စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အညာက သူငယ်ချင်း

လူဗိုလ်
(၁)
အသက်အရွယ်နဲ့ ဖြတ်သန်းမှုတွေများလာလေလေ သူငယ်ချင်း၊ မိတ်ဆွေဆိုတာ တိုးပွားလာလေလေပါပဲ။ များလွန်း
လာတော့လည်း တချို့ဆို မှတ်ဥာဏ်ထဲမှာတောင် မဆံ့တော့။ ကိုယ့်အပေါ်ကောင်းခြင်းဆိုးခြင်းထက် အချို့မှာ
စိတ်ထဲကအလိုအလျှောက်ကို မေ့ပျောက်သွားတတ်သလို အချို့ စိတ်ဝင်စားစရာသူငယ်ချင်း မျိုးကတော့
ဘယ်လောက်ပဲ ကာလတွေလွန်မြောက်သွားသွား၊ ဘယ်လောက်ပဲ နယ်မြေတွေ ခြားသွားသွား မေ့ပျောက်မရ
လောက်အောင်ကို စွဲမြဲနေတတ်ပါတယ်။

ကျနော် ကျောင်းသားဘ၀က ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းအတော်များများရှိခဲ့ဖူးပါတယ်။ များခြင်း နည်းခြင်း
ဆိုသည်မှာလည်း နှိုင်းရသဘောသာဖြစ်လေတော့ ကျနော်ပြောတဲ့ များခြင်းဆိုတာက သာမာန်ထက် များခြင်းမျှသာ။
ကမ္ဘာ့စံချိန်ဝင်လောက်အောင် ထူးထူးခြားခြားရယ်တော့လည်း မဟုတ်။ ကျနော်က တောင်ကြီး စက်မှုအထက်တန်း
ကျောင်းနဲ့  ကလော စက်မှုသိပ္ပံကျောင်းတို့ကို တက်ခဲ့ဖူးပါတယ်။ ဒါလည်းအဆန်းမဟုတ်။ မြန်မာပြည်မှာ ကျနော်တို့
တက်နေစဉ်ကာလကတည်းက ဒီကျောင်းမျိုးတွေက ၁၀ ဂဏန်းအထက်တွေချည်း။ ထူးတယ်လိုပြောနိုင်တာက
ကျနော်တက်ခဲ့တဲ့ကျောင်း ၂ ကျောင်းက အဆက်အစပ်ရှိနေတာ။


ကျနော်အမှတ်တရဖြစ်ခဲ့တဲ့ သူငယ်ချင်းက ဒီကျောင်း ၂ ကျောင်းလုံးမှာ ကျနော်နဲ့အတူဖြစ်ခဲ့သလို အပေးအယူ မျှခဲ့
တဲ့ သူငယ်ချင်း။ သူ့နာမည်က “ခင်မောင်ညို”။ သူဇာတိက ဟန်ဇားက။ သူနဲ့ ခင်မင်မိခဲ့တာက ပွင့်လင်းတဲ့ သူ့စိတ်ဓါ
ကြောင့်။ မရှိအတူ ရှိအတူ သူငယ်ချင်းပီသမှုကြောင့်။ နောက် သူက ထက်မြက်ပြီး ဥာဏ်ကလည်း အတော်ကောင်း
တာ။ အထက်တန်းကျောင်းသားဘဝမှာဆို သူ့မြို့နယ်မှာ လူရည်ချွန် ၃ ခါ ဆက်တိုက်ရခဲ့ဖူး တယ်တဲ့။


ကျနော်တို့မမြင်ရတဲ့အခြေအနေတွေမို့ လက်မခံနိုင်ရင်တောင်မှ ကျနော်တို့နဲ့ ဆုံရစဉ်တော့မှာ သူ့ အရည်အချင်းကို
မြင်နိုင်တယ်လေ။ ကျနော်တို့ တောင်ကြီးကျောင်းမှာက သင်တန်းအမျိုးအစား (၆) ခုရှိတဲ့ အထဲ သူနဲ့ကျနော်က
Building Construction ( အဆောက်အဦးသင်တန်း) မှာ အတူ။ စာကို အထူး အာရုံတစိုက် ကြိုးစားနေတာမဟုတ်
ပေမယ့် သင်တန်းသား ၆၀ ကျော်မှာ သူက အမြဲတန်းနီးပါး ပထမ။ အများ နားမလည်တဲ့ အကြောင်းအရာနဲ့ ပုစ္ဆာမျိုး
ဆို သူက နားလည်နေပြီးသား။ ကျောင်းမှာသင်လိုက်တာ မရှင်းလို့ နားမလည်လို့ သူ့ကိုမေးရင် ပေါ့ပေါ့ပါးပါးလေးနဲ့
ပင် နားလည်လွယ်အောင် သင်ကြားတတ်လို့ ဆရာတွေ ထက်တောင် အသင်အပြပိုကောင်းတယ်လို့ပင် ပြောရ
မလိုလို။ သူ့မြို့မှာဆို ကျောင်းသားချင်း အတူတူ သူ့ ငယ်ချင်းတွေကိုတောင် ကျူရှင် ပြန်ပေးခဲ့တာတဲ့။ သူ့ရဲ့ထူးခြား
တဲ့ဟန်တခုကတော့ ဘယ်အချိန်ကြည့်ကြည့် လက်သဲကို အမြဲလိုလိုကိုက်နေတတ်တာပဲ။ ဘယ်လောက်ကိုက်သလဲ
ဆိုရင် သူ့လက်သဲတွေကိုက ပုံမှန်ထက် တိုနေပြီ။
ကျနော်နဲ့ ခင်ဖြစ်တာက စာကြောင့်မဟုတ်။ အစားကြောင့်ဟုပြောစရာ။ မိဝေးဖဝေးမှာ မပြည့်စုံကြသူ အချင်း ချင်း
မျှဝေစားသောက်တတ်တဲ့ သူ့ရဲ့ညာဉ်ကြောင့်။ စားချင်သောက်ချင်တဲ့စိတ်ကြောင့် စိတ်ဆင်းရဲ့ ခံနေရ တာမျိုးကို
သူက မကြိုက်။ သူ့မှာရှိတာ အကုန်ကျွေးတတ်သည်။ ဆိုင်တဆိုင်ထဲထိုင်နေသူ ဘယ်သူ့ကိုမဆို မတွန့်တိုတတ်။
“စားချင်ရက်နဲ့ မစားရတာလည်း ဝဋ်တပါး” ဆိုတာက အမြဲပြောနေကျသူ့မူရင်းစကား။



