စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူမိုက်ကို မမှီဝဲမဆည်းကပ်ခြင်းသည် မြတ်သောမင်္ဂလာ


"မင်္ဂလာအတွေးများ"
•••••••••••••••••••
“အသေ၀နာစ ဗာလာနံ၊ ဧတံမင်္ဂလမုတ္တမံ။
လူမိုက်ကို မမှီဝဲမဆည်းကပ်ခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊
မမှီဝဲနဲ့ကင်းအောင်နေ။”

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ သာမလို့ အမည်ရတဲ့ မင်းတစ်ပါး ရှိခဲ့ပါတယ်။ အဲဒီသာမမင်းမှာ အလွန်တော်တဲ့ မြင်းတစ်ကောင်လည်း ရှိပါတယ်။ အဲဒီမြင်းရဲ့အမည်က ပဏ္ဍ၀တဲ့။ မြင်းက သိပ်တော်တော့ မင်းကိုယ်တိုင်ကလည်း မင်္ဂလာမြင်းအဖြစ် သတ်မှတ်ပေးထားပါတယ်။ မင်္ဂလာမြင်းဆိုတော့ သာမန်မြင်းတွေထက် အခွင့်အရေး ပိုရပါတယ်။
တစ်နေ့တော့ ဘယ်လိုအကြောင်းကြောင့်ရယ်တော့ မသိဘူး၊
မင်္ဂလာမြင်းကို ထိန်းကျောင်းဖို့ မြင်းထိန်းတစ်ယောက်ရောက်လာပါတယ်။ မြင်းထိန်းရဲ့အမည်က "ဂိရိဒတ္တ"တဲ့။

မင်္ဂလာမြင်းကို ထိန်းကျောင်းမယ့် ဂိရိဒတ္တဟာ မြင်းထိန်းပညာနဲ့
ပတ်သက်ပြီး ဘယ်လောက်တော်တယ်၊
ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာ စာထဲမှာပြမထားလို့
မသိရပါဘူး။ ဒါပေမယ့် ဂိရိဒတ္တမှာ လူအများမြင်သာတဲ့
ထူးခြားချက်တစ်ခု ရှိနေပါတယ်။
အဲဒီထူးခြားချက်ကတော့ ခြေခွင်နေတာပါပဲ။

ဂိရိဒတ္တဟာ မြင်းထိန်းတစ်ယောက်ရဲ့ တာဝန်တွေဖြစ်တဲ့
မြင်းစာကျွေးတာ၊ မြင်းရေချိုးတာ၊ သန့်ရှင်းရေးလုပ်တာ စသည်ဖြင့် မြင်းတစ်ကောင်လုံးနဲ့ဆက်စပ်သမျှကို တာဝန်ကျေအောင်လုပ်ပေးပါတယ်။
မြင်းထိန်းဂိရိဒတ္တလုပ်ရတဲ့အလုပ်တွေထဲမှာ မင်္ဂလာမြင်းကို မြင်းစားကျက်သွားကျောင်းပေးရတဲ့ အလုပ်လည်း တစ်ခုပါပါတယ်။ ဒီတော့ ဂိရိဒတ္တလည်း မြင်းရဲ့နှာရှုပ်ကြိုးကိုကိုင်ပြီး ရှေ့ကနေ သွားပါတယ်။ မြင်းထိန်းဂိရိဒတ္တဟာ ခြေခွင်နေတဲ့သူဆိုတော့ လမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့နဲ့ပေါ့။ ဒါကို မင်္ဂလာမြင်းက သူ့ကို သင်တာပဲဆိုပြီး မြင်းထိန်းလျှောက်တဲ့အတိုင်း ထော့နဲ့ထော့နဲ့နဲ့ နောက်က လိုက်လျှောက်တယ်။

ကာလတစ်ခုလည်းကြာလာရော မင်္ဂလာမြင်းလည်း
လမ်းလျှောက်တဲ့အခါ သူ့ထိန်းကျောင်းသူ မြင်းထိန်းအတိုင်း
ထော့နဲ့ ထော့နဲ့ ဖြစ်သွားပါရောတဲ့။

တစ်နေ့တော့ မင်းချင်းတစ်ယောက်က မင်္ဂလာမြင်း ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်နေတာကို တွေ့သွားပါတယ်။ ဒီတော့ မင်းကို မင်္ဂလာမြင်းခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့အကြောင်း သွားလျှောက်ပြပါတယ်။ မင်းကလည်း မြင်းခြေထောက်မှာ
အနာတစ်ခုခု ဖြစ်လို့နေမှာပဲ ဆိုပြီး ဆေးဆရာတွေလွှတ်ပြီး ဆေးကုခိုင်းလိုက်ပါတယ်။ ဆေးဆရာတွေက မင်္ဂလာမြင်းကို ခြေထောက်မှာဘာရောဂါဖြစ်နေသလဲဆိုတာ
သေချာစစ်ဆေးကြည့်ကြတယ်။

