မင်္ဂလာအပေါင်းခညောင်းပါစေလို့ ဆုမွန်တောင်းရင်း ဖတ်မိတဲ့ ပုံပြင်လေးကို ဝေငှပေးလိုက်ပါတယ်။
တစ်ခါတစ်ရံမှာ အရှိကို အရှိအတိုင်း ရိုးရိုးလေး မမြင်နိုင်သူတွေက ကိုယ်ထင်ရာကို အဟုတ်မှတ်လူတတ်ကြီးလုပ်ပြီး တစ်ဖက်ပုဂ္ဂိုလ်ရဲ့ စကားကို ငြင်းဆန်လိုက်တတ်ကြပါတယ်။ အဲဒီလို ငြင်းခုံကြရင်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။
မိမိတို့ရဲ့ ခန္ဓာက အနိစ္စလို့ပြောတယ် အဲဒါကို နိစ္စလို့ ထင်ရင်း အနိစ္စကို ငြင်းဆန်နေတတ်ပါတယ်၊ ဒုက္ခလို့ ရိုးရိုးလေး ပြောပြတာကိုလည်း သုခထင်တယ်ကွလို့ ကွန့်တတ်ကြပါတယ်၊ အနတ္တလို့ ခန္ဓာက အသံမြည်ပြပေမယ့် အတ္တလို့ ငြင်းခုံနေမိတတ်ပါတယ်။ ဒီလိုတွေ ငြင်းခုံရင်းနဲ့ အားကိုးမှားလိုက်ရင်တော့ မလိုလားအပ်တဲ့ ဆင်းရဲမှုဒဏ်ချက်တွေကို ကုန်းရုန်းခံစားရမှာ သေချာပါတယ်။
ဒါကြောင့် ခန္ဓာက ပြောတဲ့အတိုင်းရိုးရိုးလေးပဲ မြင်လိုက်ကြရအောင်ပါ...
ဖတ်မိတဲ့ ပုံပြင်လေးကတော့...အောက်ပါအတိုင်းပါ။
တစ်ခုသော လပြည့်နေ့အခါ ဥပုသ်သည် ဒကာမကြီး နှစ်ဦးတို့သည် အခြားမိန်းမကြီး ၀တ်ဆင်ထားသော လက်ဝတ်ရတနာနှင့် ပတ်သက်၍ “ဥဿဖရားပါရှင့်၊ စိန်အစစ်ပါရှင့်” အစရှိသည်ဖြင့် အငြင်းအခုံ အချင်းများကြလေသည်။
သံဘိုဆရာတော်ဘုရားကြီး ကြားသိတော်မူလေသော် ခေါ်ယူကြိမ်းမောင်းလျက် “ဒကာမကြီးတို့ အဖြစ်က ဒုဿီလပဲ၊ လောဘ ဒေါသ မောဟ တရားတွေကို မသိမ်းဆည်းနိုင်ရင် သံသရာလည်ဦးမယ်မှတ်၊ အကျိုးမရှိတဲ့ သမ္ဖပ္ပလာပ၀ါစာ စကားတွေ ပြောခြင်းဖြင့် အချိန်ကုန်မယ့်အစား မိမိစောင့်ထိန်းအပ်သော ဒါန သီလတို့ရဲ့ အကျိုးကျေးဇူးကို ဆင်ခြင်မှုဟာ ပစ္စုပ္ပန်သံသရာ နှစ်ဖြာကောင်းကျိုး ဖြစ်စေမယ်” ဟု ဆုံးမတော်မူပြီး “ ငါ့ဒကာမများက ဟိုရှေးက အငြင်းထွက်လို့ အရိုက်အနှက်ခံရတဲ့ သူငယ်ချင်း နှစ်ယေက်လို ဖြစ်နေပြီ “ ဟု မိန့်တော်မူလျက် အောက်ပါ ပုံပြင်ကို ဟောကြားတော်မူလေသည်။
တစ်ခါက တောရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ဟာ တောထဲကို ထင်းခုတ်ဖို့ သွားကြသတဲ့။
