စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“သည်းခံနိုင်ရေး အသိတရား”

                            

လောက၌ သူတစ်ပါးတို့၏ “နှုတ်” ဖြင့်ကျူးလွန်မှုကို အမျက်မထွက်ဘဲ
နေနိုင်ခြင်းသည် သည်းခံခြင်းမည်၏။ထို့အတူ သူတစ်ပါး တို့၏ “ကိုယ်” ဖြင့် ကျူးလွန်မှုကို
အမျက်မထွက်ဘဲ နေနိုင်ခြင်းမှာသည်းခံခြင်းပင်ဖြစ်၏။

မျက်မှောက် လူ့လောကတွင် ကိုယ်ဖြင့် ကျူးလွန်မှုထက်၊နှုတ်ဖြင့် သူတပါး တို့အား ကျူးလွန်မှုက
အဖြစ်များသောကြောင့် များရာလိုက်၍ သူတစ်ပါးတို့၏ ကြမ်းကြုတ်စွာ ဆဲဆိုသော
နှုတ်ဖြင့် ကျူးလွန်သောစကားကို သည်းခံခြင်းသည် “ခန္တီ” ဖြစ်သည်ဟု ပြောဆိုကြ၏။
ထိုအခါ ကိုယ်ဖြင့်သူတစ်ပါးတို့ ကျူးလွန်မှုပြုသည်ကို အမျက်မထွက်ဘဲ နေနိုင်သူများ၏ သည်းခံခြင်း တရားမှာ
“ခန္တီတရား”ပင် ဖြစ်သော်လည်း မထင် ရှားသလိုအမြင်ခံနေရပေသည်။
သည်းခံခြင်းတရားနှင့် ပတ်သက်၍အမှန်တကယ် မှတ်သားကြရန်မှာ ခန္တီဝါဒီဇာတ်၌
ကလာဗုမင်းသည် ခန္တီ ဝါဒီရသေ့ကို နှုတ်ဖြင့် ကျူးလွန်ခြင်းသာမက အသက်သေ အောင်ကိုယ်ဖြင့် ကျူးလွန်
ပြစ်မှားခဲ့ရာ ခန္တီ ဝါဒီ ရှင်ရသေ့သည် သည်းခံတော်မူခဲ့ကြောင်းလာ ရှိပေသည်။
ခန္တီ ဝါဒီဇာတ်တော်ကို ထောက်ဆလျက် သည်းခံ ခြင်းဟူသည် နှုတ်ဖြင့် ကျူးလွန်မှု၊
ကိုယ်ဖြင့်ကျူးလွန်မှု နှစ်မျိုးစုံကို သည်းခံခြင်း မှာ“ခန္တီ” ဖြစ်သည်ဟု မှတ်ယူကြရမည် ဖြစ်ပေသည်။

စင်စစ်သူတစ်ပါးတို့က မိမိအပေါ်ပြောဆိုလာသောနှုတ်ဖြင့် ကျူးလွန်စော်ကားမှု၊
ကိုယ်ဖြင့် ကျူးလွန်စော်ကားမှုတို့အတွက် ဒေါသမထွက်အောင် စိတ်ကို
ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခြင်းသည် သည်းခြံခင်း ခန္တီ စစ်စစ် ဖြစ်ပေသည်။

■သည်းခံခြင်း = ခန္တီ အစစ်မဟုတ်သောအယောင်ဆောင်အမျက်မထွက်ခြင်း=အက္ကောဓ၏
သဘောမှာ သူတစ်ပါးတို့ ကိုယ်ဖြင့် ကျူးလွန်မှု၊နှုတ်ဖြင့် ကျူးလွန်မှုတို့ကြောင့် မဟုတ်ဘဲ၊
ဖြစ်ပွါးတတ်သော ဒေါသတစ်မျိုးကိုအကြောင်း ပြု၍ အမျက်မထွက်အောင်
ထိန်းသိမ်းခြင်းမှာ = “အက္ကောဓ” ဖြစ်၏။