အစကတည်းက ဘာရောဂါမှ မရှိတာဆိုတော့ ဘာရောဂါမှလည်းမတွေ့ပါဘူး။ ဆေးဆရာတွေက မြင်းမှာ ဘာရောဂါမှ မရှိတဲ့အကြောင်း မင်းကိုလျှောက်ပြပါတယ်။ ဒီတော့ မင်းက ဘုရားအလောင်းပညာရှိအမတ်ကို တစ်ဖန်ထပ်ကြည့်ခိုင်းပြန်ပါတယ်။
ဘုရားလောင်းပညာရှိအမတ်ကတော့ စဉ်းစားပါပြီ။ မြင်းမှာ ဘာရောဂါမှ မရှိဘူးဆိုတော့ တခြားအာရုံဘက်ကိုတွေးပြီး ရှာပါတယ်။ နောက်ဆုံးတော့ ထော့နဲ့ထော့နဲ့နဲ့ ခြေခွင်နေတဲ့မြင်းထိန်းကို သွားတွေ့ပါတယ်။ မြင်းထိန်းကိုတွေ့လိုက်တာနဲ့ ဘုရားအလောင်းပညာရှိအမတ်က
အဖြေကို ချက်ချင်းသိလိုက်ပါပြီ။ ဒါကြောင့်မင်းဆီသွားပြီး -
“ အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ မင်္ဂလာမြင်းခြေထောက်
ထော့နဲ့ထော့နဲ့နဲ့ ဖြစ်ရတာဟာ သူ့ရဲ့မြင်းထိန်း
ခြေထော့နဲ့ထော့နဲ့ဖြစ်တာ ကို အတုလိုက်ပြီး ဖြစ်သွားတာပါဘုရား”

“ဒါဆို ယခင်အတိုင်း ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ”

“ဒါကလွယ်ပါတယ်ဘုရား၊ ခန္ဓာကိုယ်ကောင်းမွန်တဲ့ မြင်းထိန်းယောက်ျားတစ်ယောက်ကို မြင်းရဲ့နှာရှုပ်ကြိုးကိုကိုင်ပြီး
ရှေ့ကနေ သွားခိုင်းပေးပါဘုရား၊ ဒါဆို ယခင်အကောင်းအတိုင်း ပြန်ဖြစ်သွားပါလိမ့်မည်ဘုရား”

မင်းလည်း ဘုရားအလောင်းပြောတဲ့အတိုင်း ပြုလိုက်တာ
မင်္ဂလာမြင်းဟာ ယခင်အကောင်းအတိုင်း ပြန်ဖြစ်သွားပါသတဲ့။

(ငါးရာငါးဆယ်ဇာတ်ဝတ္ထု-ဂိရိဒတ္တဇာတ်)

*~~~~~~*~~~~~~*~~~~~~*

“ဓာတ်ဆိုတာကူးဆက်တတ်တဲ့သဘောရှိတယ်” ဆိုတာ
ဒီဓမ္မ ပုံဝတ္ထုလေးက အလွယ်ဆုံးနည်းနဲ့ ပြလိုက်တာပါပဲ။

ဗုဒ္ဓခေတ်ကို အာရုံပြုကြည့်လိုက်ပါ။

အရှင်သာရိပုတ္တရာက ပညာကြီးတော့ သူ့ရဲ့တပည့်တွေကလည်း ပညာကြီးကြပါတယ်။ အရှင်မောဂ္ဂလာန်က တန်ခိုးကြီးတော့ သူ့ရဲ့တပည့်တွေကလည်း တန်ခိုးကြီးကြပါတယ်။

ဒေ၀ဒတ်က အလိုဆိုးရှိတော့ သူ့ရဲ့တပည့်တွေကလည်း
အလိုဆိုး ရှိကြပါတယ်။ ဒါ ဓာတ်ကူးသွားတဲ့သဘောပါ။

