စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒုက္ခ သစ်ပင် …


                     

ကျွန်တော့်ရဲ့ အိမ်ကို ပြန်လည်ပြင်ဆင်ဖို့အတွက် လက်သမားတစ်ယောက် ကို ငှားရမ်းခဲ့ပါတယ်။ သူရဲက အလုပ်လုပ်တဲ့ ပထမနေ့ဟာ တော်တော်လေး ခက်ခက်ခဲခဲ နဲ့ ကုန်ဆုံးခဲ့ပါတယ် … ။ လာတဲ့ကားက ဘီးပေါက်တဲ့အတွက် အလုပ်ကို တစ်နာရီလောက် နောက်ကျပါတယ် … ။ လျှပ်စစ်လွှ က လည်း ပျက်သေးတယ်၊ သူရဲ့ ကုန်ပစ္စည်းသယ်တဲ့ ဟောင်းနွမ်းနေတဲ့ ပစ်ကပ် ကားလေးက လည်း ဗွေဖောက် ပါတယ် … ။ တစ်နေကုန် အလုပ်ထဲမှာ ပြဿနာတွေ တက်ပါတယ် …

ဒီလိုနဲ့ ညနေစောင်းတော့ ကျွန်တော်က သူ့ကို အိမ်ကို ကားနဲ့ လိုက်ပို့ပါတယ် … ။ ကျွန်တော် ကားမောင်းနေတဲ့ အချိန်မှာ သူက ဘေးနားကနေ စကားတခွန်းမှ မပြောဘဲ အေးစက်စက်နဲ့ လိုက်လာ ပါတယ်။ သူ့အိမ်ကို ရောက်တော့ သူက ကျွန်တော့်ကို သူ့မိသားစုတွေနဲ့ တွေ့ဖို့ အိမ်ထဲဝင်ပါဦးလို့ ဖိတ်ပါတယ်။ ကျွန်တော်တို့ ခြံဝင်းထဲမှာ နှစ်ယောက် အိမ်ရှေ့တံခါးဆီ လျှောက်သွားတဲ့အခါ သစ်ပင်လေး တစ်ပင် ရှေ့မှာ ခဏရပ်ပြီးတော့ သစ်ပင်ကိုင်းလေးကို လှမ်းကိုင်လိုက်ပါတယ်။ သစ်ပင်လေးဆီက အိမ်တံခါးဆီ လျှောက်သွားတဲ့ သူ့ခြေလှမ်းတွေဟာ လမ်းမှာတုန်းက ပုံစံမဟုတ်တော့ဘဲ ပေါ့ပါးသွက်လက် နေပါတယ်။ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ သူ့မျက်နှာမှာ အပြုံးပန်းတွေ ဝေနေပါတယ် … အိမ်ထဲရောက်တော့ သူ့ကလေးတွေကို ပွေ့ဖက်လိုက်ပြီး ဇနီးကိုလည်း အနမ်းတပွင့် ပေးလိုက်ပါတယ် … ။

ကျွန်တော်လည်း သူတို့မိသားစုနဲ့ ခဏတဖြုတ် စကားပြောပြီးတော့ ပြန်ဖို့နှုတ်ဆက်ပါတယ် … ၊ လက်သမားက ကျွန်တော့်ကို ကားဆီ လမ်းလျှောက်ပြီးတော့ လိုက်ပို့ပါတယ် … ။ ကျွန်တော်တို့နှစ်ယောက် ခုဏက သစ်ပင်လေးကို ဖြတ်သွားတော့ သူ အိမ်ထဲမဝင်ခင် လုပ်ခဲ့တဲ့ပုံစံကို သိချင်လာမိတယ် … (ဘာကြောင့်များ သူ အဲဒီလို လုပ်ခဲ့တာလဲ … ?) အဲဒါနဲ့ ကျွန်တော်လည်း မဆိုင်းမတွ မေးလိုက်ပါတယ် … ။

