“အနတ္တ”
ဆိုသည် စကားလုံး၊ အနတ္တဟူသော ဒေသနာဝေါဟာရသည် ဗုဒ္ဓပွင့်မှသာ ကြားခဲ့ရသည့်
စကားလုံး ကြားနာခွင့်ရ သည့် စကားလုံးဖြစ်သည်။ ဤတရားတော်ကို
ဗုဒ္ဓဟောတော်မူလိုက်သောအခါ သတ္တလောကကြီး တစ်ခုလုံး တုန်လှုပ်သွားသည်။
သတ္တလောကကြီးတစ်ခုလုံးမှာ အရိယာဗြဟ္မာတွေက လွဲ၍ ကျန်သော သတ္တ၀ါအားလုံးသည်
“အတ္တ”လို့ ယူဆထားကြသည်။
အနတ္တတဲ့၊ အတ္တမဟုတ်ဘူး
မရှိဘူးတဲ့ဟုလည်းကောင်း၊ သြော် အနတ္တပါလား၊ အတ္တဆိုတာ မရှိပါလားဟုလည်းကောင်း၊
ပြောဆို တုန်လှုပ်သွားတတ်ပါတယ်။ ဤ အနတ္တလက္ခဏသုတ်နှင့် စပ်လျဉ်း၍
ပိုမိုရှင်းလင်းအောင် ဗုဒ္ဓဂေါတမ ပွင့်တော်မူသည့် လွန်ခဲ့သည့်
၂၅၅၂-နှစ်မြောက် ကာလကို ပြန်ကြည့်ကြပါစို့။ အဲဒီဗုဒ္ဓပွင့်တော်မူတဲ့
သက္ကရာဇ်သည် မြန်မာတွေ အထင်ကြီး သုံးစွဲနေတဲ့ ခရစ်သက္ကရာဇ်မဟုတ်ပါဘူး။
ခရစ်မပေါ်သေးပါဘူး။
မဟာသက္ကရာဇ် ဖြစ်ပါတယ်။
ဗုဒ္ဓပွင့်တော်မူခဲ့သည့် နှစ်က ၁၀၃-ခုနှစ်ဖြစ်ပါသည်။ အဲဒီမဟာသက္ကရာဇ်
၁၀၃-ခုနှစ် ကဆုန်လပြည့် အရုဏ်တက်ချိန်မှာ ဗုဒ္ဓဂေါတမ မဟာဗုဒ္ဓအဖြစ်သို့
ရောက်တော်မူပါတယ်။ ဘုရားရှင်တိုင်းဟာ ဗုဒ္ဓအဖြစ်သို့ ရောက်လျှင်ရောက်ချင်း
တရားဟောတော်မူရိုး မရှိပါ။ ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူကြပြီး
ကဆုန်လပြည့်ကျော် ၁-ရက်နေ့မှစ,ကာ ၀ါဆိုလဆန်း ၆-ရက်နေ့ အထိ ၄၉-ရက်တိုင်တိုင်
ဝိမုတ္တသုခလို့ခေါ်တဲ့ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူရင်း ဟောရမည့်
တရားတော်တို့ကို နှလုံးသွင်း ဆင်ခြင်တော်မူပါတယ်။
သိကြပြီးဖြစ်သည့်အတိုင်း ၁၀၃-ခုနှစ် ၀ါဆိုလည်ပြည့်ညဥ့်မှာ ဓမ္မစကြာတရားတော်ကို ဟောတော်မူပါတယ်။ တရားနာပုဂ္ဂိုလ် တွေက…
(၁) ကောဏ္ဍည ရသေ့ကြီး
(၂) ၀ပ္ပ ရသေ့ကြီး
(၃) ဘဒ္ဒိယ ရသေ့ကြီး
(၄) မဟာနာမ ရသေ့ကြီး
(၅) အဿဇိ ရသေ့ကြီး
(၂) ၀ပ္ပ ရသေ့ကြီး
(၃) ဘဒ္ဒိယ ရသေ့ကြီး
(၄) မဟာနာမ ရသေ့ကြီး
(၅) အဿဇိ ရသေ့ကြီး
ဒီရသေ့ကြီး ၅-ဦးနှင့်
နတ်ဗြဟ္မာများစွာဖြစ်ပါတယ်။ ဒီရသေ့ ငါးဦးဟာ အတ္တကိလမထ အနုယောဂလမ်းစဉ်ကို
ယုံကြည်တဲ့ ရသေ့ကြီးများ ဖြစ်ကြပါတယ်။ ဒါကြောင့် ဗုဒ္ဓက “ဒွေ မေ ဘိက္ခဝေ အန္တာ
ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ”ဟု အစချီကာ ဟောတာဖြစ်ပါတယ်။ ဒီညမှာ ကောဏ္ဍည ရသေ့ကြီး
သောတာပန်တည်ပြီး ဧဟိဘိက္ခု ရဟန်းဖြစ်ပြီး နတ်ဗြဟ္မာအပေါင်း ၁၈-ကုဋေလည်း
ကျွတ်တမ်းဝင်ပါတယ်။
