်ပေးလိုက် သကဲ့သို့သာ ရှိလိမ့်မည်။ နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် လုပ်နိုင်သည်မှာ ဆေးလိပ် မသောက်သေးသူတွေ မသောက်ဖြစ်အောင် ပညာပေးဖို့၊ သောက်နေသူတွေ ဖြတ်ဖြစ်အောင် စည်းရုံးဖို့၊ ဖြတ်ပြီးသားလူတွေ ပြန်မသောက်မိစေမည့် ၀န်းကျင်ကောင်းများ ဖန်တီးပေးဖို့ဖြစ်သည်။
မိမိဆေးလိပ် အငွေ့ကြောင့် အခြားသူများရှူမည့် လေထု ညစ်ညမ်းရသည်ကို ဆေးလိပ်သမားများ သိစေရမည်။ ဆေးလိပ် အငွေ့ကြောင့် ကိုယ့်မိသားစုဝင်တွေပါ အရွယ်မတိုင်မီ သေဆုံးနိုင်သည်ကို သိစေရမည်။ ဆေးလိပ်သည် စွဲလမ်းပြီး ဖြတ်မရသော အရာဖြစ်ရာ ဆေးလိပ်ဟူသည် တကယ်တမ်းတွင် စားသုံးသူကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသော ကုန်ပစ္စည်း မဟုတ်ကြောင်းလည်း လူအများ သိစေရမည်။
ဆေးလိပ်ကို ကန့်သတ်ထိန်းချုပ်ဖို့ အထိရောက်ဆုံး နည်းလမ်းကား အခွန် ဖြစ်သည်။
အခွန်ပညာရှင်များ အနေဖြင့် မှောင်ခိုတွေ လုပ်ငန်းအခွင့်သာသွားသည် အထိ အခွန်ကို မမြှင့်မိအောင် ချိန်ဖို့လိုသလို၊ ဆေးလိပ် သောက်သူတွေကို မတားနိုင်လောက်အောင်ထိ အခွန်နိမ့်နေခြင်းမျိုး မဖြစ်အောင်လည်း ချိန်ဆနိုင်ရမည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး ကတော့ အခွန်သည် ဆေးလိပ်တစ်ဘူး တန်ဖိုး၏ လေးပုံ သုံးပုံ ခန့်ဖြစ်သင့်သည်ဟု အကြံပြုထားသည်။ ဆေးလိပ်ခွန် တိုးကောက်လိုက်သည်နှင့် တစ်ပြိုင်နက် နယ်စပ်ဂိတ်တွေလုံအောင် လုပ်ဖို့ အစိုးရက ပြင်ဆင်ရမည်။
အခွန်တိုးလျှင် မှောင်ခိုသမား ခေတ်ထမည်။ နယ်စပ်က ခိုးသွင်းမည်။ လုံအောင် မပိတ်နိုင်လျှင် မှောင်ခိုဆေးလိပ်တွေ ပြည်တွင်းမှာ သောင်းကျန်းပြီး အခွန်တိုးကောက်ခြင်း ရည်ရွယ်ချက်လည်း ပျက်ယွင်းမည်။ ဗြိတိန်နိုင်ငံသည် နယ်စပ်ကို စနစ်တကျ ထိန်းချုပ်နိုင်ခြင်းကြောင့် နိုင်ငံတွင်း၌ ဆေးလိပ် မှောင်ခိုဈေးကွက်ကို (၂၁) ရာခိုင်နှုန်းရှိ နေရာမှ ကိုးရာခိုင်နှုန်းသို့ ကျုံ့ဆင်းသွားအောင် ချုံ့ပစ်နိုင်ခဲ့သည်။
အများပြည်သူဆိုင်ရာ နေရာများမှာ ဆေးလိပ် မသောက်ရဟု တားမြစ်ခြင်းသည် ချက်ချင်းအကျိုးရှိစေသော နည်းလမ်းဖြစ်သည်။ အမေရိကနှင့် ဥရောပ ရှစ်နိုင်ငံတွင် လုပ်ထားသော စစ်တမ်းအရအများပြည်သူဆိုင်ရာ နေရာများမှာ ဆေးလိပ် သောက်ခွင့်ပိတ်လိုက်ပြီး နောက်တစ်နှစ်မှာပင်