သူက ဒီလိုပြောနိုင်လောက်တဲ့အခြေအနေတွေကလည်း ရှိနေတာကိုး။ သူ့မှာက မွေးမိဘနှစ်ပါးသာမက ကျွေးမိဘ
နှစ်ပါးကလည်း ရှိတယ်။ မိဘတွေအားလုံးကလည်း ရက်ကန်းရုံတွေနဲ့ ပြည့်ပြည့်စုံစုံတွေချည်းတဲ့။ ဒါ့အပြင်
သူ့ရည်းစားရဲ့မိဘတွေကလည်း သူကျောင်းတက်ဖို့ကို ထောက်ပံ့နေကြတော့ အလျှံအပယ်ဖြစ်နေတာ။ သုံးနိုင်သူ
ချင်းတူရင်သူက  တခြားသူငယ်ချင်းတွေထက် မျှဝေခံစားတတ်မှုက သူ့အားကောင်းချက်။


တောင်ကြီးကျောင်းမှာ နာမည်ကောင်းနဲ့ဖြတ်သန်းခဲ့တဲ့ ခင်မောင်ညိုတယောက် ကလောလည်းရောက်ရော
ဗွေဖေါက်လာတယ်။ ညဖက်ညဖက်ပျောက်ပျောက်သွားတယ်။ တည သန်းခေါင်ကျော်ကျော်လောက်မှာတော့
အဆောင်ကို အမောတကြီးပြေးလာပြီး သူ မြို့ထဲကအပြန် လမ်းမှာ လူတစုကရိုက်ပြီး သူ့အိတ်ကို လုယူသွား
တယ်တဲ့။ ကျနော်တို့ တဆောင်လုံးနီးပါး လိုက်ကြတာပေါ့။ ကျောင်းသားကို ဒီလိုဘယ်ထိလို့ရမလဲ။ ကလော မြို့ထဲက
သူငယ်ချင်းတွေ၊ မြို့ထဲက တာဝန်ရှိသူတွေအားလုံးကို အကြောင်းကြား အကူအညီတောင်းပြီး စုံစမ်း ခိုင်းပေမယ့်
ဘာသတင်းမှအစအနမရ။ ဒါက ခင်မောင်ညိုရဲ့ ပထမဆုံး လျို့ဝှက်သော အိတ်ပျောက်ဆုံးမှုကြီး။ နောက်နေ့မနက်
လည်းရောက်ရော တကျောင်းလုံးမှာ သူ့သတင်းပျံ့သွားပြီး တူညီရာ ကျောင်းသားအစုအဖွဲ့ အလိုက် သူ့ကို
ဝိုင်းထောက်ပံ့လိုက်ကြတာ ရဲစကားနဲ့ပြောရရင် တော်တော်ကိုက်သွားတာပေါ့။


နောက်တခေါက်က ကျောင်းအားကစားအဖွဲ့ ရန်ကုန်မှာပြိုင်ပွဲဝင်ဖို့ သွားကြတယ်။ ခင်မောင်ညိုတယောက် လည်း
ဘာကိစ္စနဲ့မှန်းမသိ ပါသွားလေရဲ့။ ခရီးစဉ်တလျှောက်လုံးပြဿနာမရှိခဲ့ပေမယ့် အပြန် ပျဉ်းမနား ဘူတာမှာ သူ့ကျော
ပိုးအိတ် အဆွဲခံလိုက်ရပြန်တယ်တဲ့။ ဒီဒုတိယမြောက် အိတ်ပျောက်ဆုံးမှုမှာလည်း ရင်းနှီးရာ သူငယ်ချင်းတွေ ၀ိုင်း
ဝန်းထောက်ပံ့လိုက်ကြတာပါပဲ။

(၂)
ကလောမြေကို ဒုတိယနှစ် ကျောင်းပြန်တက်ကြတော့ ထူးဆန်းစွာ ခင်မောင်ညို စာမေးပွဲကျတဲ့ သတင်းကို စိတ်
မကောင်းခြင်းကြီးစွာ ကြားလိုက်ရတယ်။ ဒါပေမယ့် ခင်မောင်ညို ကျောင်းပြန်လာတာကိုတော့ မတွေ့ရ။ ခင်မင်
ရင်နှီးလာခဲ့ကြတာ ကြာနေပေမယ့် သူ့လိပ်စာကို တယောက်မှ မသိကြ။ ဒါကြောင့်ပဲ သူကိုမဆက်သွယ် မိခဲ့ကြ။

တရက်တရက် ပြန်ရောက်လာနိုးနိုးနဲ့ ကလောကျောင်းမြေမှ ခင်မောင်ညို ပျောက်သွားတာ တနှစ် ကျော်ပါပေါ့။

ကျောင်းဖွင့်ပြီး တတိယနှစ်ကို ဖြတ်နေကြစဉ်တရက်မှာတော့ နေ့လည်ကျောင်းလွတ်ချိန် အဆောင်ကို ပြန်အရောက်
ကျနော့်ကုတင်မှာ ဧည့်သည်တယောက်ကို အမှတ်မထင်တွေ့လိုက်ရပါတယ်။ အသေအချာ ကြည့်လိုက်မှ
ခင်မောင်ညို။ သူ့ ဥပတိရုပ်က အရင်ခင်မောင်ညိုမဟုတ်တော့။ ဆံပင်ကရှည်ပြီး ရုပ်က ညှင်းသိုးသိုး၊ အသားက
မွဲချောက်ချောက်ဖြစ်ကာ မှတ်မိဖို့ကို အတော်ကြိုးစားယူရတယ်။ မမှတ်မိဘူး ပြော မိရင်လည်းသူစိတ်မကောင်းဖြစ်
မှာမို့  ချက်ချင်းမှတ်မိသယောင် ဟန်ဆောင်နေလိုက်ရပေမယ့် ကျနော့်လိုပဲ မမှတ်မိကြသူက
သူငယ်ချင်းအရင်း အများစု။