ဝါဆိုလပြည့်ကျော် -၁ရက်နေ့မှာ ၀ပ္ပရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်
ဝါဆိုလပြည့်ကျော် ၂-ရက်နေ့မှာ ဘဒ္ဒိယရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်
ဝါဆိုလပြည့်ကျော် ၃-ရက်နေ့မှာ မဟာနာမရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်
ဝါဆိုလပြည့်ကျော် ၄-ရက်နေ့မှာ အဿဇိရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်ပါတယ်။
ဝါဆိုလပြည့်ကျော် ၂-ရက်နေ့မှာ ဘဒ္ဒိယရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်
ဝါဆိုလပြည့်ကျော် ၃-ရက်နေ့မှာ မဟာနာမရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်
ဝါဆိုလပြည့်ကျော် ၄-ရက်နေ့မှာ အဿဇိရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်ပါတယ်။
ထို့ကြောင့် ၀ါဆိုလပြည့်ကျော်
၎-ရက်နေ့မှာပင် ရသေ့ ၅-ဦးလုံး သောတာပန်ဖြစ်နေကြပါပြီ။
ရသေ့ကြီးငါးဦးလုံးသည် တရားနာရလို့ သောတာပန် အရိယာဖြစ်သောကြောင့် ဗုဒ္ဓက
“ဧဟိဘိက္ခု – ရဟန်း, လာလို့” ခေါ်လိုက်တဲ့အခါကျမှ ရသေ့အသွင်ပျောက်ပြီး ၀ါ
၆၀-ကျော်ရ မထေရ်ကြီးများလို ရဟန်းအသွင် ရဟန်းပုံစံနှင့် ဖြစ်လာကြတာ
ဖြစ်ပါတယ်။
ဝါဆိုလပြည့်ကျော် ၅-ရက်နေ့ ရောက်တဲ့အခါ ပဉ္စ၀ဂ္ဂီရဟန်း ငါးပါးကို တစ်စုတစ်ဝေးတည်း ခေါ်တော်မူ၍ “ရူပံ ဘိက္ခဝေ အနတ္တာ- ရဟန်းတို့ ရုပ်တရားဟာ အတ္တမဟုတ်ဘူး”လို့ အစချီပြီး ဒီအနတ္တလက္ခဏသုတ်ကို စတင်ဟောကြားတေယ်မူပါတယ်။
ဤနေရာတွင် သတိပြုကြရမည်ဖြစ်ပါတယ်။
ဒီပဉ္စ၀ဂ္ဂီ ရဟန်းငါးပါးသည် သောတာပန် အရိယာကြီးများ ဖြစ်ကြပြီး
ဖြစ်သောကြောင့် သက္ကာယဒိဋ္ဌိ မရှိတော့ပါ။ သက္ကာယဒိဋ္ဌိ မရှိတော့လျှင်
သက္ကာယဒိဋ္ဌိကို အခြေခံ၍ ဖြစ်လာသည့် ဒိဋ္ဌိ ၆၂-ပါးလုံး ပြုတ်ပြီး ကင်းပြီး
ရှင်းပြီး ဖြစ်သွားပါပြီ။ ဒီလို ခန္ဓာငါးပါးနှင့်စပ်ပြီး “အတ္တ”လို့ယူတဲ့
အတ္တဒိဋ္ဌိ မရှိတော့သည့် ရဟန်းတော်ကြီးများကို “ရူပံ ဘိက္ခဝေ အနတ္တာ- ရဟန်းတို့
ရုပ်တရားဟာ အတ္တမဟုတ်ဘူး”လို့ ဟောတာဟာ အတ္တဒိဋ္ဌိကို ရည်ညွန်းဟောတာ
မဖြစ်နိုင်ပါဘူး။ ဒီလိုဆိုလျှင် “အနတ္တ”ဆိုသည့် စကားလုံးရဲ့ အနက်အဓိပ္ပါယ်က
အဘယ်ကို ရည်ရွယ်ပြီး ဟောထားတာ ဖြစ်နိုင်မလဲ။
တကယ်လို့ အတ္တဒိဋ္ဌိကို ရည်ရွယ်ပြီး
“အနတ္တာ”လို့ ဟောတော်မူတယ်ဆိုရင် ပဉ္စ၀ဂ္ဂီတို့ကလည်း ရုပ်ဟာအတ္တမဟုတ်ဘူး ဆိုတာ
