အမှိုက်က ရွှေဖြစ်သည်ဟု ဆိုခြင်းကြောင့် စာဖတ်သူတို့ အနေဖြင့် “အမှိုက်ကနေ ဘယ်လိုများ ရွှေဖြစ်သွားတာလဲ” ဟူ၍ ဇဝေဇ၀ါဖြင့် မေးခွန်းများ မေးလိုကြပေမည်။ အမှန်တကယ်အားဖြင့် “အမှိုက်” တကယ်စင်စစ် ဟုတ်သည် မှန်သော်လည်း “ရွှေ” ဟူသည်ကား သူ၏အောင်မြင်စွာ စွမ်းဆောင်နိုင်မှု တို့ကိုသာ ရည်ညွှန်းလိုရင်း ဖြစ်သည်။
သူ့ကို ရန်ကုန်ကဲ့သို့သော မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ ကျသည့် မြို့ကြီး တစ်မြို့၌ ဆာကူရာ ဦးဌေးအောင်ဟူ၍ စီးပွားရေး လောကသားတို့ အကြား လူသိများသည်။ သို့သော်သူက ရန်ကုန် ဇာတိတော့ မဟုတ်။ တောမှာမွေး တောမှာကြီးပြင်းပြီး လူလားမြောက်သည့် အရွယ်မှ မြို့ပေါ် ရောက်လာခြင်း ဖြစ်သည်။
““အမှိုက်ကနေ ရွှေဖြစ်တယ် ဆိုတာကို ကျွန်တော့်အနေနဲ့ တကယ့်ကို ဘ၀ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေကနေ သိခွင့်ရခဲ့တဲ့ ဘ၀ရဲ့ အနှစ်သာရ ဒဿနတစ်ခုပဲ”” ဟု ဆိုလာသူက ဆာကူရာ ဦးဌေးအောင်ပင်။
ဦးဌေးအောင် တစ်ယောက် မာစတာ ဘွဲ့ယူရန် အတွက် ဂျပန်နိုင်ငံကို ပညာတော်သင် သွားခဲ့သည်။ ပညာတော်သင်ဆို၍ အစိုးရက နိုင်ငံတော် စရိတ်ဖြင့် စေလွှတ်ခြင်း မဟုတ်။ မိမိစရိတ်ကို မိမိရှာဖွေ စုဆောင်း၍ သွားရောက်ခဲ့ရခြင်းသာ ဖြစ်သည်။
ထိုကဲ့သို့ ဂျပန်နိုင်ငံ၌ ပညာတော်သင် ရောက်ရှိနေစဉ် အတွင်း တက္ကသိုလ် ၀င်ခွင့်ရရန် ကျောင်းသို့ နေ့စဉ်နီးပါး ရထားဖြင့် သွားနေရသည်။ ကျောင်းသို့ ရထားဖြင့် အသွားအပြန် အချိန် နှစ်လကျော် ကြာမြင်ခဲ့ပြီးနောက် ရထား သံလမ်းဘေး၌ မြင်တွေ့ဖြတ်သန်း သွားရသည့် သူတို့ (ဂျပန်) အခေါ် ကားသင်္ချိုင်း၊ ဦးဌေးအောင် အမြင် အမှိုက်ပုံကြီးကို စိတ်ရောက်၍ မျက်စိကျနေခဲ့သည်။
““နေ့စဉ် ဖြတ်သွား ဖြတ်လာနဲ့ အဲဒီအမှိုက်ပုံကြီးကို ကြည့်ကြည့်ပြီး ငါတော့ ဒီဟာတွေသာယူပြီး ရောင်းရရင် စီးပွားဖြစ်မှာပဲလို့ တွေးမိပြီး ကျောင်းကထွက်၊ စီးပွားရေး လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်”” ဟု စီးပွားရေး လောကအတွင်းသို့ ခြေစုံ ပစ်ဝင်ခဲ့မိပုံကို ဦးဌေးအောင်က ရယ်ရယ်မောမောဖြင့်ပင် ပြောဆိုသည်။
