မြန်မာ့နွေဦး ဧပရယ်ဖူးလ်
ပရယ်ဖူးလ် လုပ်သည်ဆိုသည်က မောင်ဗြိတို့နိုင်ငံတွင် ခေတ်စားလာသည်မှာ မကြာသေး။ တစ်နည်းအားဖြင့် ဧပရယ်လ ၁ ရက်နေ့တွင် မိတ်ဆွေသူငယ်ချင်း အချင်းချင်း အရူးလုပ်ကာ စနောက်ကြသည့် အနောက်နိုင်ငံများ၏ ဓလေ့ဖြစ် သည်။
ဧပရယ်လ်ကား မြန်မာလဖြင့် တွက်လျှင် တန်ခူးလ။
တစ်နည်းအားဖြင့် မြန်မာ့နွေဦး။
နွေဦးဆိုသည့် စကားလုံးသည် ယခုနှစ်များအတွင်း တော်တော်လေးကို ခေတ်စားသည့်စကား လုံးဖြစ်၏။ အာဏာရှင်နိုင်ငံများ၏ အသွင်ကူးပြောင်းသည့် ကာလများကို အာရပ်နွေဦး၊ လစ်ဗျားနွေဦး ဘာနွေဦး ညာနွေဦးဟု တင်စားခဲ့ကြသည်ကို မောင်ဗြိ ဂျာနယ်များတွင် ဖတ်ဖူးသည်။
နောက်ပိုင်း မြန်မာနိုင်ငံ၏ အပြောင်းအလဲ ကိုလည်း မြန်မာ့နွေဦး အရွေ့၊ မြန်မာ့နွေဦး ဘယ်လဲ ဘာညာသာရကာ စသဖြင့် စာနယ်ဇင်းဆရာများက ခေါင်းစဉ်တပ်ကာ ဆောင်းပါးများ ရေးသားလာချေ၏။
မောင်ဗြိလည်း မြန်မာ့နွေဦးအကြောင်း မရေးလျှင် ခေတ်မမီနိုင်ဟု ယူဆမိသည်။ ခက်သည်က မြန်မာ့နွေဦးနှင့် ဆက်စပ်ပြီး မောင်ဗြိသိသည်မှာ ထန်းတောနှင့် ထန်းရေဆိုင်သာ ဖြစ်ချေ၏။
မြန်မာ့နွေဦး ထန်းတောသို့ အရွေ့ ဆိုတာမျိုး ကလည်း ရေးလို့ မဖြစ်တော့။ ဒီတော့ မြန်မာ့နွေဦးသည် တော်တော် အနောက်သန်သည့် ဧပရယ်ဖူးလ် နွေဦးသာ ဖြစ်မည်ဟု မောင်ဗြိ တွေးမိတော့သည်။
ဟုတ်သည်။
မောင်ဗြိတို့နိုင်ငံမှ လူကြီးများသည် တော်တော်လေး ခေတ်မီလာကြပြီ ဖြစ်၏။ ပြည်သူကို ချစ်စနိုးနှင့် နိုင်ငံနှင့်ချီကာ ဧပရယ်လ်ဖူး ခဏခဏ လုပ်ကြလေသည်။
ပထမအဆင့် အနေနှင့် ပြည်သူတို့သည် ရေအားလျှပ်စစ် စီမံကိန်းကြီး အခု ၂၀ ခန့်အား တီဗီနှင့် သတင်းစာထဲတွင်သာ လည်ပတ်သည့် လုပ်ငန်းများအဖြစ် အသိအမှတ်ပြုလိုက်ပြီး ဖယောင်းတိုင်များ ပျော်ပျော်ကြီး ထွန်းကာနေရန် လူကြီးတစ်ဦးက ကျီစယ်သည်။ တကယ်တော့လည်း ဒီအချက်က ကျီစယ်သည် ဆိုခြင်းထက် ထိုလူကြီးမင်း၏ စေတနာကို မောင်ဗြိတို့ နားလည်ရန် လိုအပ်သည်။
ရှင်းအံ့။
ပြင်သစ်ပြည်၊ စိန့်မြစ်ကမ်းနံဘေးရှိ စားသောက်ဆိုင်များတွင် ပီဇာနှင့်ဝိုင်နီကို ရှေ့ချလျက် ဖယောင်းတိုင် မီးလေးများထွန်းကာ လွန်စွာမှ ရိုမန့်တစ် ဖြစ်လှသော ကန်ဒယ်လိုက်ခ် ညစာစားပွဲ တစ်ပွဲသည် ဗြိတိသျှငွေ ပေါင် ၅၀ ခန့်တတ်နိုင်မှသာ ခံစားနိုင်ကြသည့် အရသာ မဟုတ်လား။
မောင်ဗြိတို့ မြန်မာပြည်သူများကာ ဖယောင်းတိုင်မီးလေးထွန်း၊ ဘဲဥကြော် တစ်ချပ်၊ ထမင်းကြမ်း တစ်ခဲ၊ သောက်ရေ ဒန်ခွက်တစ်ခွက်ဖြင့် လင့်မျက်နှာ မယားဝါးတားတား၊ မယားမျက်နှာ လင်ဝါးတားတား ရိုမန့်တစ် ကန်ဒယ်လိုက်ခ် ထမင်းပွဲလေးများကို မြန်မာငွေ တစ်ထောင်ကျပ်ခန့်ဖြင့် ခံစားနေရချေပြီ။
အမြော်အမြင် ကြီးစွာဖြင့် ကျီစယ်သော လူကြီးမင်းပင်။
နောက်လူကြီးမင်း တစ်ဦးကလည်း အားကျမခံ တစ်နပ်လျှော့ စီမံကိန်းကိုဖြင့် ပြည်သူကို ပျော်စေပြက်စေ ကလက်စေ၏။ မဟားဒယား မယူမနေရ အတင်း ထိုးရောင်းထားသော မြေသြဇာကြွေးများ ကျေစေရန်အလို့ငှာ လယ်သမားများတို့အား မန်မန်းလေး တစ်နပ်တော့ လျှော့စားကြပါဟု တိုက်တွန်းလေသည်။