“ငါကျောင်းပြန်တက်ချင်တယ်ကွာ။ ငါမိုက်လို့ ဘ၀တွေလည်း ပျက်ခဲ့ရပြီးပြီ။ အခုငါ နောင်တတွေရနေပါပြီ။ ငါ့ကို
ကူညီကြပါကွာ” တဲ့။ ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲဗျာ။ ကျနော်ပဲ ကမကထလုပ် လူစုပြီး ခင်မောင်ညို
ကျောင်းပြန်တက်နိုင်ရေးကို လှုပ်ရှားလိုက်တယ်။ ကျောင်းကတာဝန်ရှိဆရာတွေနဲ့ စုံစမ်းကြည့် တော့လည်း
ကျောင်းပြန်တက်လို့ရပါတယ်တဲ့။ ကျနော်တို့ အားလုံး ၀မ်းသာလိုက်ကြတာ။


“ငါ့မိဘတွေတော့ ဆုံးသွားကြပြီကွာ” ဆိုတဲ့ ခင်မောင်ညိုရဲ့စကားသံကလည်း ကျနော်တို့ နှလုံးသားတွေကို
ဆွဲခါလှုပ်ရမ်းသလိုဖြစ်စေခဲ့ပါတယ်။ သူ့ပြောပြချက်တွေအရ သူကျောင်းက ပြန်သွားပြီး သိပ်မကြာခင်မှာပဲ
အိမ်ထောင်ကျတယ်။ နှစ်ဖက်မိဘတွေက ကျောင်းမပြီးခင် အိမ်ထောင်ပြုလိုက်လို့ သဘောမတူကြဘူး။ မွေးမိဘ
ကျွေးမိဘ နှစ်ပါးလုံးက သူ့ကို စွန့်လွှတ်လိုက်ကြတယ်။ ယောက်ခမဖက်က သမီးမျက်နှာနဲ့ သူ့အိမ်မှာ ခေါ်ထား
လိုက်ပေမယ့် သိပ်တော့ ကြည်ကြည်လင်လင်ရှိတာ မဟုတ်ဘူးတဲ့။ အထူးသဖြင့် သူ့သမီးလေး မွေးပြီးတဲ့နောက်
ပိုင်းမှာ ပိုဆိုးလာတယ်။ မိန်းမကအစသူ့ကို ချိုးနှိမ်ပြီး ဆက်ဆံလာကြတယ်တဲ့။ အလုပ်က မရှိတဲ့အပြင် အရင်လို
ကျောင်သားဘ၀မဟုတ်ပြန်တော့ မျှော်လင့်စရာ လမ်းစကလည်းမရှိနဲ့မို့ အထင် သေးလာကြတာပေါ့။ ဒါနဲ့တင်
မိုးကုတ်ဖက်မှာ ကျောက်သွားတူးဖို့ ဆုံးဖြတ်ပြီး ၆ လလောက် အလုပ် လုပ်ကြည့်တယ်တဲ့။ ဟိုမှာငှက်ဖျားမိ၊
သေမလောက်ဖြစ်ပြီး မိန်းမဆီပြန်လာတော့  ယောက်ခမတွေရော မိန်းမ ကပါ လက်မခံကြတော့ဘူးတဲ့။ မိဘတွေ
ကလည်း လှည့်မကြည့်ကြတော့ ကျနော်တို့ကို အားကိုးပြီး ကျောင်း တက်ဖို့ သူပြန်လာတာတဲ့။ ဘယ်လောက်ဆိုး
လိုက်တဲ့ ဘ၀လဲဗျာ။

ကျနော်လည်း သူ့အကြောင်းကို စာရေးပြီး တောင်ကြီး စက်မှုအထက်တန်းကျောင်းက ဆရာတွေဆီမှာ အကူ
အညီတောင်းတယ်။ ကလောကျောင်းက သူငယ်ချင်းတွေဆီမှာ အကူအညီတောင်းတယ်။ ခင်မောင်ညို ကျောင်း
ပြန်တက်နိုင်ဖို့ကို ကျနော်ကပဲ တာဝန်ယူလိုက်တယ်။ နေစရာကို ကျနော်နဲ့ရင်းနှီးတဲ့ ဗိုလ်မှူးကတော် တယောက်
နဲ့ ညှိကြည့်တော့ အဆင်ပြေသွားတယ်။ သူကျောင်းတက်နေသမျှ ကူညီပါမယ်တဲ့။ စားစရာကိုတော့ အဆောင်
စားဖိုက ကျနော့်စကေးကို ပေးထားလိုက်တယ်။ ကျနော်က နားလည်မှုနဲ့ စားဖိုမှာ အချိန်မရွေးစားနိုင် တာကိုး။
သူ ရဲရဲတင်းတင်း အချိန်မရွေးစားနိုင်ဖို့ကို စီစဉ်လိုက်တာပါ။ အားလုံးလည်းအဆင်ပြေသွားပါတယ်။ စာအုပ်စာတမ်း
နဲ့ အ၀တ်အစားတွေဆို ကျောင်းက သူငယ်ချင်းတွေဝိုင်းပေးလိုက်ကြတာ ချက်ချင် အလျှံအပယ် ဖြစ်သွားတယ်။

“ငါ့ကို နောက်ဆုံးအခွင့်အရေး တခုပေးကွာ။ လွိုင်ကော်က ငါ့ဦးလေးတယောက်ဆီမှာ အကူအညီနဲနဲတော့
သွားတောင်းကြည့်ချင်သေးတယ်” တဲ့။ သူ့အမေရဲ့ မောင်တဲ့။ အများဆုံးတပတ်ပဲကြာမယ်တဲ့။ ဖြစ်နိုင်ချေတွေ
လည်းရှိနေတော့ သူ့ကို လမ်းစရိတ်ရှာပေးပြီး လွှတ်လိုက်တယ်။ အကယ်၍လမ်းမှာ တစုံတရာ အခက်အခဲရှိရင်
အကူအညီတောင်းနိုင်ဖို့ ပင်လောင်းက ကျနော့်အကို ကိုလည်း စာတစောင်ရေးပေးလိုက်တယ်။