မျက်မှောက်ခေတ်မှာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဝန်းကျင်မှာ ပညာတတ်တွေရှိနေရင် ပညာတတ်ဖြစ်သွားတတ်ပါတယ်။
ကိုယ့်ဝန်းကျင်မှာ စီးပွားရေးသမားတွေရှိနေရင် စီးပွားရေးသမား ဖြစ်သွားတတ်ပါတယ်။
ကိုယ့်ဝန်းကျင်မှာ နိုင်ငံရေးသမားတွေရှိနေရင် နိုင်ငံရေးသမား ဖြစ်သွားတတ်ပါတယ်။
ကိုယ့်ဝန်းကျင်မှာ ဂမ္ဘီရသမားတွေရှိနေရင် ဂမ္ဘီရသမား ဖြစ်သွားတတ်ပါတယ်။
ကိုယ့်ဝန်းကျင်မှာ မသမာတဲ့နည်းနဲ့စီးပွားရှာတဲ့သူ
တွေရှိနေရင် ကိုယ်ကိုယ်တိုင်လည်း မသမာတဲ့နည်းနဲ့ စီးပွားရှာသူ ဖြစ်သွားတတ်ပါတယ်။

ဓာတ်ဆိုတာ ကူးဆက်တတ်တဲ့သဘောရှိတယ် ဆိုပေမယ့် ဓာတ်ကောင်းနဲ့ဓာတ်ညံ့မှာ ဓာတ်ညံ့က ပိုပြီး ကူးစက်မြန်ပါတယ်။

ဒါကြောင့် ဓာတ်ညံ့ရှိတဲ့သူကို မမှီဝဲမဆည်းကပ်ခြင်းဟာ
မင်္ဂလာတရားနဲ့ အညီ နေထိုင်နေတာပါပဲ။

စာမှာတိုက်ရိုက်ပြတာကတော့ လူမိုက်ကို မမှီဝဲမဆည်းကပ်ပါနဲ့တဲ့။

► ဒီတော့လူမိုက်ဆိုတာဘာလဲ?
သူတစ်ပါး အသက်သတ်သူ၊ သူတစ်ပါးဥစ္စာခိုးသူ၊
သူတစ်ပါး ပစ္စည်းကို လုယက်ဓားပြတိုက်သူ
စသည်ဖြင့် မြင်လိုက်ကြမှာပါ။

► မြတ်စွာဘုရားကတော့ လူမိုက်ဆိုတာကို
ဒီလိုဖွင့်ပြထားပါတယ်။
၁။ မကောင်းတာတွေးနေတဲ့သူ။
၂။ မကောင်းတာပြောနေတဲ့သူ။
၃။ မကောင်းတာလုပ်နေတဲ့သူ။

အဲဒီအင်္ဂါသုံးပါးနဲ့ ညီနေရင်
ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊
ပညာတွေ ဘယ်လောက်ပဲတတ်တတ်၊
အနုပညာအရ ဘယ်လောက်ပဲအောင်မြင်မှုတွေ ရှိနေရှိနေ၊
ရာထူး အာဏာ ဂုဏ်သိန် တန်ခိုးသတ္တိတွေဘယ်လောက်ပဲ ရှိနေရှိနေ၊ မြတ်စွာဘုရားရဲ့ အလိုအရတော့ လူမိုက်ပါပဲတဲ့။

မင်္ဂလာတရားတော်နဲ့အညီ လူမိုက်လက္ခဏာတွေ ရှိနေတဲ့သူကို မမှီဝဲမဆည်းကပ်ဘဲတော့နေပါရဲ့။

ဒါပေမယ့်ကိုယ်ကိုယ်တိုင်ကတော့ မကောင်းတာတွေးနေမယ်၊ မကောင်းတာပြောနေမယ်၊ မကောင်းတာ ပြုလုပ်နေမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် လူမိုက်ဖြစ်နေပြီး
တကယ့် အတွင်းလူမိုက်နဲ့ပေါင်းနေတာပါပဲ။

► အမှန်တကယ်တော့ ကိုယ်ကိုယ်တိုင် လူမိုက်မဖြစ်အောင်
နေတတ်ဖို့က အဓိကပါ။
ဒီတော့ ညအိပ်ရာဝင်ရင် နဖူးပေါ်လက်တင်ပြီး ဒီနေ့တစ်နေ့တာရဲ့ အတွေးအခေါ် အပြောအဆို အပြုအမူတွေကို စဉ်းစားကြည့်လိုက်ပါ။

“ငါ ဒီနေ့တစ်နေ့တာ မကောင်းတာတွေတွေးဖြစ်လား...? မကောင်းတာတွေပြောဖြစ်လား…?
မကောင်းတာတွေပြုလုပ်ဖြစ်လား…?”
တကယ်လို့များ တစ်နေ့တာရဲ့အချိန်ကာလတစ်ခုမှာ မကောင်းတာ
တစ်ခုခု တွေးမိပြောမိပြုမိခဲ့တယ် ဆိုရင်တော့
ကိုယ့်ကိုယ်ကို အားနာမှု ကင်းစွာနဲ့ "လူမိုက်"
လို့ပဲ သတ်မှတ်လိုက်ပါတော့။ ။

- [ အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) ]

Young Buddhist's Association
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...