စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရေဘေးက ပေးခဲ့သော သင်ခန်းစာ

သစ်ခဲဆည်ကျိုးပေါက်သည့်အတွက် ကားလမ်းပေါ်သို့ရေလျှံလာရာ ဆိုင်ကယ်ကိုသယ်ဆောင်နေသော ဒေသခံများ/ဓာတ်ပုံ - မျိုးမင်းဦး
နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးရေဘေးကို စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ကြုံ့တွေ့ နေရသည်။ ကားလမ်းနှင့် ရထားလမ်းများ ရေကျော်သဖြင့် လမ်းပန်းဆက်သွယ်ရေးများ ရပ်ဆိုင်းသွားသည်။ ကျေးရွာအုပ်စုပေါင်း တစ်ရာကျော် လွှမ်းမိုးခံရသဖြင့်ဒုက္ခသည်ပေါင်း သုံးထောင်ခန်အား ရေလွတ်ရာသို့   ရွှေ့ပြောင်းထားရသည်။

ချောင်းမြောင်းမှ စီးကျလာမည့် ရေလွှမ်းမိုးမှုအပြင် ဆည်တာတမံပတ်လည်ဝိုင်း၍ ရှိနေသော စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် အချို့တွင် မည်သည့်အချိန် ဆည်ကျိုးပေါက်မည်ကို ရင်တမမဖြင့် စိုးရိမ်စွာ စောင့်ကြည့်နေခဲ့ရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်တာတမံများကို စီးဆင်းသည့် ချောင်းမြောင်းများရေ လျှံတက်ခဲ့ပြီး ဆည်အတွင်းရေဝင်ရောက်မှုလည်း များခဲ့သည်။
   ဆည်ကျိုးပေါက်မှု မရှိခဲ့ သော်လည်း ရေကျော်မှုကို မထိန်း နိုင်သဖြင့် မင်းမြင်ဆည်အနီးတစ်ဝိုက် ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

ကန့်ဘလူမြို့နယ်ရှိ မင်းမြင်ဆည် ရေလျှံနေစဉ်/ဓာတ်ပုံ - ဘိုနာ

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ဘုတလင်မြို့နယ်ရှိ မြေသားနှင့် ချောင်းပိတ်၊ မြောင်းပိတ် ပြုလုပ်ထားသော သစ်ခဲဆည်ကျိုးပေါက်ခဲ့သော်လည်း  လူအများစိုးရိမ်ကြောင့်ကြခဲ့သည့်  မင်းမြင်ဆည်မှာ ရေကျော်မှုသာဖြစ်ပေါ်ခဲ့သည်။
‘‘တာတမံရေမကျော်အောင်တော့ သဲပီနံအိတ်တွေနဲ့ တောင့်ခံထားခဲ့ပါတယ်။ လေးနာရီ၊ ငါးနာရီအထိ ကျော်ခဲ့ပါတယ်။ ကျိုးတော့ မကျိုးခဲ့ပါဘူး’’ဟု မင်းမြင်ဆည်စီမံကိန်းမှ ဆည်မြောင်းအင်ဂျင်နီယာဦးဇော်ဦးက ပြောသည်။

ယခုတစ်ကြိမ် ရေကြီးမှုတွင် ဆည်မြောင်းတာတမံများ အများဆုံးရှိသောဒေသဖြစ်ခဲ့၍ ဆည်များကျိုးမည်၊ ပေါက်မည်ကို ပြည်သူများ စိုးရိမ်ခဲ့ရသည်။ ရေလွှမ်းမိုးမှု၏ အဓိကတရားခံမှာ ဆည်နှင့်ရေကာတာများဖြစ်ကြောင်း ဒေသခံများက ယုံကြည်နေကြသည်။ထို့အပြင် အညာဒေသ၌ ယခုကဲ့သို့ရေဘေးသင့်မှု ကြုံတွေ့ရခြင်းသည် သစ်တောများ ပြုန်းတီး၍မိုးရေများကို မြေအောက်စုပ်ယူနိုင်မှု အားနည်းသွားခြင်းကြောင့်လား၊ရာသီဥတု  ပြောင်းလဲမှုကြောင့်လား၊ ဆည်များ၏ အရည်အသွေးညံ့ဖျင်းမှုကြောင့်လား စသည့် အချက်များကို ပညာရှင်များက သုံးသပ်ဆန်းစစ်မှုများ၊ မေးခွန်းထုတ်မှုများပေါ်ထွက်နေသည်။

  မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပါက ဆည်ရေကျော်ခြင်းနှင့်ဆည်ကျိုးခြင်းပြဿနာများက ကြုံတွေ့နေရဆဲဖြစ်ခြင်းအပေါ် ပညာရှင်များက အဓိကမေးခွန်းထုတ်ခဲ့ကြသည်။
ဆည်စီမံကိန်းများ၏အရည် အသွေး၊ တည်ဆောက်ခဲ့သော ဆည်စီမံကိန်းများသည် သဘာဝဘေးအန္တရာယ်ကို အခြေခံတွက်ချက်ခြင်းရှိ၊ မရှိ ဆည်စီမံကိန်းများ၏ ရေဝေရေလဲဒေသများရှိ သဘာဝပတ်ဝန်းကျင် အခြေအနေများကို မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
‘‘အခုဆောက်ထားတဲ့ ဆည်စီမံကိန်းတွေက ရာသီဥတုပြောင်းလဲမှုကို မျှော်ကိုးပြီး တွက်ထားတာ မရှိဘူး။ အခုပြောင်းလဲပြင်ဆင်ဖို့တော့လိုနေတယ်’’ဟု တာတမံကြီး  များကော်မတီမှ အဖွဲ့ဝင် ဦးချိုချို က ပြောသည်။

  ယခုတည်ဆောက်ထားသော ဆည်စီမံကိန်းကြီးများ၏ ဒီဇိုင်းသည် လွန်ခဲ့သည့် နှစ်တစ်ထောင်အတွင်း ကြုံတွေ့ခဲ့ရသည့်ရေလွှမ်းမိုးမှုကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အင်ဂျင်နီယာ ဦးစိုးမင်းလွင်ကမူ ပြောသည်။
ဆည်၏ ရေသိုလှောင်မှုစွမ်းရည်နှင့် တမံအမြင်ကို ဆည်ရေသောက်လယ်ယာများ၏ ရေလိုအပ်မှု အခြေခံကာ တွက်ချက်ထားခြင်းဖြစ်ကြောင်း၊  သုတေသန လေ့လာချက်အရ အမြင့်ဆုံးဖြစ်ခဲ့ဖူးသည့် မိုးရေချိန် လက်မထက် ပို၍ တွက်ချက်၍ ရေပိုလွှဲဒီဇိုင်းကို တွက်ချက်ထုတ်ယူရကြောင်း အင်ဂျင်နီယာ ဦးစိုးမင်းလွင်ကပြော သည်။

ဆည်တစ်ခုတွင် သိုလှောင် နိုင်သည့်ပမာဏထက် ရေများပိုဝင်လာပါက မူလစီးဝင်လာသည့် ချောင်းမြောင်းအတွင်းသို့ ထုတ်ပစ်ရန် မြောင်းအဖြစ် ပြုလုပ်ထားသောအရာကို ရေပိုလွှဲဟုခေါ်သည်။ အကယ်၍ ပုံမှန်ပမာဏ ထက် ရေပိုဝင်လာပါက ဆည်အတွင်းရှိ ရေများ ဖောက်ထုတ်ရန် ရေပိုလွှဲတစ်ခုဖြင့် မရတော့ပေ။
ဤအခြေအနေသည် တံကျိုးပေါက်မှုကို ဖြစ်ပေါ်စေနိုင်သဖြင့်  နဂိုကတည်းက ဒီဇိုင်းဆွဲ တည်ဆောက်ထားသည့်  အရေးပေါ်ရေပိုလွှဲတစ်ခုမှ  ရေများကို စနစ်တကျ   ဖောက်ထုတ်ပစ်ရသည်ဟု  ဆည်မြောင်းကျွမ်းကျင်ပညာရှင်များက ဆိုသည်။

‘‘အရေးပေါ်ရေပိုလွှဲတစ်ခုကနေ စနစ်တကျတူးပြီး မူလချောင်း၊ မြစ်ထဲကို ရေကို လွှဲထုတ်ကြရပါတယ်။ ဆုံးရှုံးမှုမရှိတတ်ပေမယ့် တမံကျိုးသွားလို့ ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မပြောပလောက်ပါဘူး။ နောက်ပြီး အရေးပေါ်အခြေအနေမျိုးမှာ ၀န်ထမ်းအားလုံးနေ့ရော ညပါ ရေကင်းစောင့်ကြည့်ပြီး အရေးပေါ် ကာကွယ်မှုတွေ လုပ်ကြရပါတယ်’’ဟု ဦးစိုးမင်းလွင်က ပြောသည်။