သို့သော် ထိုစဉ်က စီးပွားရေး လုပ်သည်ဟုသာ ပြောဆိုရသော်လည်း ဦးဌေးအောင်၌ အရင်းအနှီးက များများစားစား မရှိလှ။ ကျောင်းစရိတ် အတွက် ယူလာသည့် ဒေါ်လာ သုံးလေးထောင်မျှဖြင့် ဘ၀ကို စခဲ့ရခြင်းသာ ဖြစ်သည်။
ဦးဌေးအောင်က ကား၊တီဗွီ၊ ရေခဲသေတ္တာ၊ တီဗွီအောက်စက်၊ ဆိုင်ကယ် အစရှိသည်တို့ စုပြုံထားရာ အမှိုက်ပုံဆီသို့ ပုံမှန် သွားရောက်၍ ပြန်လည် အသုံးပြုနိုင်မည့် ကောင်းနိုးရာရာ ပစ္စည်းများကို ရှာဖွေ စုဆောင်းသည်။ မိမိအလိုရှိရာ ရှာဖွေ စုပုံပြီးနောက် အစောင့် ၀န်ထမ်းနှင့် ညှိနှိုင်း၍ ကုန်တင်ကား တစ်စီးစာလျှင် ဒေါ်လာ (၃၀၀)မျှဖြင့် ၀ယ်ယူပြီး သင်္ဘောဆိပ်ကို တိုက်ထုတ်သည်။
““ဆိပ်ကမ်းရောက်ပြီ ဆိုတာနဲ့ သင်္ဘောသား List (အမည်စာရင်း) ကို သွားကြည့်ရတယ်။ ကိုယ့်နိုင်ငံသား သင်္ဘောသားတွေပါပြီ ဆိုတာ သိလိုက်ရင် သယ်လာတဲ့ အဲဒီတစ်ပတ်နွမ်း ပစ္စည်းတွေကို ဆက်သွယ်ပြီး ပြန်ရောင်းတယ်”” ဟု သူအလုပ် လုပ်ပုံကို ဦးဌေးအောင်က စိတ်ရှည် လက်ရှည် ရှင်းပြသည်။
ထိုကဲ့သို့ အမှိုက်ပုံ အတွင်းမှ ပစ္စည်းများအား ဒေါ်လာငွေ (၃၀၀) ခန့် အရင်းအနှီးပြု၍ ဆိပ်ကမ်း၌ ပြန်လည် ရောင်းချသည်တွင် ကုန်ကားတစ်စီး တိုက်လျှင် ဦးဌေးအောင် အတွက် ဒေါ်လာ ငွေသုံးလေးထောင်မျိုး ပြန်ရသည် ဖြစ်ခြင်းကြောင့် အမြတ်အစွန်း မြိုးမြိုးမြက်မြက် ရရှိကြောင်း သူကဆိုသည်။
လုပ်နည်း လုပ်ဟန်အား သိလာ၍ လုပ်ငန်း ကျွမ်းကျင်လာသည်နှင့် အမျှ ဦးဌေးအောင် တစ်ယောက် ထိုမျှသော အမြတ်အစွန်းဖြင့် မတင်းတိမ်တော့၊ ဈေးကွက်ကို ပိုမိုချဲ့ထွင်ဖို့ ကြိုးစားလာရာတွင် ဂျပန်နှင့် ရန်ကုန်ကို ကူးချည် သန်းချည်ဖြင့် ပြည်တွင်းသို့ သယ်ယူရန် အကြံရလာခဲ့သည်။
““တချို့ကားတွေဆို အကောင်းတိုင်းပဲ။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ ပြည်တွင်းကို သယ်ဖို့ မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ သင်္ဘောသားတွေနဲ့ တစ်ခုပေး တစ်ခုသယ် ပုံစံမျိုးလုပ်ပြီး သူတို့ (သင်္ဘော) နာမည်နဲ့ သွင်းယူတယ်”” ဟု ဂျပန်ဆိပ်ကမ်း၌သာ အရောင်းအ၀ယ် ရောင်းဝယ်ခြင်းမျိုး မဟုတ်တော့ဘဲ ပြည်တွင်း ဈေးကွက်သို့ပါ ဖြန့်ချိနိုင်ရေး ဆောင်ရွက်ခဲ့ပုံကို ဦးဌေးအောင်က ပြောသည်။
