ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင် လောက ကောင်းဖို့အတွက် ကလေးတွေရဲ့ အနာဂတ်ဟာ အလွန် အရေးပါပါတယ်။ ကလေးတွေကို အတတ်ပညာ၊ ဆင်ခြင်တုံတရား၊ ကရုဏာ၊ စဉ်းစားမြော်မြင် နိုင်မှု၊ ပရဟိတစိတ် စတာတွေပေးနိုင်ရင် လောကရဲ့ အနာဂတ်ဟာ ကောင်းမွန်မှာပဲ။
မိဘတွေက ကွဲကွာနေကြပေမဲ့ အဲဒါဟာ ပြဿနာမဟုတ်ဘဲ အဆင်ပြေနေကြတဲ့ ကလေးတွေ၊ မိသား စုတွေလည်း တွေ့ဖူးတယ်။ မိဘတွေ ကွဲကြလို့၊ တကွဲတပြားစီ ဝေးကွာစွာ နေကြရလို့ စိတ်ထိခိုက်မှု ရပြီး ကလေးဘဝမှာပဲ စိတ်ကျဆေး (Anti depressant) တွေသောက်နေရတာမျိုး၊ Therapist နဲ့ တွေ့ပြီး ကုသမှု ခံယူနေရတာမျိုးတွေလည်း ရှိတယ်။ ငွေကြေး အဆင်ပြေမှုနဲ့လည်း အနည်းနဲ့အများ ဆိုသလို ဆိုင်ပါလိမ့်မယ်။ ငွေကြေးတတ်နိုင်ရင် ဘာပဲပြောပြော အခြေခံ ပြဿနာတွေက မပူရတော့ ဘူးလေ။
လူနာဆယ်ကျော်သက် ကောင်လေးတစ်ယောက် ရှိတယ်။ မိဘတွေက ကွဲတော့မယ့်ဆဲဆဲ။ အစ်ကိုက အရက်မူးပြီး ရန်ဖြစ်လို့ ထောင်ခဏကျနေတယ်။ မိဘတွေရဲ့အိမ်မှာ အစ်ကို့မိန်းမ (မရီး) နဲ့ ကလေး ငယ်ငယ်လေးကလည်းနေကြတာ။ ဝင်ငွေအသင့်အတင့် ရှိပေမဲ့ မချမ်းသာကြဘူး။ သူက “ကျွန်တော် က ပိုင်းလော့ ဖြစ်ချင်တာ၊ အဲဒီကျောင်းတက်ဖို့ အိမ်က မပို့နိုင်ဘူး၊ ပိုက်ဆံမရှိဘူး” တဲ့။ အရမ်းစိတ် ဓာတ်ကျဖို့ ကောင်းတာပဲတဲ့။
ကျွန်မလည်း ဘာတတ်နိုင်မှာလဲ။ ကိုယ့်ဆီ ခဏ ရောက်လာတုန်း သူစိတ်ချမ်းသာမယ့် စကားတွေ ရွေးပြောရတာပေါ့။ ရည်မှန်းချက်အတိုင်း တတ်အားသရွေ့ ကြိုးစားဖို့ အစရှိသဖြင့်ပေါ့။
နောက်လူနာ ကောင်မလေးတစ်ယောက်ကတော့ အသက် ၁၅ နှစ် မပြည့်သေးဘူး။ ကိုယ်ဝန်ရှိနေတာ ကို မိဘတွေကို လုံးဝဖွင့်မပြောဘူးလေ။ အင်္ကျီပွပွကြီးတွေ ဝတ်ထားတယ်။ ကိုယ်ဝန် ခုနှစ်လလောက် ရှိမှ လူကြီးတွေက သိကြရတာ။ လူကြီးတွေကလည်း တကယ်တော့ ပေါ့ဆတာ၊ ညံ့တာပါပဲ။ ကိုယ့်ကလေးနဲ့ကိုယ် လက်ပွန်းတတီးနေရင် ဘာမဆို သိရမှာပါ။ ကိုယ်ဝန်က ရင့်နေတော့ ဖျက်ချဖို့ လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကောင်မလေးက မပြောရဲလို့ မပြောတာ။ အဲဒီကိစ္စလည်း ကျွန်မ ဘာမှ မတတ်နိုင်ပါဘူး။ OBGYN ဆီ လွှဲပေးရတာပေါ့။