ကမ္ဘာ့နိုင်ငံများ၏ ရာသီဥတု ပြောင်းလဲဖြစ်စဉ်များကို တိတိကျကျမှတ်တမ်း  တင်နိုင်သည်မှာ သက်တမ်းအားဖြင့် ၁၅၀ ကျော်သာရှိသေးသည်။ မြန်မာနိုင်ငံ သည် အာရှတွင် ရုရှားနိုင်ငံပြီးလျှင် ဒုတိယမြောက် မိုးရေချိန် လက်မတိုင်းတာခဲ့သော နိုင်ငံဖြစ်သော်လည်း မိုးလေ၀သစခန်းများ တစ်မြို့နယ်တစ်ခုနှုန်းဖြင့် တည်ဆောက်ရန် အချိန်များစွာ လိုအပ်ဦးမည့် အခြေအနေရှိနေသည်။
 ၁၉၉၈ မှ ၂၀၀၉ အထိ မိုးလေ၀သစခန်းများမှ တည်ထောင်ရန် နိုင်ငံတကာအကူအညီ နည်းပါးခဲ့ပြီး အစိုးရက ငွေကြေးစိုက် ထုတ်ဆောင်ရွက်ခြင်းလည်း နည်းပါးခဲ့သည်ဟု  မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က  ပြောသည်။

ဂျပန်နိုင်ငံမှ မိုးလေ၀သနှင့် ဇလဗေဒပညာရှင်များက မြန်မာနိုင်ငံတွင်    မိုးလေ၀သစခန်းနှစ်ထောင်ကျော်နှင့် မြေငလျင်တိုင်း တာရေးစခန်း ၂၅၀ တည်ဆောက် ရန်လိုအပ်သည်ဟု တွက်ချက်ခဲ့ကြသည်။

မိုးလေ၀သစခန်း၊ မိုးလေ၀ သဌာနအမည်အဖြစ် အစိုးရက သတ်သတ်မှတ်မှတ်အမည်ပေး ထားသည်မှာ ၁၉၆၅ တွင်ဖြစ်၍ သတ်တမ်းအားဖြင့် အနှစ်၅၀ ခန့်သာရှိသေးသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်  မိုးလေ၀သနှင့်  ဇလဗေဒနှင့်ပတ်သက်၍ နှစ် ပေါင်း ၅၀ ကျော်သာ မှတ်တမ်း မှတ်ရာများရှိနေပြီး ကမ္ဘာ့ မှတ်တမ်းများတွင် နှစ်ပေါင်း ၁၅၀ ခန့် သာ မှတ်တမ်းရှိနေခြင်းဖြစ်သည်။

‘‘လွန်ခဲ့တဲ့နှစ်တစ်ထောင်အ တွင်းမှာဖြစ်ခဲ့တဲ့ ရေကြီးရေလျှံမှု ဆိုတာ ကွန်ပျူတာနဲ့တွက်ချက် ထုတ်ထားတာပါ။ ကမ္ဘာ့နိုင်ငံတွေလည်း ဒီလိုပဲတွက်ချက်ထုတ်ကြ တာပါပဲ။ မြန်မာနိုင်ငံတစ်ခုတည်းက ဆည်တွေပဲ ရေလျှံတာဖြစ်တာ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံမှာလည်း ဖြစ်ပါတယ်။ အဓိကပြောချင်တာက တွက်ချက်တဲ့နည်းပညာထဲမှာ ရာသီဥတုပြောင်းလဲခြင်းကို ထည့်သွင်းစဉ်းစားဖို့ပြောချင်တာပါ’’ဟု ဆည်မြောင်းဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးချိုချိုကပြော သည်။
မြန်မာနိုင်ငံတွင် တည်ဆောက်ခဲ့သည့်