ဆံပင်ပြန်ညှပ်ထားပြီး အ၀တ်အစားလေးပြောင်းသွားတော့ ခင်မောင်ညိုပုံက အရင်နဲ့ နဲနဲ ပြန်တူလာသလိုလို။
အရင်လို ကျောင်းသားဘ၀နဲ့ ခင်မောင်ညိုကို ကျနော်တို့ သူငယ်ချင်းအားလုံး ပြန်မြင်ချင်နေကြတာ။
(၃)
၃ ရက်မြောက်နေ့မှာ ခင်မောင်ညို ပြန်ရောက်လာတယ်။ မျက်နှာကတော့ သိပ်မကောင်း။ သူ့ဦးလေးဆိုသူက
ရောက်ရောက်ချင်းပဲ သူတို့လည်း အဆင်မပြေဘူးပြောပြီး မြေပဲတင်တဲ့ ကားကြုံတစီးနဲ့ ပြန်ထည့်ပေးလိုက် တယ်တဲ့။
အရင်ကလို၊ တူတယောက်လို ဆက်ဆံတာမျိုး မရှိတော့ဘူးတဲ့။ ဒါနဲ့ အပြန်မှာ ပင်လောင်းလည်း ရောက်ရော၊
ကျနော့်အကိုအိမ်ရှေ့လောက်မှာ မြေပဲအိတ် ၃ အိတ်ကို ကားပေါ်ကကန်ချပြီး နေခဲ့လိုက်တယ် တဲ့ဗျာ။ နောက်မှ
အိတ်တွေကို ပြန်ရှာ၊ ကျနော့်အကိုအိမ်ကိုသွား၊ မြေပဲလာရောင်းတာပါလို့ပြောတယ်တဲ့။

နောက်နေ့မှ မြေပဲရောင်းလို့ရတဲ့ပိုက်ဆံ၊ ကျနော့်အကို ကူညီလိုက်တဲ့ ပိုက်ဆံတွေနဲ့ ပြန်လာတာတဲ့။ တော် တော်ဆိုး
တဲ့ကောင်။ သူကျောင်းပြန်တက်တာကိုပဲ မြင်ချင်နေတဲ့ ကျနော်တို့တတွေကတော့ ဘာမှပြောမနေ တော့ပါဘူး။ သူ
အရင်လို စိတ်ဓါတ်မျိုးမဟုတ်တာကိုတော့ မသိမသာ သတိထားလိုက်မိကြပါရဲ့။
ခင်မောင်ညို ကျောင်းပြန်တက်ပြီး တလလောက်အတွင်း ပြဿနာ ၃-၄ ခု ကျနော် လိုက်ဖြေရှင်းရတယ်ဗျာ။
ပထမတခုက သူ အရက်မူးမူးနေတာ။ မူးပြီး သူနေတဲ့အဆောင်မှာရစ်တာ။ အဆောင်မှူး ဗိုလ်မှူးကတော် က အစ
ကတည်းက အရက်မူးတာတခုတော့ မကြိုက်ကြောင်းပြောထားလို့ သူ့ကို ကတိတောင်းထားပြီးသား။ အဲ့ဒီတုန်း
ကတော့ သူ ပေးလိုက်တဲ့ကတိ။ ဒါနဲ့ သူ့ကို ခေါ်ပြောပြတော့ ကျနော့်ရှေ့မှာ ငိုပါလေရောဗျာ။

“ငါ သမီးလေးကို သတိရလို့ပါကွာ၊ ငါ့သမီလေးကိုမတွေ့ရတာ ကြာပြီးကွ၊ ငါ့သမီးလေးကို ငါ သိပ်ချစ်တာပဲ …” တဲ့။
သားသမီးမရှိပေမယ့် သူပြောတာက ခံစားစရာဖြစ်နေတော့ ကျနော် သူနဲ့အတူ မျက်ရည်လိုက်ကျကျချင်တောင်
ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဗိုလ်မှူးကတော်ကို သူ့အခြေအနေကို ရှင်းပြပြီး တောင်းပန်ရပြန်တာပေါ့။

ဒုတိယပြဿနာကလည်း အဲ့ဒီအဆောင်မှာပဲ။ အဆောင်ပိုင်ရှင် ခေါ်ခိုင်းတယ်ဆိုလို့ ကျနော်သွားတော့ …
“သားသူငယ်ချင်းကို မေးကြည့်ပါဦး၊ အခု အဆောင်မှာ  Calculator တလုံးပျောက်သွားတယ်။ အဲ့ဒီအချိန်းက
အန်တီနဲ့ ခင်မောင်ညိုပဲ အဆောင်မှာ ရှိကြတာ။ ခင်မောင်ညိုမယူရင်တော့ အန်တီယူတာပဲဖြစ်မှာ” တဲ့။ ပြဿနာ …

ခင်မောင်ညိုကို ဘယ်လိုမေးရမလဲစဉ်းစားနေတုန်း သူရောက်လာပြီး လမ်းကဂေါက်ကွင်းထဲမှာ Calculator တလုံး
ကောက်ခဲ့ရတယ်တဲ့၊ အဲ့ဒါကို ကျောင်းမှာ သွားကြော်ငြာပေးပါတဲ့။ ကျနော်လည်းပျော်သွားတယ်။ သူပြောတာကို
မယုံပေမယ့် သူ့ ဆီကပြန်ရတော့ ပြဿနာ ဖြေရှင်းလို့ရသွားပြီမဟုတ်လား။ ဒါနဲ့ပဲ ကြော်ငြာ ဘုတ်မှာစာကပ်ပြီး
ဖြေရှင်းလိုက်ရပါတယ်။