ဆေးလိပ်နှင့်ဆက်စပ် နှလုံးရောဂါဖြင့် ဆေးရုံရောက်သူ (၁၇)ရာခိုင်နှုန်း လျော့သွားသည်။ အများပြည်သူ ပညာပေး လှုပ်ရှားမှုများလည်း ထိရောက်သည်။
ဆေးလိပ်ကြောင့် ဆိုးကျိုးရောဂါအမျိုးမျိုး ခံစားရသူများ၏ပုံများကို ပြသခြင်းနည်းလမ်းဖြင့် အမေရိကန်တွင် လူပေါင်း တစ်သိန်းလောက် ဆေးလိပ်ဖြတ်အောင် စည်းရုံးနိုင်ခဲ့သည်။ ဆေးလိပ် ဖြတ်ခြင်းသည် ငွေကြေးအားဖြင့်လည်း အမြတ်အစွန်း ထွက်သော လုပ်ရပ်ဖြစ်သည်။ ဒိန်းမတ် စစ်တမ်းတစ်ရပ်အရ ဆေးလိပ် ဖြတ်လိုက်သူများသည် ဘ၀တစ်သက်တာတွင် ဒေါ်လာ (၂၇၄၀၀) လောက် ပိုပိုင်ဆိုင်ခွင့် ရကြကြောင်း သိရသည်။ ဆေးလိပ် ၀ယ်သောက်မည့် ပိုက်ဆံ အပို ထွက်လာသလို ဆေးလိပ်ဆက်စပ် ရောဂါ မခံစားရတော့သောကြောင့် လုပ်ကိုင်နိုင်စွမ်းတိုးကာ ၀င်ငွေပိုလာခြင်းလည်း ဖြစ်သည်။ ကိုစတာရီကာနှင့် ဖိလစ်ပိုင်တွင် ဆေးလိပ်ဖြတ်ချင် သူများကို ဖုန်းမက်ဆေ့ခ်ျပို့၍ အားပေးသည့် စနစ် ကျင့်သုံးကြည့်ရာ ဆေးလိပ်ပြတ်သူ နှစ်ဆတိုးလာသည်။ အီလက်ထရောနစ် ဆေးလိပ်များကလည်း အကျိုးပြုသည်။ ဗြိတိန် ဆေးလိပ်ဖြတ်သူ ခုနစ်ရာခိုင်နှုန်းသည် ပုံမှန် ဆေးလိပ်အစား အီလက်ထရောနစ် ဆေးလိပ်ကို သောက်ရင်း ဖြည်းဖြည်းချင်း ဆေးလိပ်ပြတ်သွားသည်။
ဇူလိုင် (၇)တွင် ထုတ်ပြန်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး စာရင်းအရ တူရကီတစ်နိုင်ငံသာ ဆေးလိပ်သောက် သူများ ဖြတ်ဖြစ်အောင်၊ ပြတ်သွားအောင်၊ မသောက်သူများ မသောက်အောင်၊ လိုအပ်သော စည်းမျဉ်းစည်းကမ်းနှင့် ၀န်းကျင် အခြေအနေကောင်းများ ပြည့်ပြည့်စုံစုံ ဖန်တီးထားနိုင်ကြောင်း သိရသည်။ အခြား အစွန်းတစ်ဖက်တွင်ကား အင်ဒိုနီးရှားသည် ဆေးလိပ်တားဆီးရေး စည်းမျဉ်း စည်းကမ်းနှင့် ၀န်းကျင်အခြေအနေမှာ အချို့တဲ့ဆုံး ဖြစ်နေသည်။ ဥပဒေများ ပြဌာန်းထားသော်လည်း ယိုပေါက် ဟာပေါက်တွေ များနေသည့် နိုင်ငံတွေက အများကြီး။ ဥပမာ ပြင်သစ်မှာဆိုလျှင် စားသောက်ဆိုင်ကဲ့သို့ အများပြည်သူဆိုင်ရာ နေရာတွင် ဆေးလိပ် သောက်ခွင့် မရှိဟု သတ်မှတ်ထားသည့်တိုင် လိုက်ကာလေးများနှင့် အလုံပိတ် နေရာလေးများ လုပ်ပေးထားခြင်းဖြင့် ဥပဒေကိုရှောင်ကာ အများပြည်သူနေရာတွင် ဆေးလိပ်သောက်နိုင်အောင် ဖန်တီး ပေးနေကြသည်။