လက်သမားက “အဲဒါ ကျွန်တော့်ရဲ့ ဒုက္ခသစ်ပင်လေးပေါ့ … ကျွန်တော့်အလုပ်ထဲမှာ လုံးဝဥသုံ ပြည့်စုံ ချောမော နေဖို့မဖြစ်နိုင်ဘူး … တစ်ခုမဟုတ် တစ်ခု … လောက်တော့ အခက်အခဲတွေ … ဒုက္ခတွေ … ပြဿနာ တွေ ကြုံနိုင်တာပဲ ဆိုတာကို ကျွန်တော် သိနေတယ် … အဲဒီ ပြဿနာတွေ … စိတ်ရှုပ်စရာတွေကို ကျွန်တော့် အိမ်မှာ ရှိတဲ့ ကလေးတွေနဲ့ မိန်းမဆီိကို သယ်မလာဘူး … အိမ်ပြန်ရောက်တာနဲ့ အဲဒါတွေကို ဒီသစ်ပင်လေးမှာ ချိတ်ထားခဲ့တယ်၊ မနက်ကျတော့မှ အလုပ်သွားတဲ့အခါ အဲဒီဖြစ်လက်စ … ပြဿနာတွေ ကို ပြန်ယူတယ်” လို့ ပြန်ဖြေပါတယ် … ။

ကျွန်တော် ဖတ်မိတဲ့ စာစုလေးက ဒီမှာ ဆုံးသွားပါပြီ … ၊

ဒီကိစ္စနဲ့ ပတ်သက်လို့ “ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ် … ။ ကျွန်တော်တို့ တစ်တွေ ကိုယ်ရေးကိုယ်တာနဲ့ လုပ်ငန်းတာဝန်ကို ကွဲပြားဖို့ လိုပါတယ် … ။ ဒီလိုမှ မဟုတ်ရင် ကိုယ်ကိုယ်တိုင် ကစပြီး ပတ်ဝန်းကျင်အထိ မငြိမ်းချမ်းနိုင်ပါဘူး … ။ အလုပ်မှာ အဆင်မပြေဘူး … ဖယ်ရီက မလာ၊ လိုင်းကားစီးတော့ ကားကကြပ်၊ နေရာကမရ၊ ဒီကြားထဲ စပယ်ယာနဲ့ စကားတွေပြောရ … စိတ်တွေ ရှုပ်ထွေးနောက်ကျိပြီး အိမ်ပြန်လာပါတယ် … ။ အိမ်ရောက်တော့ မည်းမည်းမြင်ရာ နိုင်တဲ့လူကို မာန်မဲ တတ်ကြပါတယ် … ညီမလေးတွေ … မောင်လေးတွေ ဆော့နေရင်လည်း (ခါတိုင်းလည်း ဆော့နေတာပဲ) နင်တို့ကလေးတွေ ဘာဖြစ်နေတာလဲ … ငြိမ်ငြိမ်နေကြစမ်း … စိတ်ရှုပ်ရတဲ့အထဲ မျက်စိနောက်တယ် … ဘာ … ညာ … စသည်ဖြင့် ပြောမိတတ်ကြပါတယ်၊ ဒီလိုပဲ … အိမ်မှာ အဆင်မပြေမှုတွေနဲ့ အလုပ်ကို လာတဲ့ အခါလည်း အိမ်ကအဆင်မပြေမှုတွေကို မချန်ထားခဲ့နိုင်ရင်တော့ အလုပ်ထဲမှာလည်း ဆက်ပြီး အဆင်မပြေ ဖြစ်တတ်ပါတယ် … ။

ဒါကြောင့် ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန်ကို ခွဲခြားပြီးတော့ အလုပ်က သယ်လာတဲ့ ပြဿနာတွေကို အိမ်ပေါက်ဝမှာ ချိတ်၊ အိမ်မှာဖြစ်နေတဲ့ အဆင်မပြေမှုတွေကို ရုံးပေါက်ဝမှာ ချန်ထားပြီး ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ကြပါစေ ……

အောင်ကိုဦး (UMK)
Be the Best !

Source : The Trouble Tree — at Acuity English Language Centre.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...