■အမျက်မထွက်ခြင်း အက္ကောဓ ဖြစ်ပွားပုံကို ထင်ရှားသိသာစေရန် ဥပမာပုံဆောင် ပြရသော်...
လူတစ်ယောက်သည် အသုံးပြုရန် တစ်စုံတစ်ခုသော ပစ္စည်းကိရိယာတစ်ခုကို လူတစ်ဦးတစ်ယောက်အား
ပြုလုပ်ပေးရန် စေခိုင်းခဲ့၏။
ထိုအခါ ပစ္စည်း ကိရိယာ ပြုလုပ်ပေးရမည့်သူကလည်း သူ့ဉာဏ်ရှိသလောက် အကောင်းဆုံး ဖြစ်စေရန်
ကြံစည် အားထုတ် ပြုလုပ်ဆောင်ရွက်ပေးသော်လည်ပစ္စည်းအပ်နှံသူကလာရောက်ကြည့်ရှုသောအခါ
သူရည်မှန်းသည့်အတိုင်း မဖြစ်လျှင် အမျက် ဒေါသထွက်တတ်သည်။
ထိုသို့ အမျက်မထွက် ရန်ထိန်းထားခြင်းမှာ
= အက္ကောဓ ပင်ဖြစ်၏။ သည်းခံခြင်း = ခန္တီ
မဟုတ်ပေ။ ဤသို့အားဖြင့်လည်း “ခန္တီ နှင့် အက္ကောဓ”
တရားနှစ်ပါး ကိုကွဲပြားစွာသတ်မှတ်အပ်ကြပေသည်။

လောကလူသားများအနေဖြင့်
သည်းခံခြင်း = ခန္တီ တရားနှင့်
အက္ကောဓ = အမျက်မထွက်ခြင်း တရားနှစ်ပါးအပြင်
ကောဓ =အမျက်ထွက်ခြင်း၊
အကြောင်းတရားများကိုလည်း လေ့လာ
မှတ်သားသင့်ကြပေသည်။

ကောဓ = အမျက်ထွက်ခြင်း၌ အကြောင်းတရား“ကိုးပါး” ရှိ၏။ ယင်းကိုးပါးကို အာဃာတဝတ္ထု
ကိုးပါး ဟု ဘုရားဟောကြား တော်မူခဲ့သည်။ အမျက်ထွက်ခြင်းကိုးပါးနှင့် ပတ်သက်၍
မှတ်သားကြရန်မှာ အမျက်ထွက်ခြင်းသည် မိမိအတွက်သာ အမျက်ထွက်တတ်ကြသည်မဟုတ်။

မိမိခင်သော သူအတွက်လည်း အမျက်ထွက်တတ်သလို၊
မိမိ၏ ရန်သူအတွက်လည်း အမျက်ထွက်တတ်ကြ၏။

ထိုကဲ့သို့ အမျက်ထွက်တတ်ကြရာမှာလည်း လွန်ခဲ့သော အတိတ်ကာလ၊ မျက်မှောက်ပစ္စုပ္ပန်ကာလနှင့်
အနာဂတ်ကာလစသည့် ကာလသုံးပါးလုံးအတွက် အမျက်ထွက်တတ်ကြသည်။ သို့ဖြစ်၍ မိမိကိုယ်တိုင်
မိမိ၏မိတ်ဆွေ၊မိမိ၏ ရန်သူ စသည်အားဖြင့် ပုဂ္ဂိုလ်သုံးစားရှိပေရာ ပုဂ္ဂိုလ်တစ်ဦးခြင်းအတွက်ဖြစ်ပြီး၊
ဖြစ်ဆဲ၊ဖြစ်လတ္တံဟု ကာလသုံးပါးဖြင့် ပေါင်းစု ရေတွက်လိုက်လျှင် အမျက်ထွက်ခြင်းအကြောင်း ကိုးပါးဖြစ်ပွားလာ၏။ ထိုအမျက်ထွက်ခြင်း အကြောင်းတရားကိုးပါး၏
 