ဆည်တာတမံများသည် နှစ်တစ်ထောင်အတွင်းဖြစ် နိုင်ခြေရှိသည့် ရေလွှမ်းမိုးမှုနှင့် မိုးရေချိန်လက်မကိုကြည့်ကာ တွက်ချက်ခဲ့သည်ဟု   ဆိုထားသော်လည်း လက်ရှိမြန်မာနိုင်ငံ အနှံ့ အပြားတွင် မိုးလေ၀သစခန်းများ မှာ နေရာအနှံ့ဖွင့်လှစ်ခြင်းမရှိသေး ပေ။
‘‘ဒီအတိုင်းပစ်စလက်ခတ် တော့ ဆောက်တာမဟုတ်နိုင်ပါ ဘူး။ မှန်ပါတယ် ဒါတွေကိုအခြေခံ ပြီးဆောက်တာတော့ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မိုး လေ၀သစခန်းတွေက ဆောက်ဖို့ လိုနေသေးပါတယ်။   လုံလုံ လောက်လောက်မရှိပါဘူး’’  ဟု မိုးလေ၀သပညာရှင်ဒေါက်တာ ထွန်းလွင်ကပြောသည်။

ဆည်တာတမံဟုပြောရာ၌ လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍ တွက်ချက်ထားသည့် ဆည်စီမံကိန်း၊ လျှပ်စစ်ဓာတ်အားထုတ်ယူမှုကို အခြေခံ၍ တွက်ချက်ထား သည့် ဆည်စီမံကိန်းနှစ်ခုရှိသည်။ မည်သည့်အတွက်ဆည်စီမံကိန်း ကို တည်ဆောက်သည်ဖြစ်စေ ဒေသအတွင်းဖြစ်ပေါ်နေသည့် မိုးရေ ချိန်  လက်မ အချက်အလက်ကို တော့  ရယူရသည်။

ရယူထားသည့် မိုးရေချိန် လက်မကို အခြေခံဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သောကြောင့် ဆည် စီမံကိန်းများမှ ရေများထိန်းမထား နိုင်ခြင်း၊ ရေလွှမ်းမိုးခြင်းပြဿနာ သည် ရရှိထားသည့် မိုးလေ၀သ အချက်အလက်ပေါ်မူတည်သည်။ မြန်မာနိုင်ငံတွင် တည်ဆောက် ထားသည့် ဆည်များသည် အဆို ပါအချက်ကို အခြေခံ၍ ဒီဇိုင်းရေး ဆွဲထားသည်ဟု ဆည်မြောင်း ပညာရှင်များက ဆိုသည်။
ထိုအချက်အလက်များကို အခြေခံ၍ တွက်ချက်ထားသော်လည်း ဆည်တာတမံများ ရေမရ ဘဲ ခန်းခြောက်သည့်ကိစ္စ၊ ရေလျှံ ခြင်း  ကိစ္စများဖြစ်ပေါ်နေသော ကြောင့် အဆိုပါအဖြစ်အပျက်များကို အငြိမ်းစားဆည်မြောင်းပညာ ရှင်များအားမေးမြန်းရာတွင် ဒီဇိုင်း ရေးဆွဲသူနှင့် ရေးဆွဲပြီး ဒီဇိုင်းကို အကောင်အထည်ဖော်သူမှာ သီး သန့်ဖြစ်သောကြောင့် ကွာဟမှု များရှိနိုင်သည်ဟု ဆည်မြောင်း ပညာရှင်များက ဆိုကြသည်။

‘‘ဆည်ဆောက်ဖို့ သိန်းငါး ထောင်ချပေးတယ်။ အဲဒါကို ငါး ထောင်မသုံးဘဲ နှစ်ထောင်လောက် အိတ်ထဲထည့်မယ် ဆိုရင်တော့ ဘယ်လောက် မှန်ကန်အောင် ဒီဇိုင်းဆွဲဆွဲ မှားတဲ့ ရလဒ်ပဲ ထွက် မှာပဲ’’ဟု အမည်မဖော်လိုသူဆည် မြောင်းပညာရှင်တစ်ဦးက ပြော သည်။

အထက်ပါပုဂ္ဂိုလ်က ပြော ကြားသည်မှာ ယင်းဆည်မြောင်းဒီ ဇိုင်းဌာနတွင် လုပ်ကိုင်နေစဉ် ဆုံးဖြတ်ချက် ချနိုင်သော အဆင့်ရှိ သူက ကုန်ကျစရိတ် ကျပ်သိန်း သုံးထောင်ကုန်ကျမည့် ဆည်တမံ တစ်ခုကို ကျပ်သိန်းနှစ်ထောင်ဖြင့် လျှော့တွက်ချက်၍ ဒီဇိုင်းထုတ်ရန် ပြောဆိုမှုမျိုး ကြုံခဲ့ဖူးကြောင်းပြော သည်။
‘‘တချို့ဆည်တွေ ခိုင်မာမှု လျော့ရဲခဲ့တာတွေဖြစ်ခဲ့တယ်။ လုပ်ရဲတဲ့အပေါ်မှာမူတည်တယ်။ ကျွန်တော်ကတော့ နဂိုကတည်းက မဆောက်ချင်မဆောက်နဲ့။ ဒီ ဒီဇိုင်းကတော့ လျှော့လို့မရဘူးလို့ ပြောခဲ့တယ်’’ဟု အထက်ပါ အမည်မဖော်လိုသူ ပုဂ္ဂိုလ်က ထပ်မံ ပြောသည်။