နောက်ဆုံးပြဿနာကတော့ မီးချောင်းနဲ့ချုပ်ကိစ္စ။ ကျနော်သူငယ်ချင်း ဇော်ရဲက အပြင်ဆောင်တခုမှာနေတာ။
မီးလုံးလေးပဲထွန်းထားတော့ အလင်းက သိပ်မကောင်း။ တရက်မှာ ကျနော်သွားလည်တော့ ဇော်ရဲက ကျနော့် ကို
ကြွားတယ်။ သူ့အခန်းမှာ ဘာထူးဆန်းနေလဲ တဲ့။ မီးချောင်းကို မြင်တော့ ကျနော် ဒါကို တနေရာရာမှာ မြင်ဖူးသ
လိုလို မှတ်မိနေသလိုလို။ ဘယ်ကရတာလဲမေးတော့မှ ခင်မောင်ညိုပေးတာတဲ့။ သေချာတာက ဒါ ခင်မောင်ညိုတို့
အဆောင်က မီးချောင်းလေ။ မလုပ်သင့်တာတွေ ခင်မောင်ညို လျှောက်လုပ်ပြန်ပြီ။  ဇော်ရဲကို မင်းဒါကို ပြန်ပေး
လိုက် မင်းပါပြဿနာတက်မယ်ရှင်းပြခဲ့တော့ သူလည်းလန့်ပြီး ခင်မောင်ညိုကို ပြန်ပေးလိုက်ပါ တယ်။ ဒီနောက်
ပိုင်း ခင်မောင်ညိုက ကျနော်တို့ကို ရှောင်လာတယ်။ သူ့ကိုယ်သူ မလုံတော့တာလည်းဖြစ်မယ်။
ခင်မောင်ညိုတယောက် ဗိုလ်မှူးကတော် အဆောင်က ဆင်းသွားတယ်တဲ့။ နောက် နတ်ကတော် အချောက်ကြီး
တယောက်အိမ်မှာ သွားနေပြီတဲ့ သတင်းတွေရပါတယ်။ ကျနော်တို့ကိုတော့ သိပ်မဆက်ဆံတော့ပါဘူး။ ကျနော်
တို့လည်း သူ့ကို စိတ်ကုန်လာတာရယ်။ သူအဆင်ပြေနေတယ်။ ကျောင်းဆက်တက်နေတာ မြင်နေရတယ်ဆို
ပြီးရောဆိုပြီး မသိသလို ထားလိုက်ကြပါတော့တယ်။ ခင်မောင်ညို တောက်တောက်ပြောင်ပြောင်နဲ့ ဖြစ်နေတာ ကို
တွေ့ရတော့ ကျနော်တို့ ကျေနပ်တယ်လေ။ ဒါကလည်း ခနပါပဲ တလ ကျော်လောက်ကြာတော့ ခင်မောင်ညို
နတ်ကတော် အချောက်ကြီးနဲ့ ပြဿနာဖြစ်ပြန်ပြီတဲ့။ မူးပြီးသောင်းကျန်းလို့ နတ်ကတော်ကြီးက အိမ်မှာ
မထား တော့ပြန်ဘူးတဲ့။


ခင်မောင်ညိုက ကံတော့ အတော်ကောင်းတာ။ နတ်ကတော်အိမ်ကဆင်းပြီးနောက် ကလောမြို့ထဲက အိမ် တအိမ်
ကိုရောက်သွားပြီတဲ့။ မြို့နယ်ကောင်စီရုံးက စာရေးမလေး အိမ်မှာတဲ့။ ကြားရတဲ့ သတင်းအချက်အလက် တွေအရ
သူက တောင်ကြီးကျောင်းက ဓါတုဆရာဦးမြင့်သူရဲ့ သွန်သင်မှုကို လက်တွေ့အကောင်အထည်ဖေါ် လိုက်တာဗျ။
ဆရာမြင့်သူကပြောဖူးတယ်။ “မင်းတို့မှာ တကယ်အရည်အချင်းသာရှိ။ အကူအညီဆိုတာလုပ် တတ်ရင်ရပါတယ်။
ကျနော် ဆယ်တန်းကို အမှတ်ဘယ်လောက်နဲ့ အောင်ထားပြီးပါပြီ၊ ဆေးတက္ကသိုလ် ဒါမှ မဟုတ် စက်မှုတက္ကသိုလ်
တခုတခုကို တက်ခွင့်ရထားပါတယ်။ ကျနော့်မှာ ကျောင်းတက်ဖို့အခက်အခဲ ဖြစ် နေပါတယ်။ ကူညီကြပါဆိုပြီး
ဆက်သွယ်ရမယ့်လိပ်စာထည့်ထားပြီး လူများများရောက်တတ်တဲ့ ဘူတာလို ဈေးလိုမျိုးမှာ သွားကပ်ထားလိုက်။
ကူညီချင်တဲ့လူတွေ ဆက်သွယ်လာလိမ့်မယ်” ဆိုတာကို ခင်မောင်ညိုက လက်တွေ့အသုံးချလိုက်တာတဲ့။
ကလောဘူတာရုံမှာသွားကပ်ထားလိုက်လို့ စာရေးမလေးအိမ်က ဆက်သွယ်ပြီး သူတို့တာဝန်ယူထားလိုက်ကြတာ။
စာရေးမလေးက ငယ်ငယ်ချောချောလေး။ သူ့အမေကလည်းမုဆိုးမ။ ခင်မောင်ညိုကို အကိုလို၊ သားလိုချစ်လိုက်ကြတာ။


ခွေးမြီးကောက် ခင်မောင်ညိုကတော့ ထုံးစံအတိုင်း နှစ်ဝက်ကျောင်းပိတ်ရက် သူ့မြို့ကိုပြန်ပြီး ပြန်မလာတော့ဘူး။
ကျောင်းကိုရော စာရေးမလေးအိမ်ကိုရော။ ကျနော်တို့လည်း နောက်ဆုံး နှစ်ဖြစ်တာရယ် ကျောင်းပြီးရင် ရင်ဆိုင်ရမယ့်
အတွေးတွေရယ်နဲ့ ခင်မောင်ညိုကို ကြာတော့လည်း မေ့မေ့ပျောက်ပျောက်။

 
(၄)
ကျနော်ကျောင်းပြီးပြီးချင်း ၃၈ လမ်းရှေ့က မီးရထားကော်ပိုရေးရှင်းလက်အောက်ခံ EIC စက်ရုံမှာ အလုပ် (၆) လ
လောက်ဝင်ခဲ့ပါတယ်။ နောက် အလုပ်လုပ်ရတာ ထောင်ကျသလိုခံစားနေရတာရယ်၊ ကျောင်းသားစိတ်
မပျောက်သေးတာတွေရယ်ကြောင့် အလုပ်ကထွက်ပြီး တောင်ကြီးကိုတက်ခဲ့ပါတယ်။ တောင်ကြီးကို တိုက်ရိုက်
မသွားသေးပဲ ကလောကျောင်းက သူငယ်ချင်းတွေဆီကိုဝင်အလည်မှာ ခင်မောင်ညိုရဲ့သတင်းတွေက ဆီးကြို
နေတာပေါ့။ ခင်မောင်ညိုရောက်လားပြီး ဇော်ရဲနဲ့သူငယ်ချင်းတချို့ ကျောင်းမပြီးကြသေးတော့ သူတို့အဆောင် မှာ
လာနေတယ်တဲ့။ ကျောင်းကိုတော့ စိတ်ကုန်သွားပြီပြောတယ်။ ကျနော်ရန်ကုန်မှာအလုပ်လုပ်နေတာကို သိတော့
ရန်ကုန်ကို လိုက်သွားတယ်တဲ့။ ကျနော်မရောက်ခင် တရက်လောက်ကတဲ့။ ကျနော်နဲ့လွဲပြီပေါ့။

