တစ်နေ့မှာ အသိညီမလေးတစ်ယောက်က သူ့သမီးလေးအကြောင်းကို ပြောလာပါတယ်။ သူ့သမီးလေးက အသက် ၂နှစ်နဲ့၁၁ လ ၊ ၃ နှစ်ပြည့်ခါနီးပေါ့။ သမီလေးရေခဲမုန့်စားနေ တုန်း ညီမလေးက ကလေးရဲ့ အကြည့်တစ်မျိုးဖြစ်နေတာကို သတိထားမိတယ်။ ဒါနဲ့သေချာကြည့်တော့ ကလေး က ညာဘက်မျက်လုံး ခပ်စွေစွေဖြစ်နေတယ်။ ကလေးက မွေးတုန်း က မျက်လုံးကအတည့်ပဲ၊ အခုလည်း အဝေးကိုကြည့်ရင် ဘာမှမဖြစ်ပေမဲ့ အနီးကို ကြည့်တဲ့အခါ ခပ်စွေစွေဖြစ်နေတယ်။ ညီမလေးလည်း အရမ်းစိတ်ပူသွား တာနဲ့ဆရာ ၀န်သွားပြပြီး အထပ်ထပ်အခါခါ စစ်ဆေးတော့မှ သိရတာက ကလေးက အနီးကိုကြည့်တဲ့အခါ အာရုံစိုက်မှု အရမ်းများနေတယ်၊ မျက်မှန်တပ်ပြီး သူငယ်အိမ်ကို တည့်ပေးရမယ်၊ အနီးအဝေးကို ပါဝါနဲ့တပ်ရပါမယ်၊ ရေချိုးချိန်နဲ့အိပ်ချိန်ပဲ ချွတ်ပါ၊ ၇ နှစ် ၈နှစ်လောက်အထိတပ်ရင် ပျောက်ကင်းမယ်၊ ဒီလိုသာမဟုတ်ရင် အသက်ကြီးတဲ့အခါ ပတ်ဝန်းကျင်က အရာဝတ္တုတွေ လူတွေ ကို ရုပ်လုံးကြွ (3D) ကြည့်နိုင်တဲ့အမြင် ဆုံးရှုံးသွားနိုင်ပါတယ်တဲ့။ ဒီအရွယ်ကလေးတွေရဲ့ အနီးကပ်အာရုံစိုက်မှုက အားအရမ်းများ နေတာကြောင့် ဒီလိုဖြစ်တတ် တယ် လို့ပြောပါတယ်။
ဒါကို နားထောင်ရင်းနဲ့ စာရေးသူ ခေါင်းထဲ အတွေးတစ်ချက်ဝင်သွားပါတယ်။ မိဘတွေဟာ ကိုယ့်သားသမီးတွေကို အကောင်းဆုံး၊ အတော်ဆုံး၊ အကျန်းမာဆုံးဖြစ်စေချင်တာ အမှန်ပဲ ဆိုပေမဲ့ မိဘများကိုယ်တိုင်ကပဲ မှားယွင်းတဲ့နည်းနဲ့ ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ဒါကြောင့် parenting education အတွက် လိုအပ်နေတဲ့ ဒီအကြောင်းအရာကို စာရေးသူကိုယ်တိုင် ဆောင်းပါးရေးသားပြီး Yangon Life စာမျက်နှာမှ တဆင့် မိဘတွေဆီကို မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
ကလေးတွေဟာ အရောင်တွေအပေါ်မှာ အရမ်းစိတ်ဝင်စားတတ်တာကြောင့် ဖျတ်ခနဲဖျတ်ခနဲ အရောင်တွေ မြင်ကွင်းတွေပြောင်းသွားတတ်တဲ့ smart ဖုန်းတွေ၊ tabelet တွေ computerတွေ နဲ့ TV စတာတွေကို အာရုံအရမ်းစိုက်ပြီး ကြည့်လေ့ရှိကြပါတယ်။ ကလေးတွေဟာ ညအချိန်မတော်ထိ မအိပ်ပဲနေတဲ့အခါမျိုး၊ မနက်စောစောနိုးနေ တတ်တဲ့အခါမျိုးမှာ ကိုယ်ကအိပ်ချင်မူး တူးဖြစ်နေတာမို့ ကလေးကိုဖုန်းပေးသုံးထားပြီး နားအေးပါးအေး နေတတ်ကြပါတယ်။ ဒါဟာ သိပ်ကိုမှားယွင်းတဲ့ကိစ္စပါပဲ။ ကလေးတွေရဲ့ အာရုံစိုက်မှုဟာ အရမ်းကိုမြင့်မားတဲ့ အတွက် တစ်ခုခုကိုကြည့်ရင် မျက်တောင်မခတ်တမ်းစူးစိုက်ကြည့်တတ်ကြပါတယ်။ အဲဒီအခါမှာ အမြင်အာရုံ ထိခိုက်စေတော့တာပါပဲ။ တချို့ကလေးတွေဆိုရင် နားကြပ်နဲ့ပါ တပ်ပြီး သီချင်းတွေကို ကြည့်ရှုနားထောင်တတ်တာမို့ အမြင်အာရုံသာမက အကြားအာရုံပါထိခိုက်နို်င်ပါတယ်။