သိပြီး ရှင်းပြီး လင်းပြီးဖြစ်လို့ အကျိုးမရှိပါဘူး။ ဗုဒ္ဓဟာ အကျိုးမရှိသည့်
စကားကို အကျိုးမရှိသည့် တရားကို မပြောပါဘူး မဟောပါဘူး။ ဒါကြောင့် “ရူပံ
ဘိက္ခဝေ အနတ္တာ”-လို့ချီပြီး ဟောသည့် ဒေသနာမှာပါတဲ့ “အတ္တာ” ဆိုတဲ့စကားလုံးရဲ့
အနက်အဓိပ္ပါယ်ကို စိစစ်ရပါမယ်။
ဤနေရာ၌ အတ္တဆိုသည့် စကားလုံးကို
ဒိဋ္ဌိနှင့်ဆိုင်သည် အတ္တနှင့် မာနဆိုင်သည် အတ္တလို့ ခွဲခြားမှတ်သားရပါမယ်။
ဒိဋ္ဌိ နှင့်ဆိုင်သည့် အတ္တဆိုသည်မှာ ခန္ဓာကိုယ်ကို လည်းကောင်း၊ တစ်လောကလုံးကို
လည်းကောင်း၊ အစိုးရလျက် မပျက်မစီး အမြဲတည်နေတဲ့ အနှစ်သာရ အမာခံ
အတ္တ-လို့ယူတဲ့ အယူဝါဒဖြစ်ပါတယ်။ ဒီအယူဝါဒသည် ကျယ်ဝန်းပါသည်။
ဆိုလိုရင်းကတော့ ခန္ဓာကိုယ်ရော လောကကိုရော အစိုးရတဲ့ မပျက်စီးအမြဲတည်နေတဲ့
အတ္တရှိတယ်လို့ ယူဆတဲ့ အယူပါပဲ။ မြန်မာတို့က အသက်, လိပ်ပြာ,
ဝိညာဉ်ကောင်လို့ယူတယ်။ ဒီအယူဝါဒအတိုင်း အတ္တဆိုတဲ့ စကားကို အဓိပ္ပါယ်ဖေါ်လျှင်
…..
ရူပံ
အတ္တာ – ရုပ်ဟာ မပျက်မစီး အမြဲတည်တဲ့ အနှစ်သာရ အမာခံ အတ္တပဲ၊ အသက် လိပ်ပြာ
ဝိညာဉ်ကောင်ပဲလို့ အဓိပ္ပါယ်ပြန် ရပါမယ်။ ဒီအတိုင်းပဲ ရူပံ အနတ္တာ -ရုပ်ဟာ
မပျက်မစီးအမြဲတည်တဲ့ အနှစ်သာရ အမာခံအတ္တမဟုတ်၊ အသက် လိပ်ပြာ
ဝိညာဉ်ကောင်းမဟုတ်လို့ အနက်အဓိပ္ပါယ် ပြန်ဆိုရပါမယ်။
ပဉ္စ၀ဂ္ဂီငါးဦးတို့သည်
အတ္တဒိဋ္ဌိကင်းပြီးဖြစ်လို့ ဗုဒ္ဓက ဒီအဓိပ္ပါယ်နှင့် ဟောတာမဟုတ်ပါဘူး။
ဒီလိုဆိုလျှင် ဘယ်အတ္တကို ရည်ရွယ် တာလဲ။ အဖြေက မာနနှင့်ဆိုသည့် အတ္တကို
ဖြုတ်နေတာပါ။ ပဉ္စ၀ဂ္ဂီငါးပါးတို့ဟာ ဧသော မေ အတ္တာ- ဒါ ငါ့အတ္တပဲ လို့ ယူတဲ့ ဒိဋ္ဌိဂ္ဂါဟ ကင်းပေမယ့် ဧသောဟ မသ္မိ- ဒါ ငါပဲ လို့ ထင်မှတ်စွဲယူနေတဲ့ မာနဂ္ဂါဟ ကျန်နေပါတယ်။ မာနဂ္ဂါဟ အစွဲပြုတ်လျှင်လည်း ဧတံ မမ -ဒါ ငါ့ဟာ လို့ စွဲတဲ့ တဏှာဂါဟ ပြုတ်ပါတယ်။ ဒါကြောင့် သညာဝိပလ္လာသ စိတ္တ၀ိပလ္လာသတို့ကြောင့် စွဲနေတဲ့ မာနဂ္ဂါဟကို ဖြုတ်ချင်လို့ ဒီအနတ္တလက္ခ သုတ်တော်ကို ဟောတော်မူတာ ဖြစ်ပါတယ်။
ဒီလိုဆိုလျှင် မာနဂ္ဂါဟနှင့်ဆိုင်တဲ့ အတ္တကဘာလဲ… မာနနှင့်ဆိုင်တဲ့ အတ္တက “ကိုယ်အတ္တဘော”လို့ အနက်ဖေါ်ရတဲ့ အတ္တပဲ။ ဥပမာ… အတ္တာနံ ၀ဓိတွာ ၀ဓိတွာ ရောဒတိ-
အတ္တာနံ- ကိုယ့်ကိုယ်ကို၊ ၀ါ- အတ္တဘောကို၊ ၀ဓိတွာ ၀ဓိတွာ- ထု၍ ထု၍၊ ရောဒတိ-
ငို၏။ ဤမှာပါသော အတ္တကို “ငါလို့ ကိုယ်လို့ အနက်ပေးရတဲ့ အတ္တပဲ”။
ဒီအတ္တနှင့်စပ်လျဉ်း၍ ထေရအဋ္ဌကထာမှာ ..