အနက် အဓိပ္ပါယ်မှာ . . .
●(၁)။ သူသည် ရှေးအခါက ငါ၏အကျိုးစီးပွားပျက်စီးခြင်းကို ပြုခဲ့ဖူးပြီးဟူ၍ အမျက်ထွက်ခြင်း။
●(၂)။ သူသည် ငါ၏ အကျိုးစီးပွား ပျက်စီးခြင်းကို ယခုလည်းပြုလုပ်ဆဲဟူ၍ အမျက်ထွက်တတ်ခြင်း။
●(၃)။ သူသည် ငါ၏ အကျိုးစီးပွား ပျက်စီးခြင်းကိုနောက်အခါတွင်လည်း ပြုလိမ့်ဦးမည်ဟူ၍
အမျက်ထွက်တတ်ခြင်း။
●(၄)။ သူသည် ရှေးအခါက ငါ့မိတ်ဆွေ၏အကျိုးစီးပွားပျက်စီးခြင်းကို ပြုလုပ်ခဲ့သည် ဟူ၍
အမျက်ထွက်တတ်ခြင်း။
●(၅)။ သူသည် ငါ့မိတ်ဆွေ၏ အကျိုးစီးပွားပျက်စီးခြင်းကို ယခုလည်းပြုလုပ်ဆဲဟူ၍
အမျက်ထွက်တတ်ခြင်း။
●(၆)။ သူသည်ငါ့မိတ်ဆွေ၏ အကျိုးစီးပွားပျက်စီးခြင်းကို နောက်အခါတွင်လည်း ပြုလိမ့်ဦးမည်ဟူ၍
အမျက်ထွက်တတ်ခြင်း။
●(၇)။ သူသည် ငါ့ရန်သူ၏ အကျိုးစီးပွားကို ရှေးက ပြုခဲ့ဖူးပြီးဟူ၍အမျက်ထွက်တတ်ခြင်း။
●(၈)။ သူသည်ငါရန်သူ၏ အကျိုးစီးပွားကို ယခုလည်း ပြုလုပ်နေဆဲဟူ၍ အမျက်ထွက်တတ်ခြင်း။
●(၉)။ သူသည်ငါရန်သူ၏ အကျိုးစီးပွားကိုနောက်အခါတွင်လည်း ပြုလုပ်လိမ့်ဦးမည် ဟူ၍
အမျက်ထွက်တတ်ခြင်း စသည့်အကြောင်းတရား ကိုးပါး တို့သည်
ကောဓ = အမျက်ထွက်ခြင်း၏ အကြောင်းရင်းခံ တရားများပင်ဖြစ်ပေသည်။

ယင်းအမျက်ထွက်ခြင်း၏ အကြောင်းရင်းခံတရားကိုးပါးသည်ပင် ခန္တီ သည်းခံတရားကို
မဖြစ်ပေါ်အောင် နှောင့်ယှက်ဖျက်ဆီးနေသောတရားဆိုးကိုးပါးဖြစ်လေရာ၊ဗုဒ္ဓ၏အဆုံးအမ ကို
လေးစားလိုက်နာနေသူမှန်သမျှ “ခန္တီ တရား” ကိုဖြည့်ကျင့် ဆည်းပူနိုင်ကြစေရန် ကောဓဟူသော
အမျက်ထွက်ခြင်း တရားဆိုးကိုးပါးကို အသိ၊သတိဉာဏ်ပညာ တို့ဖြင့်ထိန်းချုပ်လျက်
သူတော်ကောင်းတို့သည် လည်းကောင်း၊ဗုဒ္ဓဘာသာဝင်တို့သည် လည်းကောင်း
မြတ်နိုးအရေးထား လေးစားကြသည့် ခန္တီ သည်းခြံခင်း ဟူသော အကျင့်တရားကို အလေးထား၍ ကြိုးစား
ဖြည့်ကျင့်ဆည်းပူးကြရန် အထူးပင်လိုအပ်လှပေသည်။
-【ရှင်ဉာဏ(ဖျာပုံ)】
 
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association】
Posted by►
www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...