ဒါက ပြဿနာမဟုတ်ပါ။ သူမတွေ့ရင် ကျနော့်သတင်းစုံစမ်းပြီး ကျနော့်ဆီကို လိုက်လာမှာပါ။

ပြဿနာက သူ ဇော်ရဲတို့နဲ့ နေစဉ် လုပ်သွာတဲ့အလုပ်။ တရက်မှာ အောင်ချိုဆိုတဲ့ သူငယ်ချင်းက ရေချိုးဖို့ နာရီ
ချွတ်သွားတယ်တဲ့။ နောက်ပစ္စည်းတခုကျန်ခဲ့လို့ အခန်းထဲကိုချက်ချင်းပြန်ဝင်အလာ ခင်မောင်ညိုက နာရီကိုယူ ပြီး
သူ့ဘောင်းဘီထဲ ထည့်နေတာကို မြင်လိုက်ရတယ်တဲ့။ ဆိုတော့ သူငယ်ချင်းအချင်းချင်း ပြောရမှာတောင်
မကောင်းတော့ဘူးလေ။ ဒါနဲ့ပဲ ဇော်ရဲတို့ကိုပါအော်ခေါ်ပြီး နာရီပျောက်သွားလို့ ရှာခိုင်းတယ်တဲ့။ ဒီတော့မှ ခင်မောင်
ညိုက သူ့ဘောင်းဘီထဲက နာရီကိုပြန်ထုတ်ပြီး ဒီမှာတွေ့ပြီလို့ ပြောတယ်တဲ့။ ကြားရတဲ့သတင်းက ခင်မောင်ညို
အတွက်မကောင်းတော့။ သူ့အပေါ် သူငယ်ချင်းအရင်းတွေက အယုံအကြည်မဲ့သွားကြကုန်ပြီ။
ကျနော် ကလောမှာ တပတ်လောက်နေပြီး တောင်ကြီးကို ဆက်တက်ခဲ့ပါတယ်။ တောင်ကြီးမရောက်ခင်
ရွှေညောင်သကြားစက်က ကိုဇော်ဝင်းဆီ ၀င်လည်လိုက်တယ်။ ကိုဇော်ဝင်းနဲ့ မတွေ့တာ ကြာပြီလေ။ သကြား
စက်ကို ရောက်ရောက်ချင်း ကိုဇော်ဝင်းက ခင်မောင်ညိုအကြောင်း ဆီးပြောတော့တာပဲ။

“မင်းကို ငါ စိုးရိမ်နေတာ မင်းနောက်ကို ခင်မောင်ညိုလိုက်နေတယ်။ ရန်ကုန်မှာမင်းရှိတယ်ဆိုလို့ လိုက်သွား သေး
တယ်တဲ့၊ မင်းတို့အိမ်ကိုလည်း ၀င်ခဲ့တယ်တဲ့” “ အဲ့ဒီမှာတော့ ဘာတွေဖြစ်ခဲ့လဲမသိဘူး ဒီမှာတော့ ဒုက္ခ ပေးသွားပြီ
ကွာ၊ သူကျောင်းဆက်မတက်ဖြစ်တာသိရလို့ စိတ်မကောင်းဖြစ်နေကြတာ။ ဒါနဲ့ မင်းဒီမှာ ပျော် သလောက်နေ
ဆိုပြီး ငါတို့အလုပ်သွားတော့ အခန်းမှာသူ့ကိုထားခဲ့တာ။ ငါအလုပ်ကပြန်လာတော့ ခင်မောင်ညို မရှိတော့ဘူး။
ပထမ လက်ဖက်ရည်ဆိုများ သွားထိုင်နေလားထင်မိသေးတယ်။ မဟုတ်ဘူးကောင်ရေ။

ငါ့အ၀တ်အစားတွေရော ငါ့အခန်းဖေါ်အ၀တ်အစားတွေရော မပြီး ပြေးတာကွာ” တဲ့။ “ ငါ့အ၀တ်အစားတွေက
အရေးမကြီးပါဘူး။ သူများဟာတွေပါသွားတော့ ငါလည်းမကောင်းဘူးဖြစ်သွားတယ်၊ နောက် မင်းနောက်ကို
လိုက်နေတာဆိုတော့ မင်းကိုလည်း သတိထားဖို့ အကြောင်းကြားချင်နေတာ။ ဒီကောင် တော်တော်ပြောင်းလဲ
သွားပြီနော်” တဲ့။ ကျနော်ဘာပြန်ပြောရမှန်းတောင်မသိတော့။ ကလောကသူ့သတင်းလည်း မပြောပြချင်တော့။

ကျနော့်အိမ်မှာ သူဘာတွေလုပ်ခဲ့သေးလဲ၊ ရန်ကုန်မှာရော ဘာတွေပြဿနာရှာသေးလဲဆိုတာကိုသာ
စိုးရိမ်နေ မိတော့တယ်။
တောင်ကြီးကိုရောက်တော့ ခင်မောင်ညို ကျနော်ထက်ကြိုရောက်နှင့်နေပြီ။ ကျနော့်ဆရာတယောက်က သူ့ကို
ဝပ်ရှော့တခုမှာ အလုပ်သွင်းထားပေးပြီးပြီတဲ့။ ဆရာ့မျက်နှာနဲ့ သူ့ကို ပညာသင်ပေးရုံမက လစာပါ ပေးမှာတဲ့။

တရက်တော့ ကျနော် သူ့ကို သွားတွေ့လိုက်ပါတယ်။ သူက အပြင်ထွက်ခွင့်သိပ်မရတာမို့ပါ။ ကျနော်ရောက်
နေတာ သူသိပြီး သူ့ကိုလာမတွေ့ရင် အားငယ်နေမှာစိုးလို့။ နောက်သူ့ကို သူငယ်ချင်းတယောက်အနေနဲ့ ပြောသင့်
တဲ့စကားတွေကို ပြောချင်လို့ပါ။ အလုပ်ရှင်ဆီ ခွင့်ခနတောင်းရင်း သူ့ကို ဆိုင်တဆိုင်မှာ ပြောချင်တာ တွေ
အားရပါးရ ပြောပစ်လိုက်တယ်။