မြန်မာနိုင်ငံသည် အဂတိလိုက် စားမှုတွင် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ခဲ့ခြင်းကြောင့် ၀န်ကြီးဌာန အသီး သီး၌ အကောင်အထည်ဖော်ခဲ့ သော စီမံကိန်းများသည်လည်း အနည်းနှင့်အများ အဂတိလိုက်စားမှုများရှိနိုင်သည်ဟု ပညာရှင်များကဆိုကြသည်။

ထို့အပြင် ရေဝေရေလဲဒေသများတွင် ပြုန်းတီးနေသော သစ် တောများကလည်း ဆည်စီမံကိန်း ကိုခြိမ်းခြောက်လျက်ရှိကြောင်း ဆည်မြောင်းပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများကဆိုသည်။

‘‘အပင်မရှိတော့တဲ့သစ် တောတွေ၊ စည်းကမ်းမဲ့သတ္တုတွင်း တွေက ရာသီဥတုဖောက်ပြန်လာ ချိန်မှာတော့ ပုံမှန်မဟုတ်တဲ့ ရေလွှမ်းမိုးမှုတွေကြုံလာရတော့တာ ပဲ’’ဟု ဆည်မြောင်းပညာရှင်ဦးစိုးမင်းလွင်ကပြောသည်။
မင်းမြင်ဆည် ရေကျော်မှု သည် ကန့်ဘလူမြို့နယ်အတွင်း စံ ချိန်တင်ရွာသွန်းခဲ့သော မိုးရေချိန် ကြောင့်ဟုဆိုသော်လည်း ကန့်ဘ လူ၊ ကောလင်းနှင့် ၀န်းသိုနယ် တစ်ဝိုက်တွင် ဆည်များသို့ စီးဝင်သည့်ချောင်းမြောင်းများသည် ရွှေတူးဖော်မှုများကြောင့် တိမ်ကော ခဲ့ရသည်ဟု ဒေသခံများက ဆို ပါသည်။

‘‘အခု ကောလင်းတစ်ဝိုက်ရေ ကြီးတာက မင်းမြင်ဆည်ကြောင့် မဟုတ်ဘူး။ သဖန်းဆိပ်ဆည်ကို စီးဝင်မယ့်ရေထွက်ပေါက်တွေက ရွှေသတ္တုလုပ်ကွက်တွေကြောင့် ပိတ်တာရှိသလို မကြာခင်ဖောက် လိုက်တဲ့ ကျွန်းလှ-ကောလင်း လမ်းနဲ့ တံတားကြီးကြောင့်လည်း ပျက် သွားတယ်။ စီးစရာချောင်းက တစ်ခုပဲရှိတော့ အရှိန်အဟုန်နဲ့ စီးလာတာ။ ရေတွေက ထွက်စရာမရှိ တော့ ဒုက္ခရောက်နေတာ’’ဟု ကောလင်းမြို့နယ်တွင်ကယ်ဆယ် ရေးဆောင်ရွက်ပေးနေသည့် မြို့ခံ ကိုအောင်မျိုးဝေကပြောသည်။

ယင်း ဒေသတစ်ဝိုက်တွင် ဆည်ရေသောက် လယ်များအတွက် ဆည်တာတမံစီမံကိန်းများ တည်ဆောက်ထားသော်လည်း အချို့သောနှစ်များ၌ ရေအလုံ အလောက်မရရှိကြောင်း ဒေသခံ များနှင့် ဆည်မြောင်းပညာရှင်များကဆိုသည်။