အခုတော့ ကလေးမွေးပြီးလို့ တစ်မြို့တည်းနေ မိတ်ဆွေတွေထဲက မွေးစားမယ့်သူတွေကို ပေးလိုက် ပါပြီ။ ကောင်မလေးလည်း သင်ခန်းစာ ရသွားလောက်ပါပြီ။ စိတ်ပညာရှင်နဲ့ ကုသမှု ခံယူနေပါတယ်။ ကလေးကို မွေးစားမိဘတွေကိုပေးဖို့ ကျွန်မကပဲ တိုက်တွန်းခဲ့ပါတယ်။ အသက် ၁၅ နှစ်ဆိုတာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ဘယ်လိုမှ အဆင်သင့် မဖြစ်သေးပါဘူး။ ဖြစ်နိုင်ရင် တက္ကသိုလ်ပညာကို ဆက်ဆည်းပူးချင်ကြောင်းပါ ပြောလိုက်ပါတယ်။
အလုပ်သင်ဆရာဝန်ဘဝမှာတုန်းက ကလေးဆေးရုံကြီး တစ်ခုက ER မှာတစ်လဆင်းခဲ့ရပါတယ်။ ကေ့စ်တွေမျိုးစုံနဲ့ ကြုံဖူးပါတယ်။ အဲဒီထဲက မှတ်မှတ်ရရ ဖြစ်နေတဲ့ ကေ့စ်တွေ ရှိပါသေးတယ်။
၁၄ နှစ်အရွယ်လောက် မျက်လုံးပြာ၊ ဆံပင်နက်ရောင် ကောက်ကောက်ရှည်ရှည်တွေနဲ့ သိပ်ချစ်စရာ ကောင်းတဲ့ လူနာကောင်မလေးပါ။ ပြဿနာက ကိုယ့်ကိုယ်ကိုယ် သတ်သေချင်မှု။ ကောင်မလေးက သတ်သေချင်တယ်လို့ သူငယ်ချင်းကို ပြောတယ်။ စိတ်ပူတဲ့ သူငယ်ချင်းက အဘွားကို ဖုန်းလှမ်းဆက် လို့အဘွားက ER ကိုခေါ်လာတာပါ။ ကောင်မလေးရဲ့ မိခင်က လွန်ခဲ့တဲ့ခြောက်လကျော်လောက်က ဆုံးသွားခဲ့ပါတယ်။ အစ်ကိုကလည်း သူ့ သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်တယ်။ အဖေကလည်း အလုပ် လုပ်ရတော့ အိမ်မှာမရှိတာ များတယ်။ ER ကိုတောင် (အလုပ်က မပြီးသေးတော့) လိုက်မလာနိုင်ပါ ဘူး။ အဘွားက အသက်အတော်ကြီးပြီ။ အနီးနားမှာပဲ နေပါတယ်။
သူ့ကို ခပ်ကြာကြာ History (ရောဂါရာဇဝင်) ယူပြီး အပေါ်ထပ်ကို လွှဲပေးရပါတယ်။ အဘွားက ကျွန်မ ရော အပေါ်ထပ် လိုက်ခဲ့ရမလား မေးပါတယ်။ သူတို့နဲ့ ER မှာ ရင်းနှီးကျွမ်းဝင်သွားတဲ့ ဆရာဝန်နဲ့ ဆက်တွေ့ချင်တဲ့ သဘောပါ။ ကျွန်မမှာကလည်း ER မှာတစ်လပဲ Shift တွေ လာဆင်းနေတာမို့ ER မှာပဲ နေလို့ ရကြောင်းရှင်းပြရပါတယ်။ နောက်ပိုင်း သူဘာဖြစ်သွားသလဲ မသိရတော့ပါဘူး။ ဒီဘဝမှာ တစ်ခါပဲ တွေ့လိုက်ရပေမဲ့ စိတ်ထဲမှာ အမှတ်ထင်ထင် ရှိနေပါတယ်။
မိဘတွေကိုယ်တိုင်က မလိမ္မာလို့၊ ဆေးစွဲနေလို့၊ ထောင်ကျနေလို့ ကလေးတွေကို အဘိုးအဘွားက မွေးစားထားရတာမျိုးတွေလည်း များလှပါတယ်။ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရတဲ့ ကလေး တွေရော ဘယ်လောက်ရှိမှာပါလိမ့်။
ပညာတတ်ဖို့ထက် ‘ကံ’ က ပိုအရေးကြီးပါတယ် ဆိုတာမျိုးတွေကို ဖတ်ရ၊ တွေ့ရ၊ ကြားရရင် ကျွန်မ အလွန်စိတ်ပျက်မိပါတယ်။ တကယ်တော့ ပစ္စုပ္ပန် ကံ ဆိုတဲ့ ကံဟာလည်း အခုလက်ငင်း ကိုယ်က လုပ်နေတာပါ။ ကြိုးစားအားထုတ်မှုကတော့ ရှိနေရပါမယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ရှက်ဖို့ကောင်း လှပါတယ်။