“ မင်းဒီလိုသာဆက်သွားနေရင် လူဖြစ်တော့မှာမဟုတ်ဘူး ခင်မောင်ညို။ မင်းငါ့အပေါ်ကောင်းခဲ့တာတွေကို
ငါမမေ့ပါဘူး။ ဒါပေမယ့် မင်းဒီအကျင့်မျိုးသာဆက်ရှိနေမယ်၊ ဆက်လုပ်နေမယ်ဆိုရင်တော့ ငါလည်းမင်းကို
ရှောင်ရတော့မှာပဲ။ အခုအလုပ်ကလည်း ဆရာတို့မျက်နှာနဲ့ရတယ်ဆိုတာ မင်းမမေ့နဲ့။ မင်းအဲ့ဒီမှာ ဒါမျိုး ထပ်
လုပ်ရင်တော့ ဆရာ့ကို စော်ကားသလိုဖြစ်နိုင်တယ်နော်။ နောက်မင်းကို ယုံကြည်တဲ့သူ တဖြည်းဖြည်းနဲ သွားလိမ့်မယ်။
မင်းဘာဖြစ်နေတာလဲဆိုတာ ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပြ။ ဖြေရှင်းလို့ရသမျှ ငါဖြေရှင်း ပေးမယ်ကွာ မင်းဘဝကို
မင်းအမှန်အတိုင်းမြင်ပြီး ပြန်ပြင်စေချင်တယ်။” လို့ ပြောလိုက်မိတယ်လေ။


“ ငါနောင်တရနေပါပြီကွာ၊ ငါ့ဘ၀ငါ တည်ဆောက်နေပါပြီ။ စိတ်ချပါ” တဲ့။ သူ့ငှက်ဖျားက မကြာမကြာတက် တတ်
တာမို့ ဆေးလိုတဲ့အခါ ဒီလိုမျိုးလုပ်မိတာပါတဲ့။ “ မင်းငွေလိုတိုင်း ငါ့ဆီဆက်သွယ်ကွာ၊ အခုလည်း မင်းလို တာကို
ငါပေးထားမယ်။” လို့ပြောက သူ့အတွက် အိတ်ဆောင်ငွေလေး ပေးထားခဲ့ပြီး ကျနော်ပြန်ခဲ့တယ်။


(၅)
တလကျော်ကျော်လောက်မှာ ခင်မောင်ညိုတယောက် ကျနော့်အခန်းကို ရောက်လာပါတော့တယ်။ ကျနော်က
သူ့အဖျားပြန်ထလို့များလားလို့ မေးမိတော့ “ ငါ့ကို  အလုပ်ရှင်တွေက အရမ်းနှိမ်ကြတယ်ကွာ၊ အလုပ်ကိုလည်း
ကျွန်လိုခိုင်းကြတာ။ ငါမတတ်နိုင်တော့ဘူး။ ဆရာ့မျက်နှာနဲ့ မင်းပြောထားလို့သာ ငါဒီလောက်အထိ သည်းခံပြီး
ဆက်လုပ်ခဲ့တာပါ” တဲ့။ သူဟန်ဇားကိုပဲပြန်တော့မယ်တဲ့။ မပြန်ခင် ခနလောက်ကျနော်နဲ့ နေပါရစေတဲ့။ ကျနော်
လည်းမငြင်းနိုင်တော့။


 
ခင်မောင်ညိုတယောက် ကံဒီလောက်တောင်နိမ့်နေတာ ဘာများဖြစ်နေလို့လဲ သိချင်စိတ်နဲ့ ကျနော်သူ့မွေးနေ့ကို
မေးမိလိုက်တယ်။ ဒီအချိန်မှာ ကျနော်က ဗေဒင်တို့ လက္ခဏာတို့ကို စိတ်ဝင်စားနေချိန်။ မှတ်မှတ်ရရ အဲဒီနေ့က
ဟိန္ဒူဘုရားကျောင်းထဲက ဗေဒင် မှန်တယ်ဆိုလို့ ကျနော်သွားကြည့်ပြီးပြန်လာတာ။ အဟောမှာက နိုင်ငံခြားကို
အဖွဲ့လိုက် ၃-၄ ခေါက်သွားရမှာရှိကြောင်း၊ အရှေ့တောင်အရပ်ကို သွားဖို့ပြင်နေကြောင်း၊ သွားဖြစ်ရင် မပြန်လမ်း
ဖြစ်နိုင်ကြောင်းတွေပါတယ်။ နောက် သောကြာသားကြောင့် စိတ်အနှောက်အယှက်ဖြစ်ရမယ်လို့လည်းပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ခင်မောင်ညိုကလည်း သောကြာသားတဲ့ဗျာ။ ခင်မောင်ညိုဆိုတော့ သောကြာသားဖြစ် မယ်
လို့ မထင်ဘူးလေ။ “ငါ့ကိုတော့ သောကြာသား ဒုက္ခပေးမယ်ဟောထားတယ် ခင်မောင်ညိုရေ။ မင်းတော့ မဖြစ်ပါ
စေနဲ့ပဲ ဆုတောင်းရမှာပဲ” လို့ ပြောလိုက်တော့ “ သူငယ်ချင်းအချင်းချင်း လုပ်ပါ့မလားကွာ” တဲ့။