ညောင်ပင် တစ်ပင်အနီးရောက်ကြတော့ ညောင်ခေါင်းထဲက “တောက်တဲ့ တောက်တဲ့” လို့ မည်သတဲ့၊ တစ်ယောက်က “ဟေ့…သူငယ်ချင်း၊ ခုမြည်တာ ဘာကောင်လဲ ပြောစမ်းကွ” လို့ မေးတယ်။
တစ်ယောက်က “မင်းနှယ်ကွာ ခုမြည်တာ လိပ်မြည်တာပေါ့ကွ” လို့ ပြန်ပြောတယ်၊ အဲဒီတော့ စမေးတဲ့သူက “ဘယ်ဟုတ်ရမလဲ ဖွတ်မြည်တာ သေသေချာချာမှတ်ထားကွ” လို့ ပြောသတဲ့။
ဒါနဲ့ တစ်ယောက်က လိပ်၊ တစ်ယောက်က ဖွတ်၊ အငြင်းအခုံဖြစ်လိုက်ကြတာ၊ ဒင်းတို့ကိစ္စ မပြတ်တော့ဘူး၊ နောက်ဆုံးတော့ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် သိကြရအောင် ဘုန်းကြီးကျောင်းသွားမယ်ဆိုပြီး ရွာကို ပြန်လာကြသတဲ့။
ရွာရောက်တော့ ရွာဘုန်းကြီးကျောင်းကို သွားကြတယ်။ ကျောင်းရောက်တော့ ဦးသူတော်နဲ့ တွေ့တယ်၊ ဦးသူတော်က “မင်းတို့ ဘာလုပ်ဖို့ လာကြတာလဲကွဲ့” လို့ မေးတော့ ဆရာတော်ထံ လျှောက်ထားရန်ကိစ္စနဲ့ လာတဲ့အကြောင်း ပြောကြတယ်။
ဦးသူတော်က “ ဆရာတော်ဘုရား ခရီးသွားနေတယ်၊ မင်းတို့ ဘာလျှောက်စရာ ရှိသလဲ၊ ငါ့ကို လျှောက်ကြ” လို့ ပြောတော့ “တပည့်တော်တို့ တောထဲသွားတဲ့အခါ ညောင်ခေါင်းထဲက တောက်တဲ့ တောက်တဲ့ မြည်ပါတယ်ဘုရား၊ တပည့်တော်က ခုမြည်တဲ့ အကောင်ဟာ ဘာကောင်လဲလို့ မေးတော့ သူက ဖွတ်လို့ ပြောပါတယ်၊ တပည့်တော်က လိပ်လို့ ပြောပါတယ်၊ အဲဒါ ဦးသူတော်က ဖွတ်လား လိပ်လား ဘယ်ဟာ မှန်သလဲ ဆိုတာ ဆုံးဖြတ်ပေးစမ်းပါ ဦးသူတော်ရယ်” လို့ ဆိုသတဲ့။
ဒီတော့ ဖိုးသူတော်က “ တယ် အ,တဲ့ ကောင်တွေကပဲ၊ တောက်တဲ့ တောက်တဲ့ မြည်တာတောင် ဘာကောင်မှန် မသိတဲ့ ဒကာတွေပဲ၊ ကိုင်း ……..နှစ်ယောက်စလုံး အင်္ကျီချွတ် လေးဘက်ကုန်းစမ်း” ဆိုပြီး သူတို့ ကျောကုန်းတွေကို ကြိမ်လုံးနဲ့ ခပ်နာနာကလေး ရိုပ်ပေးလိုက်သတဲ့၊ ပြီးတော့လည်း ဦးသူတော်က “ မသေမချင်းမှတ်ထား၊ အဲဒါ လင်းမြွေဟ “ လို့ ပြောပြီး ပြန်လွတ်လိုက်သတဲ့ ။
ဆရာတော်ကြီး၏ ပုံပြင်အဆုံး၌ ကာယကံရှင် ဒကာမကြီးနှစ်ဦးနှင့်တကွ ကြားကြားသမျှ ပရိသတ်တို့မှာ တသောသော ရယ်မောခြင်း ဖြစ်ကြရလေသတည်း။
ဥပဒေသ ။ ။ ငြင်းခုံခြင်းကို တတ်နိုင်သမျှ ရှောင်ရှားသင့်ကြပေ၏။
http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A320124&x
No comments:
Post a Comment