ပညာ မတတ်တဲ့၊ အရည်အချင်း မရှိတဲ့သူတစ်ယောက် ကံတွေ စွတ်ကောင်းပြီး နေရာကောင်း ရပြီ၊ ကြီးပွားချမ်းသာလာပြီ ဆိုရင်တောင် ကိုယ့်စီးပွားကို ထိန်းသိမ်းနိုင်ပါ့မလား။ ကိုယ်က ဘာမှ ကြိုးစား စရာ မလိုဘဲ သူဌေးသားတို့၊ သူဌေးသမီးတို့နဲ့ ရလို့ စီးပွားရေးလုပ်ငန်းကြီးတွေမှာ အရေးပါသူ ဖြစ်လာ တယ်ဆိုတာ ဝတ္ထုထဲလောက်မှာပဲ ရှိမှာပါ။ အပြင်မှာ ရှိဦးတော့၊ ကိုယ့်အစွမ်းအစနဲ့ ရှာလို့ရတဲ့ငွေကို ပိုတန်ဖိုးထားတတ်ကြမှာပါ။
သမ္မတလင်ကွန်းတို့လည်း ပညာသိပ်မတတ်ဘဲ သမ္မတဖြစ်လာတာပဲတို့၊ ဘီလျံနာသူဌေးကြီး ဘေလ်ဂိတ်စ်လည်း တက္ကသိုလ်က ဘွဲ့မရခဲ့ဘူးတို့စတဲ့ လွဲမှားတဲ့ ဆင်ခြေတွေ၊ အတွေးအခေါ်တွေကို လည်း မဖတ်ချင်၊ မကြားချင်ပါ။ သမ္မတ လင်ကွန်းတို့လက်ထက်က စာသင်ကျောင်းတွေ ဒီလောက် မပေါသေးဘူး။ ပညာတတ်တွေ ရှားတယ်။ အခု အချိန်အခါနဲ့ တခြားစီပဲ။
အခုအချိန်က ပညာတွေ တတ်ထားမှ၊ ကျွမ်းကျင်မှု အတွေ့အကြုံရှိမှ၊ ကြိုးစားမှု ရှိမှ၊ သင့်တော်တဲ့ အဆက်အသွယ်ရှိမှ အလုပ်တစ်ခုရဖို့ သေချာတာပါ။ အဲဒါကို သမ္မတ လင်ကွန်းကို ဆွဲထည့်ပြီး ပညာသင်ဖို့ အရေးမကြီးပါဘူးဆိုတော့ သွားရောပေါ့။ ဘေလ်ဂိတ်စ်ဆိုသူကလည်း တစ်သန်းမှာ တစ်ယောက်ပဲ ရှိရင်ရှိမယ်။ ကိုယ့်မှာ ဘွဲ့တစ်ခုကနေ နှစ်ခု ရထားတော့ ပိုမကောင်းဘူးလားလို့ စဉ်းစားသင့်တယ်။
တစ်ခါ ဘွဲ့ရဖို့ထက် အဆက်မပြတ် ပညာကို ဆည်းပူးချင်တဲ့ စိတ်မျိုး၊ မွတ်သိပ်မှုမျိုး၊ ဦးနှောက်ကို အမြဲတွေးနေချင်တဲ့စိတ်မျိုး ရှိရမှာပါ။ ဘဝမှာ ကြုံဆုံရတဲ့ ဆရာတွေရဲ့ ပုံသွင်းမှုနဲ့ဆိုင်သလို ကိုယ်ပိုင် ခံယူချက်နဲ့လည်း ဆိုင်ပါသေးတယ်။
လူတွေဟာ ကိုယ်က အဆင်ပြေနေရင် ‘ငါ’ တော်လို့ပဲလို့ ထင်တတ်ကြပြီး အဆင်မပြေတာနဲ့ ကြုံရရင် ကံကို အပြစ်ပုံချတတ်ကြတယ်။ ဒါမှမဟုတ်ရင်လည်း ဘုရားသခင်ကို၊ နတ်သိကြားတွေကို အပြစ်ပုံချ ကြတယ်။ ဆင်ခြေမျိုးစုံပေးကြတယ်။ ဒီအလုပ်က လူမည်းတွေကို မခန့်ဘူးတို့၊ မိန်းမမို့၊ နိုင်ငံခြားသူမို့ အဖြုတ်ခံရတယ်တို့ အစရှိသဖြင့်ပေါ့။
စာရေးသူတို့ အလုပ်သင်ဆရာဝန်ဘဝက စာတော်၊ သဘောကောင်း၊ နှစ်လိုဖွယ်ရှိတဲ့ အမေရိကန် (လူဖြူ) ဆရာဝန်တစ်ယောက်နဲ့ ကြုံဖူးပါတယ်။ သူ့ပြဿနာက ဘာလဲဆိုရင် အလုပ်မကျွမ်းကျင်တာ ပဲ။ အဲဒါအပြင် Multitask လည်း မလုပ်နိုင်ဘူး။
