မိုးမလင်းခင် ၊ ထွန်တုံးပြင်၍
ဂျောင်ဂျင်ခလောက် ၊ နွားပြာ ပြောက်နှင့်
ကောက်ပင် စပါး ၊ပေါက်ရှင်ထွားဖို့
အားစိုက် လုံ့လ ၊ ပြုကြရသည်
ဟိုယခင်က လယ်သမား။
ယာမြေတစ်ခွက် ၊ ထယ်ရေးညက်ဖို့
ခက်ခဲ ပင်ပန်း ၊ နွားနှင့် တန်းတူ
လှမ်းတူ လုံ့လ ၊ ပြုကြရသည်
ဟိုယခင်က လယ်သမား။
ခုများတော့လေ
ထွန်စက် ထယ်စက် ၊ ရိတ်, ခြွေစက်နှင့်
တိုးတက်ပြယုဂ် ၊ စတိုင်ထုတ်ဖို့
တုတ်တုတ်အော်မြည် ၊ ထော်လာဂျီနှင့်
ခေတ်မီ လုပ်ငန်း ၊ (ယခင်ကလောက်) မပင်ပန်းတော့။
နွားပြာကျော့ကို ၊ မော့မော့လေးယှဉ်
အလှဆင်လို့ ၊ လှည်းယာဉ်လေးနဲ့
လည်နိုင်ပြီ။
ဆိုင်ကယ်ကိုစီး ၊ မြို့သူကြီးလို
လယ်သမား သမီး နေနိုင်ပြီ။
တက္ကသီလာ ၊ ကွန်းရိပ်သာဝယ်
လယ်သမား သား ထားနိုင်ပြီ။
သို့သော်လည်းလေ
ရာသီတွေနှောင်း ၊ ခေတ်တွေပြောင်းလည်း
မပြောင်းစဉ်လာ ၊ ရှိနေမှာကား
လယ်သမားသည် ၊ ကျေဇူးရှင်။ ။
အရှင်ပညောဘာသ(ရွှေဘို)
တောင်သူလယ်သမားနေ့ကို ဂုဏ်ပြု ဖွဲ့ဆိုပါသည်။
ဓာတ်ပုံကို Thin Theingi ထံမှ ယူပါသည်။
No comments:
Post a Comment