ရေဘေးသင့်သူများအား ထမင်းထုပ်များ လိုက်လံဝေပေးနေစဉ်/ဓာတ်ပုံ − MOI

ရေကြီးရေလျှံမှု ကြုံတွေ့နေ ရသော ကန့်ဘလူမြို့နယ်ရှိ မြေ များသည် ရေကိုမထိန်းနိုင်သည့် မြေများဖြစ်နေခြင်းနှင့် စံပယ်နံ့သာ ကြိုးဝိုင်းသည် သစ်တောများပြုန်း တီးကုန်သောကြောင့် ယခုကဲ့သို့ အခြေအနေဆိုးခဲ့ခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင် ဦး မောင်မောင်သန်းက ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၁၈ ရက်ညက ရေးသားခဲ့သည်။
မြန်မာနိုင်ငံတွင် ရေကိုအသုံးချသည့်ဌာနသာရှိပြီး ရေဝေရေလဲ ထိန်းသိမ်းစောင့်ရှောက်ရန် ဌာနခွဲ တစ်ခုကိုသာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့သည်ဟု ဦးမောင်မောင်သန်းကပြောသည်။

ဖွဲ့စည်းထားသည့် ဌာနခွဲတွင် အာဏာနှင့်ဘတ်ဂျက်မရှိ သောကြောင့် ရေဝေရေလဲနှင့်ပတ် သက်၍ ဥပဒေများပြဋ္ဌာန်းရန် လို အပ်နေကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းများနှင့် အခြားတာတမံ ဆည် စီမံကိန်းများတည်ဆောက် ရန် တွက်ချက်သည့်အခါ ရေဝေရေလဲဒေသ၏  ဂေဟစနစ်ကို ထည့်သွင်း တွက်ချက်ရန်လိုအပ် ကြောင်း ၎င်းကပြောကြားသည်။

‘‘လျှပ်စစ် ဒါမှမဟုတ် စိုက်ပျိုးရေးကရတဲ့အခွန်တွေပြန်ပေး ပြီး ဒီနေရာကို ထိန်းသိမ်းဖို့ အဲဒီမှာ မှီတင်းနေထိုင်ကြတဲ့လူတွေကို ပြန်ထောက်ပံ့ဆောင်ရွက်ပေးဖို့ ပါပဲ’’ဟု ဦးမောင်မောင်သန်းကဆို သည်။


ရေဘေးကြောင့် အညာကျေးရွာများသည် ပင်လယ်ပြင်အလား ဖြစ်ခဲ့သည်။/ဓာတ်ပုံ − MOI
ဆောက်လုပ်ပြီး ဆည်စီမံကိန်းများသည် ရေဝေရေလဲဒေသ များအတွက် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှု အစီအစဉ်ကို ရေးဆွဲထားမည်ဖြစ်သလို သဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုအစီအစဉ်များလည်း ရေးဆွဲရမည်ဟု ၎င်းက ဆိုသည်။

‘‘သေချာလုပ်ခဲ့တဲ့ ဆည်တွေ ရှိသလို မလုပ်ခဲ့တဲ့ ဆည်တွေ လည်းရှိပါတယ်။ ဆည်တွေကို ပြန်ပြီး EIA မလုပ်ရင်တောင်မှ Environmental Management Plan ( သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအမံများ)၊ Disaster Management Plan (သဘာဝဘေးအနရာယ် စီမံခန့်ခွဲမှုအစီအမံများ)ဆွဲခိုင်းရမှာပါ’’ ဟု ဦးမောင်မောင်သန်းက အကြံ ပြုသည်။

ကန့်ဘလူမြို့နယ်ရှိ မင်းမြင် ဆည်သို့ ဇူလိုင် ၂၀ ရက်တွင် သွားရောက်ခဲ့သော သမ္မတဦးသိန်းစိန် ကလည်း စစ်ကိုင်းတိုင်းရှိ ဆည် မြောင်းတာတမံများ ရေလျှံခဲ့ခြင်းကို နမူနာယူ၍ တစ်နိုင်ငံလုံးရှိ ဆည်တမံများ ကြံ့ခိုင်မှု စစ်ဆေး ဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား မှာကြားခဲ့သည်ကိုလည်း တွေ့ရသည်။
အနာဂတ် ဆောက်လုပ်မည့် ဆည်စီမံကိန်းများသည် အထက်ပါအချက်များ သတိထားရမည် ဖြစ်ပြီး ဆောက်လုပ်ပြီး ဆည်စီမံကိန်းများကလည်း ရှေ့လာမည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို လိုက်၍ လိုအပ်သည့် နည်းပညာများ ထပ်မံဖြည့်ဆည်းခြင်းများ ဆောင်ရွက်ရမည်ဟု ပညာရှင်များက အကြံပြုထားသည်။

http://www.7daydaily.com/story/42379

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...