ဆရာဝန်ဆိုတာ တစ်ချိန်တည်းမှာ ဆယ်မျိုးလောက် စဉ်းစားနိုင်၊ လုပ်နိုင်ရမယ်လေ။ လူနာအယောက် ၂၀ ကို ကိုယ်က ကိုင်ရရင် သူတို့ရဲ့အကြောင်းကို အသေးစိတ် မဟုတ်ရင်တောင် ဘယ်သူက ပိုအရေးကြီးတယ်၊ ဘာလိုတယ်၊ ဘယ်လို Plan ရှိရမလဲဆိုတာ သိရမှာပေါ့။ လူနာတွေကို ရောကုန်လို့ ဘယ်ဖြစ်မှာလဲ။
သူဟာ ပရိုဂရမ်မှာ တစ်နှစ်နီးပါးလောက်ပဲ ခံလိုက်ပါတယ်။ သူ့လို လူဖြူတစ်ယောက်အဖို့ကျတော့ ဆင်ခြေပေးရတာ ပိုခက်ခဲသွားတာပေါ့။ များသောအားဖြင့်က အလုပ်မလုပ်နိုင်ရင် ဖြစ်စေ၊ ပရော်ဖက် ရှင်နယ် မဆန်ရင် ဖြစ်စေ၊ အင်္ဂလိပ်စကား မပြောနိုင်လို့ လူနာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံ ရာမှာ အခက်အခဲရှိရင်ဖြစ်စေ ပြဿနာတက်တာပါ။ အဓိကကတော့ အလုပ်လုပ်ရာမှာ Efficient (ကျွမ်းကျွမ်းကျင်ကျင်) ဖြစ်ဖို့ပါပဲ။
လူမျိုးခြား ဆရာဝန်တွေ US မှာ အောင်မြင်ဖို့ ဆိုတာ ကိုယ်ကကြိုးစားဖို့ပဲ လိုပါတယ်။ စေတနာထားတာ၊ အချိန်ပေးနိုင်တာ၊ အကွက်စေ့တာ၊ ဂရုစိုက်မှု ရှိတာ၊ ကိုယ်နဲ့ ဆိုင်တဲ့ ဘာသာရပ် တွေကိုကျွမ်းကျင်တာ စတဲ့ အချက်တွေကသာ ပိုအရေးပါပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မရဲ့ လူနာ အမျိုးသမီးတွေထဲမှာ အိန္ဒိယလူမျိုး သားဖွားမီးယပ် ဆရာဝန်တွေ စတဲ့သူတွေဆီကို မဖြစ်မနေ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး သွားကြသူတွေရှိလို့ပါပဲ။ ကိုယ်က ကြိုးစားရင်၊ စေတနာထားရင် အောင်မြင်မှာပါပဲ။ US မှာမွေးတဲ့၊ ကြီးတဲ့သူ မဟုတ်လို့ ဆိုတာ ဆင်ခြေဆင်လက် (Excuse) ပေးတာ သာဖြစ်ပါတယ်။
ဆောင်းပါးလည်း ရှည်သွားပြီမို့ ရပ်နားလိုက်ပါတော့မယ်။ ကျွန်မတို့ဟာ လောကရဲ့ အနာဂတ် လှပစေချင်ရင် ကလေးတွေကို ကြိုးစားချင်စိတ်၊ ပညာသင်ချင်စိတ်၊ စိတ်ရှည် သည်းခံနိုင်မှု၊ ဘဝကို စိတ်မပျက်ဘဲ ရင်ဆိုင်နိုင်မှု၊ ရောင့်ရဲ တင်းတိမ်နိုင်မှု၊ ကိုယ့်အတွက်တင်မကဘဲ အများကိုပါ ကူညီချင် တဲ့ ပရဟိတစိတ် စတာတွေကို အမွေပေးသင့်ပါတယ်။ စာမကြိုးစားပေမဲ့၊ အတန်းပညာမတတ်ပေမဲ့ ကံကောင်းရင် ကြီးပွားချမ်းသာမှာပါပဲဆိုတဲ့ ရေသာခိုချင်တဲ့ အတွေးအခေါ်တွေ သွင်းမပေးသင့်ဘူး။
ဆရာဝန်မှတ်တမ်း
မဟေသီ မဂ္ဂဇင်းဆောင်းပါးများအား ပထမအကြိမ် စုစည်းခြင်း
http://www.searchmyanmar.com/link/comment/cid/53223
No comments:
Post a Comment