ဤသို့ဖြင့် ဦးဌေးအောင် တစ်ယောက် အသက် (၃၀) မပြည့်မီ အချိန်၌ပင် ရန်ကုန်မြို့ရှိ ကြေးရတတ်များ နေထိုင်သော ဗဟန်း ရွှေတောင်ကြားနှင့် ၀င်ဒါမီယာ ကဲ့သို့သော စိပ်ငြိမ် ရပ်ကွက်များတွင် ခြံနှင့်ဝင်းနှင့် နေထိုင်နိုင်သည့် ဘ၀သို့ အဆင့်ဆင့် တိုးတက်လာခဲ့သည်။
ငွေကြေးဓနနှင့် စီးပွားဥစ္စာ ကြွယ်ပိုး ကြွယ်ဝ ရှိလာသည်နှင့် အမျှ ရန်ကုန် လူမှုအသိုက်အ၀န်း အတွင်း ၀င်ဆံ့လာသည့် အပြင် တပ်မတော် အစိုးရပိုင်းမှ အကြီးအကဲများဖြင့်လည်း ပြောနိုင်ဆိုနိုင် စကားလက်ဆုံ ကျလာနိုင်ခဲ့ပြီ ဖြစ်သည်။
ဘွဲရကျောင်းပြီးစ အချိန်က ဆည်မြောင်း ၀န်ကြီးဌာန လက်အောက်၌ အင်ဂျင်နီယာ ပေါက်စအဖြစ် သုံးနှစ် သုံးမိုး အမှုထမ်းခဲ့ ပြီးနောက် ဂျပန်ပညာတော်သင် ကိစ္စဖြင့် ၀န်ထမ်းဘ၀မှ ထွက်၍ စီးပွားရေး လောက အတွင်းသို့ ၀င်နိုင်ခဲ့၍ ယခုကဲ့သို့ မတောင့်မတ နေနိုင်သည့် အခြေအနေသို့ ရောက်ခဲ့ရသည်ကို ဦးဌေးအောင်က လူတစ်ယောက်၏ ဘ၀ကံကြမ္မာ အချိုးအကွေ့တစ်ခုအဖြစ်သာ မှတ်ယူထားသည်။
စီးပွားရေး လောကအတွင်း ဆာကူရာTradeing စင်တာအမည်ဖြင့် ကားတင်သွင်းမှု လုပ်ငန်းများကို ဆက်တိုက် လုပ်ကိုင်လာသည့် အပြင် စီးပွားရေး လုပ်ကိုင်သဖြင့် တပ်မတော် အစိုးရပိုင်းနှင့်လည်း နီးနီးကပ်ကပ် ဆက်ဆံခဲ့ရသည် များလည်း ရှိလာခဲ့သည်။
ထိုကဲ့သို့ ရှိစဉ်အတွင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၌ ယခင်က အစိုးရ ၀န်ထမ်းမှအပ အရပ်သား တစ်ဦး တစ်ယောက်မျှ ပါဝင်ခွင့်မရသည့် အချိန် ၁၉၉၄-၉၅ ခုနှစ်မှာ အလုပ် အမှုဆောင် တစ်ဦးအဖြစ်ဖြင့် ၀င်ရောက်၍ ဘောလုံး လောကကို တိုးတက်စေရန် အတွက် ငွေကြေး ထောက်ပံ့မှုများကို ဦးဌေးအောင်က လုပ်ဆောင်ခဲ့၏။
““အဲဒီတုန်းက အမျိုးသမီးအသင်းနဲ့ အမျိုးသားအသင်း နှစ်သင်းလုံးကို ကျွန်တော့် အိတ်စိုက် ဒေါ်လာ ငါးသောင်းကျော် အကုန်ကျခံပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှာ စခန်းသွင်း လေ့ကျင့်ပေးခဲ့တယ်”” ဟု စီးပွားရေး နယ်ပယ်၌ အခြေစိုက်လာ၍ နိုင်ငံ တိုးတက်ရေးပိုင်းတွင် ပါဝင်လာခဲ့ပုံကို ဦးဌေးအောင်က ပြန်ပြောင်း ပြောဆိုသည်။
