ကျမတည်းတဲ့  အိမ်က ဂျပန်အိမ်ရှင် လင်မယားက Yoshihama က ထမင်းဆိုင်လေးတခု ကို ခေါ်သွားပါတယ်။
ဒီဆိုင်လေးပါ--
ဒီဆိုင်လေးက ပုဂ္ဂလိက ပိုင် စီးပွားဖြစ် ရောင်းတဲ့ ဆိုင် မဟုတ်ပါဘူး။ဒီမြို့ လေးက ရုပ်သေးပြတိုက် နဲ့ နာမည်ကြီးနေတာမို့ 
သူတို့မြို့ လာအောင် ၊ စိတ်ဝင်စားစရာ ကောင်းအောင် ဆိုပြီး ဈေးချိုချိုနဲ့ ရိုးရာအစားအစာ ရောင်းနေတာပါ။
ဒီဆိုင်လေးမှာ ရောင်းချဖို့  ဗော်လံတီယာ အဖွဲ့ လေး ဖွဲ့ ပေးထားပြီး အဖွဲ့ ဝင်တွေက အသက် ၅၀ ကျော် ၆၀ ဂျပန်မကြီးတွေ များပါတယ်။
ဒီဆိုင်မှာ နေ့ ခင်းစာ Torimeshi နဲ့  Chirashizushi ဆိုတဲ့  အစားအစာ နှစ်မျိုးရောင်းပါတယ်။
ဒါက Torimeshi ပါ
ဒါက Chirashizushi ပါ
ဈေးနှုန်းကဘာစားစား နှစ်မျိုးလုံး ဂျပန်ယန်း ၃၀၀ ပဲကျပါတယ်။ထမင်း လိုက်ပွဲ ကြိုက်သလောက်ယူလို့ရပါတယ်။
ပိုက်ဆံ ထပ်မပေးရပါဘူး။
ဘာမှာစားစားရပါတယ်။ ကျမလဲ စားဖူးအောင် နှစ်မျိုးလုံး တစ်ပွဲ စီ စားကြည့်တော့ Torimeshi ကိုပို ကြိုက်ပါတယ်။
Chirashizushi က နဲနဲချိုပါတယ်။ စပါဂတီခေါက်ဆွဲ ကလည်း တော်တော်ကောင်းပါတယ်။
စားနေရင်းစားပွဲနောက်မှာ ချိတ်ထားတဲ့  စာလေးကိုသတိထားမိပြီး စိတ်ဝင်စားလို့  သေချာဖတ်ကြည့်မိပါတယ်။
Takahama မြို့  ၊ ကလေးသူငယ်များ ကျန်းမာပျော်ရွှင်စွာ စားသောက်ရေး အဖွဲ့  က ထုတ်ပြန် ထားတဲ့  စာလေးပါ။
ရေးထားတဲ့အကြောင်းအရာလေးက ----
" လစဉ် လတိုင်း ၁၉ ရက်နေ့ သည် မိသားစု စုံလင်စွာနဲ့ စားသောက်ရမယ့်နေ့ "
လစဉ်လတိုင်း ၁၉ ရက်နေ့ ကို မိသားစုအားလုံးနဲ့ အတူ အလေးအနက်ထားပြီးစားသောက်ရမယ့်ရက်အဖြစ် သတ်မှတ်ကြပါစို့ ။
တစ်လမှာ တစ်ကြိမ် မိသားစု စုံလင်စွာနဲ့  စားကြပါစို့ လား--
ကောင်းလိုက်တဲ့  သတ်မှတ် ချက်လေးပါ။အလုပ် တာဝန်တွေ ဖိစီးနေတဲ့  ဂျပန် လူနေမှု ပုံစံ ထဲမှာ ကလေးတွေ အတွက် စဉ်းစားပြီး ရေးသားထုတ်ပြန်ထားတာပါ။
ဒီလို တိုက်တွန်းနှိုးဆော်ပြီး ရက် တစ်ခု သတ်မှတ် ပေးလိုက်တော့  မိသားစုတွေ သတိထားမိပြီး တစ်လတစ်ခါတော့ အတူလက်ဆုံစားဖြစ်ကြမယ် ထင်ပါတယ်။
ကျမတို့ မြန်မာမှာလဲ မိသားစုတွေ တစ်လ ကို ဘယ်နှကြိမ်များ လက်ဆုံစားမိကြပါလိမ့် --
အမေနဲ့  မောင်လေး ရှိစဉ် ကတော့  အမေက အချိန်ရသလောက် အတူ စားဖို့  လုပ်ပေးတာမို့  စားဖြစ်ပါတယ်။