“အတ္တဘာဝေါ ဟိ အာဟိတော အဟံ မာနော ဧတ္တာတိ ၀ုစ္စတိ“လို့ဖွင့်တယ်။
အတ္တဘာဝေါ- အတ္တဘောကို၊ ဧတ္ထ- ဤအတ္တ ဘော၌ အဟံ မာနော- ငါဆိုတဲ့မာနကို၊ အာဟိတော-
ထားအပ်၏ ထည့်သွင်းအပ်၏။ ဣတိ-ဤသို့ မာနထားရာ မာနထည့်သွင်း
ရာဖြစ်သောကြောင့်၊ အတ္တာတိ- အတ္တဟူ၍ ၀ုစ္စတိ- ဆိုအပ်၏။
ဒါကြောင့် သညာဝိပလ္လာသ
စိတ္တ၀ိပလ္လာသတို့ကို အခြေခံပြီး “ငါ”လို့ ထောင်လွှားနေတဲ့ မာနကိုပယ်သတ်ရန်
“ရူပံ ဘိက္ခဝေ အနတ္တာ”လို့ အစချီပြီး ဟောတော်မူတာဖြစ်ပါတယ်။ ရူပံ-
ရုပ်တရားသည်၊ အနတ္တာ- အလိုသို့လိုက်၍ စိုးပိုင်သောတရား မဟုတ်လို့ အနက်ဆို
အဓိပ္ပါယ်ယူရပါမယ်။
ဒီအနက်အဓိပ္ပါယ်ဟာ အနတ္တဆိုသည့် ပုဒ်၏
ဟောနိုင်သော အနက်များစွာထဲက “အ၀သ၀တ္တန အနက်” ဖြစ်ပါတယ်။ ဒီအနက် အဓိပ္ပါယ်သည်
တိတ္ထိတို့ ကြံဆအပ်တဲ့ အယူဝါဒကို ပယ်ဖျက်တဲ့ အနက်အဓိပ္ပါယ် မဟုတ်ပါ။
ခန္ဓာကိုယ် အတ္တဘောကိုမှီပြီး ဖြစ်ပေါ် ထောင်လွှားနေသော မာနကိုပယ်တဲ့
အနက်အဓိပ္ပါယ် ဖြစ်ပါတယ်။
ဗုဒ္ဓက “ရဟန်းတို့
ရုပ်တရားဟာ အလိုသို့လိုက်၍ စိုးပိုင်သောတရား မဟုတ်၊ ခံစားမှုဝေဒနာဟာ
အလိုသို့လိုက်၍ စိုးပိုင်သော တရားမဟုတ်၊ မှတ်သားမှုသညာဟာ အလိုသို့လိုက်၍
စိုးပိုင်သော တရားမဟုတ်၊ စေ့ဆော်မှု သင်္ခါရဟာ အလိုသို့လိုက်၍ စိုးပိုင်သော
တရားမဟုတ်၊ သိမှုဝိညာဏ်ဟာ အလိုသို့လိုက်၍ စိုးပိုင်သော တရားမဟုတ်” ဤသို့ ဝေဖန်ရှင်းပြကာ ခန္ဓာကိုယ်အတ္တဘောနှင့် စပ်ပြီး မာန်တက်နေခြင်းကို ပယ်ဖျောက်တော် မူခြင်းဖြစ်ပါတယ်။
ဦးမာနိတာသီရိဘိဝံသ
(သူဋ္ဌေးတန်းကျောင်းဆရာတော်)
မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ မန္တလေးမြို့
(သူဋ္ဌေးတန်းကျောင်းဆရာတော်)
မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ မန္တလေးမြို့
မှတ်ချက်။ ။ ဓမ္မမိတ်ဆွေတစ်ဦးမှ ပေးပို့လာသော မေးတစ်စောင်အား ပြန်လည်ဝေမျှလိုက်ပါသည်။
No comments:
Post a Comment