အဆိုပါ ၁၉၉၅ ခုနှစ် ၀န်းကျင်က အမျိုးသား အသင်းမှာ အောင်ပွဲ မခံခဲ့နိုင်သော်လည်း မြန်မာအမျိုးသမီး အသင်းမှာ အရှေ့တောင် အာရှဖလား ဆွတ်ခူးနိုင်ခဲ့ကြောင်း သူကဆိုသည်။ ထို့ပြင်လည်း ဦးဌေးအောင်သည် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတဇာတိ ဖြစ်သည့် အလျှောက် ယခုလက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု လွှတ်တော် နာယက တာဝန် ထမ်းဆောင်လျက် ရှိသော ဦးသူရရွှေမန်း ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် တာဝန်ယူခဲ့စဉ်က တိုင်းဘောလုံး အသင်းကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
““၂၀၀၀ ပြည့်နှစ်လောက်က တိုင်းနဲ့ ပြည်နယ် အသီးသီး ဘောလုံးပြိုင်ပွဲမှာ ဧရာဝတီ အသင်းက ပြည်ထောင်စု ဖလားရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ အဲဒါလည်း ကျွန်တော်အိတ်စိုက် ပံ့ပိုးပေးခဲ့တာပဲ။ ဒါပေမဲ့ ဒီကနေ့ ဘောလုံးအဖွဲ့ချုပ် သမိုင်းစာအုပ်ပြုစုတော့ ကျွန်တော့် နာမည်ပါမလာဘူး”” ဟု ခံပြင်းသလို လေသံဖြင့် ဦးဌေးအောင်က ကျွန်တော့်ကို ပြောသည်။
သို့သော် သူကျွန်တော့်ကို ဆက်ပြောသည်က ထင်ပေါ်ကျော်ကြားလို၍၊ နာမည်ကြီးလို၍ မဟုတ်ဘဲ သမိုင်းအမှန်ကို ဖျောက်ဖျက်သည့် အပြုအမူမှာ မနှစ်မြို့ဖွယ်ရာ ဖြစ်၍ ဖြစ်ကြောင်း ဦးဌေးအောင်က ဆိုသည်။ ထို့ပြင် ရန်ကုန် မီးသတ်ဌာနချုပ်သို့ မီးသတ်ကား (၁၀) စီးကျော် လှူစဉ်ကပင် ကဗ္ဗည်းမထိုးခဲ့ဘဲ အထပ်မြင့် အဆောက်အအုံများအား ငြိမ်းသတ်နိုင်သည့် ဒုတိယမြောက် ကားကြီးလှူစဉ်ကသာ အလှူရှင် နာမည်ထိုးပါရစေဟု ခွင့်တောင်း၍ ထိုးခဲ့ကြောင်း သူကပြောသည်။
ဦးဌေးအောင်က စီးပွားရေး လုပ်ငန်းအရ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်အချို့နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိခဲ့သော်လည်း ခရိုနီများကဲ့သို့ သက်ဆိုင်ရာနှင့်ပေါင်းပြီး လုပ်ပိုင်ခွင့် ပါမစ်ယူ၍ စီးပွားရေး ရှာခဲ့ခြင်း မရှိသကဲ့သို့ အချိန်မရွေး သူ့လုပ်ငန်းများကို စစ်ဆေးခံနိုင်ကြောင်း ဆိုသည်။
““အထူးသဖြင့် ကျွန်တော်ဆို လိုချင်တာက အခြေခံ လူတန်းစားတွေရဲ့ ကုတ်သွေးကို စုပ်ပြီးစီးပွား မရှာချင်ဘူး။ ဥပမာ-မြေယာ ကိစ္စလိုဟာမျိုးပေါ့၊ ဟိုစီမံကိန်း ဒီစီမံကိန်း အတွက် မြေကွက်တွေ ယူရတာမျိုးကို ပြောချင်တာ”” ဟု ဦးဌေးအောင်က စီးပွားရှာမှုနှင့် ပတ်သက်၍ သူ့ခံယူချက်ကို ရှင်းပြသည်။