နောက်ရက်မှာ ကျနော်အလုပ်သွားတော့ သူ့ကို အိမ်မှာထားခဲ့ပြီး ဟင်းချက်စရာဝယ်ဖို့နဲ့ သူသုံးဖို့ပါငွေထား
ခဲ့ပေး ပါတယ်။ သူအနေမကြပ်ပဲ သွားလာနိုင်အောင်လို့။ ကျနော့် သော့ကိုပါအပ်ခဲ့တာ။
ညနေ ရုံးဆင်းပြီးအိမ်ပြန်ရောက်တော့ သော့ကခပ်လျှက်။ လက်ဖက်ရည်ဆိုင်ခနထိုင်ပြီး စောင့်လိုက်သေးတယ်။
သူ တနေရာရာများသွားနေလို့လားလို့။ ည ၉ နာရီကျော်တဲ့အထိ ခင်မောင်ညို ပြန်မရောက်။ အဲ့ဒီညက စိတ်တိုတိုနဲ့
သူငယ်ချင်းတယောက်အိမ်မှာ သွားအိပ်လိုက်ရတယ်လေ။ မနက်ရုံးသွားတော့လည်း သူငယ်ချင်း အိမ်က
တန်းသွားလိုက်လို့ ညနေမှ အိမ်ကိုပြန်ရောက်ဖြစ်တယ်။ အိမ်လည်းရောက်ရော ခင်မောင်ညိုက မီးဖို ထဲမှာ အမဲ
သားဟင်းချက်ထားရင်း စောင့်နေတာကို တွေ့လိုက်ရလို့ ဒေါသတွေပြေသွားတယ်။ ငါအထင်လွဲမိတာ မှားပါတယ်
လို့လဲ နောင်တရမိတယ်။ ဒါနဲ့ ညကဘယ်ရောက်သွားလဲမေးတော့ သူငယ်ချင်းတ ယောက်အိမ် သွားလည်ရင်း
ညည့်နက်သွားလို့တဲ့။ ကျနော်လည်း ဆက်မေးမနေတော့ပဲ နောက်ဆို မင်းသွားရင် အိမ်ဘေးက အဖွားကြီိးဆီမှာ
သော့အပ်ခဲ့ဖို့ကိုသာ ပြောလိုက်မိပါတယ်။
နောက်နေ့ ညနေဖက် ကျနော်ရုံးကအပြန်မှာလည်း သော့ကခပ်လျှက်။ အိမ်ဘေးက အဖွားကြီး သွားမေးတော့
သော့ပေးခဲ့တယ်တဲ့။ တော်သေးတာပေါ့ ဒီကောင်မဆိုးပါဘူး လို့တွေးလိုက်မိသေးတယ်။ မနေ့ကလို သူများ အိမ်မှာ
သွားအိပ်စရာမလိုတော့ဘူးပေါ့။ သော့ဖွင့်ပြီး အခန်းထဲလည်းရောက်ရော နံရံမှာကပ်ထားတဲ့ စာ တစောင်က
ကျနော့်ကို ကြိုဆိုလို့။ အမှတ်စဉ်ထိုးထားတဲ့ ပစ္စည်းစာရင်းတွေနဲ့ တကွ။

သူငယ်ချင်း ငါ့ကိုခွင့်လွှတ်ပါကွာ။ ငါမင်းဆီက ဒီစ္စည်းလေးတွေယူသွားပါတယ်။ တချိန်ကျရင် ဒီတန်ဖိုးနဲ့ညီတဲ့
ကျေးဇူးကို မင်းကိုပြန်ဆပ်ပါမယ်။ သူငယ်ချင်းဘ၀ ငြိမ်းချမ်းသာယာပါစေတဲ့။ ပစ္စည်းစာရင်းက ၂၅ အထိရှိပါ
တယ်။ စောင်၊ ခေါင်းအုံးအပါအ၀င် ယဉ်ကျေးမှုစာကြည့်တိုက်က ငှါးထားတဲ့ စာအုပ် ၃ အုပ်ပါ ပါသွားတာ။ ပစ္စည်း
တွေအားလုံးက တန်ဖိုးကြီးကြီးတွေမဟုတ်ပေမယ့် ကျနော်အသုံးလိုတဲ့ ပစ္စည်းများဖြစ်နေတာမို့ အတော် ဒုက္ခ
ရောက်စေခဲ့ပါတယ်။ ခင်မောင်ညိုကိုလည်း သူငယ်ချင်းအဖြစ်က ရာသက်ပန်ပယ်ဖို့ ဆုံးဖြတ်လိုက်မိပါပြီ။
ယဉ်ကျေးမှုစာကြည့်တိုက်က စာအုပ် ၃ အုပ်ကိုတော့ စာအုပ်အဟောင်းဆိုင်မှာ ပြန်တွေ့လို့ ပြန်ဝယ်ပြီးအပ်နိုင်ခဲ့
ပါတယ်။ သူနဲ့ပတ်သက်တဲ့ သတင်းသစ်တွေကို ထပ်မကြားရတော့ပေမယ့် သတင်းဟောင်းတွေကတော့ ကျနော့်
ဆီကို ရောက်ရောက်လာတတ်ပါသေးတယ်။ ခင်မောင်ညို ရန်ကုန်ကို အသွား ကျနော့်အိမ်မှာ တည အိပ်သွား
သေးကြောင်းနဲ့ ရန်ကုန်ရောက်ပြီး ကျနော်စက်ရုံမှာလာစုံစမ်းသွားကြောင်း၊ ကျနော်ကို မတွေ့၍ RIT
(စက်မှုတက္ကသိုလ်) ရှိ သူငယ်ချင်းများဆီမှာ သွားတည်းကြောင်း၊ နောက်နေ့ သူငယ်ချင်းများ ကျောင်းသွား
နေစဉ် အဆောင်ရှိပစ္စည်းများကို မသွားသေးကြောင်းများပါပဲ။
ခင်မောင်ညိုရဲ့အဖြစ်က ကျနော်မမျှော်လင့်လောက်အောင်ပြောင်းလဲခဲ့တဲ့ အဖြစ်ပါ။ ဒီလိုပြောင်းလဲလာတာဟာ
ဘာကြောင့်လဲဆိုတာကို အကြိမ်ကြိမ် စဉ်းစားမိခဲ့ဖူးပေမယ့် ဒီနေ့အထိလည်း အဖြေမရခဲ့။ သူ့မိဘတွေကြောင့်
လား၊ သူ့မိန်းမကြောင့်လား၊ သူ့ကို ကူညီပေးခဲ့တဲ့ ကျနော်တို့လို သူငယ်ချင်းတွေကြောင့်လား။ ဘာကြောင့် သူ
ဒီလိုပြောင်းလဲခဲ့ရတာလဲဆိုတာကို သူကိုယ်တိုင်ရော သိရဲ့လား။ အခုလောက်ဆို သူ အသက်ရောရှိသေးရဲ့လား။
သူ ရှိနေသေးတယ်ဆိုရင် အခု ဘာတွေဖြစ်နေပြီလဲဆိုတာကို တခါတခါ တွေးနေမိပါသေးတယ်။

သေချာတာက အညာက သူငယ်ချင်း ခင်မောင်ညိုနဲ့ကျနော် ခုထိ ထပ်မဆုံဖြစ်ကြတော့ပါ။


 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...