ဆေးလိပ်ကုမ္ပဏီကြီးများ၏ လော်ဘီ လုပ်ခြင်း၊ နိုင်ငံရေးအရ လွှမ်းမိုးကာ ဆေးလိပ်လုပ်ငန်း အသာစီးရအောင် ဆောင်ရွက်ခြင်းများကို ကျော်လွှားနိုင်သော အစိုးရ များအတွက် ဆုလာဘ်များရှိသည်။ တူရကီတွင် ဆေးလိပ်ထိန်းချုပ်ရေး ဥပဒေ ပြဌာန်းပြီး နောက်ပိုင်း ရှစ်နှစ်အတွင်း အမျိုးသားများ ဆေးလိပ်သောက်နှုန်း(၅၂) ရာခိုင်နှုန်း မှ (၄၁)ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ ဥရောပတွင် ဆေးလိပ်သောက်သူ (၃၀) ရာခိုင်နှုန်းသည် ဆေးလိပ်ပြတ်ကုန်ကြပြီ။
ယနေ့ နည်းပညာဈေးကွက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများက ဖွံ့ဖြိုးပြီး နိုင်ငံများကို ခုန်ပျံ ကျော်တက်နေကြပြီ။ နည်းပညာ ဈေးကွက်တွင် သာမက ဆေးလိပ် တားဆီးရေးကဲ့ သို့သော လူမှုစီးပွား ကျန်းမာရေး ကဏ္ဍတွင်လည်း အလားတူ ခုန်ကျော် တက်နိုင်စရာများ ရှိနေသည်။ ပြီးခဲ့သည့် နှစ်ပေါင်း (၅၀)နီးပါး ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် ဆေးလိပ်ဒဏ် ကောင်းကောင်းခံခဲ့ရပြီး ပြည်သူအများ ဆေးလိပ်
ပြတ်ကြရေးအတွက် သင်ခန်းစာ ခါးခါးသီးသီးများ ရယူခဲ့ရသည်။
ဝင်ငွေနိမ့်နှင့် အလယ်အလတ် နိုင်ငံများ အနေဖြင့် နိုင်ငံကြီးများ၏ ခါးသီးစွာ သင်ယူခဲ့ရသော သင်ခန်းစာများကို တစ်ထိုင်တည်းနှင့် သင်ယူမှတ်သားခွင့်ရကြသည်။ သို့ဖြစ်ရာ မိမိတို့ နိုင်ငံသားများ ဆေးလိပ်မစွဲခင်ကတည်းက မည်သို့ တားဆီးသင့်သည်ကို ကောင်းကောင်း နည်းမှီးခွင့် ရကြသည်။ နိုင်ငံ့ငွေ ကုန်ကျစရိတ် နည်းနည်းဖြင့် ကြိုတင်တားဆီးနိုင်မည့် နည်းလမ်းများပါ ရှိနေသည်ဖြစ်ရာ လက်တွေ့ လုပ်နိုင်သော အစိုးရများအနေဖြင့် နိုင်ငံသားများ အရွယ်မတိုင်မီ သေဆုံးမှု၊ မိသားစုများ ဒုက္ခရောက်ရမှုများကိုပါ လျှော့ချနိုင်သွားမည် ဖြစ်သည်။
Ref: Smoking - Quitting is so hard (The Economist)
http://messengernewsjournal.com/news/Article/detail.php?id=40504

No comments:
Post a Comment