အသက်အရွယ် ငယ်စဉ်က ဟင်္သာတမြို့နှင့် မိုင် (၂၀) ခန့်ဝေးသည့် ရှားခဲ့ ရွာလေး၌ နေခဲ့စဉ်ကပင် မိဘများကရွာ၌ ကုန်စုံဆိုင်ကြီးဖွင့်၍ ပဲ၊ နှမ်း၊ စပါး အစရှိသော ဒေသထွက် သီးနှံများကို အခြေခံ၍ ပဲဖိုးစပါး ဖိုးပေးကာ အတိုးယူ၍ စီးပွားရှာသည်ကို ဦးဌေးအောင်က မနှစ်သက်။ ဖခင်နှင့် မကြာခဏ အတိုက်အခံ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
အခုတော့ သူဟိုစဉ်ကတည်းက ရည်မှန်းထားသည့် အတိုင်း အသက် (၅၇) နှစ်ပြည့်၍ (၆၀) တွင်း ၀င်လာသည့်တိုင် ငွေကြေး ချမ်းသာသူများသာ အသုံးပြုနိုင်သော ကားတင်သွင်းသည့် လုပ်ငန်း၊ ကြေးရတတ်များ ဆေးကုသမှု ခံယူနိုင်သည့် ဆာကူရာ ဆေးရုံနှင့် အိုလံပစ် ဟိုတယ် လုပ်ငန်းများအား မိသားစုပိုင် လုပ်ငန်းများအဖြစ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။
““ကျွန်တော် ခံယူတာက လူတစ်ယောက် အတွက် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ဆိုပြီး အရေးသုံးပါးရှိတဲ့ အနက်က စီးပွားရေး ကျွန်တော် ရှာနိုင်ခဲ့ပြီ၊ ဘာသာရေးနဲ့ ပတ်သက်ရင် နှစ်စဉ် ပဉ္စင်းဘောင် တက်ခဲ့တာ နှစ်(၃၅) ကြိမ်ရှိပြီ။ အခုလူမှုရေးတွေ စလုပ်ဖို့ အချိန်တန်လို့ တတ်နိုင်သလောက် လုပ်နေတယ်”” ဟု သူယုံကြည်ထားသည့်အတိုင်း ခိုင်မာစွာ ရပ်တည်သွားမည် ဟူသော ဟန်ပန်ဖြင့် ကျွန်တော့်ကို ပြောသည်။
လူမှုရေး လုပ်ငန်းများ၏ ပထမ ခြေလှမ်းအနေဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အတွက် ၂၀၁၄ ခုနှစ်၌ ကျင်းပသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ မဲအနိုင်ရ၍ စည်ပင်သာယာရေး လုပ်ငန်းများအား တာဝန် ထမ်းဆောင်နေပြီ ဖြစ်သည်။
ထို့ပြင်လည်း တစ်ဖက်မှ လူမှုရေး လုပ်ငန်းများ ဖြစ်သော နာဂထင်ဂူ၊ ရာဇဂြိုဟ်၊ မြတ်ရတနာ စဘော ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ၊ စမ်းချောင်း မုန့်လက်ဆောင်းကုန်းရှိ အခမဲ့ ဆေးခန်း၊ တောင်ဥက္ကလာ(၁၄) ရပ်ကွက် အခမဲ့ ဆေးခန်းနှင့် မြောက်ဥက္ကလာ(ဈ) ရပ်ကွက်ရှိ အခမဲ့ဆေးခန်း အပါအ၀င် တောင်ဒဂုံမြို့နယ် အတွင်း တစ်ပတ် ငါးရက် သီတင်း နည်လှည့် ဆေးကုသရေး အဖွဲ့များ၏ ဆရာ၊ဆရာမတို့ အတွက် လစဉ် လစာငွေ ကျပ်သိန်း (၂၀)ကျော် ထောက်ပံ့နေသူလည်း ဖြစ်သည်….။
messenger news journal
http://www.searchmyanmar.com/link/comment/cid/52394
No comments:
Post a Comment