မြို့ပြနေမိသားစုတွေကို လေ့လာဆန်းစစ်မှုတစ်ခုလုပ်ကြည့်တဲ့အခါ ၁ နှစ်အရွယ်ကလေး ၃ပုံ၁ပုံ ခန့်ဟာ ဖုန်းကိုကိုင်တွယ်သုံးစွဲတတ်နေကြပါပြီ၊။ အသက် ၂နှစ်အရွယ်တွေကတော့ ဖုန်းခေါ်တာ၊ သီချင်းကြည့်တာ၊ ဂိမ်းအလွယ်လေးတွေ ဆော့တာအထိပါ လုပ်နိုင်နေကြပြီး တစ်ခါသုံးမိရင် နာရီပေါင်းများစွာကြာတဲ့အထိ စွဲစွဲလမ်းလမ်းဖြစ်နေကြပါတယ်။ မိဘ အများ စုက ကလေးတွေ ဒီလိုဖုန်းသုံးတတ်တာကို သဘောကျဂုဏ်ယူတတ်ကြသလို နားအေးပါးအေးနေချင်တဲ့အခါမျိုးမှာလည်း ကလေးကို ဖုန်းပေးဆော့တတ်ကြပါတယ်။ ကြာလာတော့ ကလေးဟာ ဖုန်းကိုစွဲလမ်းသွားပြီး မဆော့ရရင် ဂျီကျငိုယိုတဲ့အထိဖြစ်တတ်ပါတယ်။ တချို့မိဘတွေက ကလေးကို လိမ်လိမ်မာမာနေရင် ဖုန်းပေးသုံးမယ်ဆိုပြီးတော့လည်း အခွင့် အရေးတစ်ရပ်အနေနဲ့ ဆွဲဆောင်မှုပြုတတ်ကြပါသေးတယ်။
ကလေးဖြစ်စေ လူကြီးဖြစ်စေ သေးငယ်တဲ့ screen ပေါ်မှာ အာရုံစိုက်တာများလွန်းရင် ဇက်ကြောတက်၊ ခေါင်းကိုက်ပြီး မျက်စိကိုက် မျက်စိမှုန်တတ်ကြတာပါပဲ။ ဖုန်းကိုအာရုံ စိုက်နေ သူတစ်ယောက်ယောက်ကို ကြည့်လိုက်ပါ။ ကိုယ်နေဟန်ဟာ ကိုင်းနေပြီးမလှုပ်မယှက်နဲ့ ကျန်းမာတဲ့ပုံစံမျိုး မဟုတ်တာတွေ့ရပါလိမ့်မယ်။ ကလေးတွေဟာ ညောင်းညာတာ ခေါင်း ကိုက်တာကို လူကြီးလိုမပြောတတ်ပေမဲ့ မျက်လုံးကို ခဏခဏ ပုတ်ခတ်ပုတ်ခတ်လုပ်တာ၊ တခုခုကိုကြည့်ရင်းမျက်လုံးက အတွင်းထောင့်ကိုကပ်လာတာတွေဟာ အန္တရာယ် လက္ခဏာတွေပါပဲ။ ဒါကြောင့် မိဘတွေရော အုပ်ထိန်းသူတွေကပါ ကလေးမမြင်အောင်ဖုန်းကိုထားသင့်ပါတယ်။ ကလေးရှေ့မှာ ဖုန်းဟာ စွဲမက်ဖွယ်ရာကစားစရာလို မသုံးပြကြဖို့ သတိထားသင့်ပါတယ်။ ဒါ့အပြင် ဖုန်းကစားခွင့်ကို ဆုလာဘ်တစ်ခုလိုသတ်မှတ်ပြီး ကလေးစာလုပ်ပြီးရင် ကစားရမယ်ဆိုပြီးတော့လည်း မပေးသင့်ပါဘူး။
အခုချိန်မှာ သင့်ကလေး ဟာ ဖုန်းကို စွဲစွဲလမ်းလမ်းဖြစ်နေပြီဆိုရင်တော့ ဂေါ်ဇီလာအ ရုပ်တွေ၊ ပါဝါရိမ်းဂျားအရုပ်တွေ၊ ကားရုပ်မျိုးစုံစတဲ့ ကစားစရာတွေအများကြီးဝယ်ပေးပြီး အာရုံပြောင်းပေးလိုက်ကြပါလို့ အကြံပေးချင်ပါတယ်။ ကလေးကို မျက်စိအားကောင်းစေတဲ့ မုန်လာဥနီဖျော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည် စတာတွေအပြင် ငါးကြီးဆီပါ တိုက်ကျွေးပြီး ကလေးရဲ့အမြင်အာရုံကို အမြန်ဆုံးထိန်းသိမ်းကာကွယ်ကြဖို့ အကြံပြုလိုက်ရပါတယ်။
Credit: YanongLife
http://www.searchmyanmar.com/link/comment/cid/53248
No comments:
Post a Comment