မောင်နှမ နှစ်ယောက် ထမင်းစားကြရင်း ကိုယ့် လုပ်ငန်းခွင် က အကြောင်းတွေ အပြန်အလှန်ပြောကြ၊ ငြင်းခုန်ကြ ၊
အမေ တို့က ၀င်ပြောကြနဲ့  ထမင်းဝိုင်းလေးကစည်ကားပါတယ်။
ခုတော့ အမေ လဲ ဆုံးသွားပြီး မောင်လေးလဲအဝေးရောက်နေပါတယ်။
ကျမကလည်း မနက်မိုးလင်းတာနဲ့ ထမင်းချိုင့် ဆွဲပြီး အလုပ်သွားလိုက်တာ မိုးစုန်းစုန်းချုပ်မှောင်မှ အိမ်ပြန်ရောက်ပါတယ်။
အဲဒီအချိန် ကျမ အဖေ က လည်း စားသောက်ပြီးနေလို့ တစ်ယောက်တည်းအမြဲ စားရပါတယ်။
ကိုယ်ကလဲ တစ်ယောက်တည်းစားတာ အကျင့်ဖြစ် နေပြီးအဖေနဲ့ အတူ လက်ဆုံ စားဖို့  သိပ် စိတ်ကူးမရှိတော့ပါဘူး။
ဒီလို နေလာတာကြာတော့ ကျမနဲအဖေ က စိမ်းလာပါတယ်။ ဒါ ကျမ လက်တွေ့ ခံစားရတဲ့  အဖြစ်အပျက်ပါ။
မိသားစု ဆိုတာ ထမင်းလက်ဆုံ စားကြရင် ပိုပြီး ရင်းနှီးနွေးထွေးပါတယ်။
ကလေးငယ်တွေ ဆိုရင်လဲ အဖေနဲ့ အမေ က ကြင်ကြင်နာနာယုယုယယ ကျွေးမွေးတဲ့  ထမင်းကသူတို့အတွက်
ပိုပြီးအဟာရ ဖြစ်စေမယ်လို့ ထင်ပါတယ်။
တတ်နိုင်သလောက် မိသားစုတွေ အတူ လက်ဆုံ စားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဂျပန် မှာလဲ ဒီခေတ် အိမ်ထောင်စုတွေ လက်ဆုံစားကြရတာ နည်းနေပါပြီ။
ကျမတည်းတဲ့ ဂျပန်အိမ်က ကတော့ မိသားစု နွေးနွေးထွေးထွေးနေတတ်ပြီး ဖော်ရွေသဘောကောင်းတဲ့ မြန်မာဆန်တဲ့ မိသားစုပါ။
အဲဒီဆိုင်လေးမှာ စားသောက်ပြီးပြန်လာတော့  ဂျုံခင်းတွေရှိတဲ့ နေရာမှာ ကားရပ်ပြီး ကျမတို့ကိုပါ ဆင်းခိုင်းပါတယ်။
ဒီနေရာမှာ ဘာလုပ်မလို့ပါလိမ့် လို့ တွေးနေတုန်း သူတို့က မြက်ခင်း စပ်ထဲက အဖူးလေးတွေပြပြီး နှုတ်ခိုင်းလို့ လိုက်နုတ်ရပါတယ်။
Sukushi လို့ခေါ်တဲ့ ဒီအဖူးလေးတွေပါ။ဒီရာသီမှ ပေါက်တဲ့ ရာသီပေါ် အပင်လေးတွေပါ။
ငယ်ငယ်က မြက်ကြားမှို နုတ်ခဲ့  တာ သတိရမိပါတယ်။ ပျော်စရာလဲကောင်းပါတယ်။
ဒီရာသီဆို သူတို့ အဲလို အမြဲ လာခူးတယ်တဲ့ ။ကျောင်းပိတ်ရက်ဆို မြေးလေးတွေ ပါ ခေါ်လာတယ်တဲ့ ။
အိမ်ရောက်တော့  ခူးလာတဲ့ အဖူးလေးတွေကို အတူ အခွံသင်ပြီး ရေဆေးပါတယ်။
ချက်လိုက်တော့ ဒီလိုလေးပါ--
ညဘက် ပျော်ပျော်ပါးပါးစားကြတဲ့ မိသားစု ထမင်းဝိုင်းမှာ ဒီဟင်းခွက်လေးက အရသာရှိလှပါဘိတော့တယ်။
အားလုံးလည်း ဒီစာလေးကိုဖတ်ပြီး တတ်နိုင်သလောက် မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် လက်ဆုံစားကြပါနော်။
No comments:
Post a Comment