လယ်သမားတို့သည် ဝါတွင်းပင်မဟုတ် တစ်နှစ်ပတ်လုံး ဥပုသ်သီတင်း ဆောက်တည်သော သူတော်ကောင်းများအဖြစ် ချက်ချင်းလက်ငင်း ကုသိုလ်ထူးများ ရကာ တချို့လည်း နိဗ္ဗာန်သို့ စောစောစီးစီး မျက်မှောက်ပြုကြကုန်၏...။
တချို့မှာလည်း အကြွေးမကျေဘဲ အစာအိမ် ရောဂါကပ်သူကပ်၊ အာဟာရ ပြတ်သူပြတ်ဖြင့် ကျေးလက် ဆေးပေးခန်းနှင့် နီးစပ်ရာ တိုက်နယ်ဆေးရုံ များတွင် ထမင်းကို အပင်ပန်းခံ ဝါးစရာမလိုဘဲ ရှောရှောရှူရှူ ဆံပြုတ်သောက်ပြီး အနားယူကြရကုန်၏။
နောက်ထပ် ဧပရယ်ဖူးလ်လုပ်သူ လူကြီးတစ်ယောက်ကား ဗိုက်လှန် ပါးရိုက်သီဝရီဖြင့် ပြည်သူကို ရုပ်တည်ကြီးဖြင့် ပြက်လုံး ထုတ်ပြန်၏။
စစ်တိုက်ဖူးပြီး ဗိုက်တွင် ကျည်ဆန်ဒဏ်ရာ ရှိသူတိုင်း သူရဲကောင်းဖြစ်သည်။ သူရဲကောင်းတိုင်းသည် ပြည်သူလူထုကို ပါးရိုက်နိုင်သည် ဟူသော သီဝရီအား ကျယ်ကျယ်ပြန့်ပြန့်ကြီး ဝါဒဖြန့်ဖြူးလေသဖြင့် ပြည်သူများထဲမှ ဗိုက်တွင် အမာရွတ်ရှိသူ တချို့ကား လွန်စွာမာန်တင်း ထောင်လွှားကြကုန်သည်။
၎င်းတို့သည် အင်္ကျီများမဝတ်ဘဲ ယင်းတို့၏ ပွေးအမာရွတ်၊ ဝဲအမာရွတ်နှင့် ဒဏ်ရာဟောင်းများအား ကျည်ဆန်ရာကဲ့သို့ အယောင်ပြ ဖော်ကာ လမ်းသလားနေသဖြင့် အဝတ်အထည်ဈေးများ လျင်မြန်စွာ ကျဆင်းကုန်လေသည်။
အမာရွတ် မရှိသူများကား အိမ်တွင်းတွင် ပုန်းလျက်လည်းကောင်း၊ အမာရွတ်ရှိသူများအား တွေ့လျှင် ပါးရိုက်ခံရမည် စိုးသဖြင့် ခပ်ဝေးဝေးမှ ရှောင်သွားခြင်းဖြင့် လည်းကောင်း အားငယ်ကြချေသည် တမုံ့...။
သို့သော်ငြား အမာရွတ်မရှိသော လူငယ်အချို့ကား ဗိုက်တွင် ကျည်ဆန်ဒဏ်ရာ ရရန်အလို့ငှာ တပ်မတော်သို့ အလုအယက် ဝင်ကြကုန်သဖြင့် သံချောင်း တပ်မတော်ကား အင်အား တောင့်တင်းသထက် တောင့်တင်းလာနိုင်ပေမည်။ လွန်စွာအောင်မြင်သော စစ်သားစုဆောင်း နည်းတစ်ရပ်ဖြစ်သဖြင့် အရွယ်ရောက်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေဖြင့် စစ်သားစုနေရသော တောင်ကိုရီးယား တပ်မတော်ပင် ထိုနည်းကို စမ်းသပ်ရန် စီစဉ်နေသည်ဟု ကြားသိရပေသည်..။
မောင်ဗြိတို့ လူကြီးများက အစအနောက်သန်သည် မှန်သော်လည်း ပြည်သူလူထုအပေါ် မေတ္တာကား ကြီးမားလှပုံက ပြောမကုန်။
ပြည်သူလူထုအား အရက်အစား နွားနို့ပြောင်း သောက်ရန်နှင့် တစ်နေ့နှစ်ထောင်သာ သုံးရန်လည်း အတည်ပေါက်နှင့် စနောက်ကြသေး၏။
အစိုးရမင်းများ၏ အတည်ပေါက် စနောက်ချက်ကြောင့် အိမ်ရှင်မတို့ ဝမ်းသာကြကုန်၏၊ အိမ်ထောင်ဦးစီးတို့ ဝမ်းနည်းကြကုန်၏။
ယောက်ျားတို့သည် အရက်အစား နွားနို့ကို ပြောင်းသောက်လိုက်ရသဖြင့် ယခင်ကဲ့သို့ မူးကြောင်ကြောင်ဖြင့် တွေ့ရာနေရာ ထိုးမအိပ်၊ ကေတီဗီ မရောက်၊ မာဆတ်မရောက်သဖြင့် အိမ်ရှင်မတို့ ဝမ်းသာကြကုန်၏။
အလားတူ အိမ်ထောင်ဦးစီးတို့လည်း ဝမ်းသာကြကုန်၏။ အိမ်ရှင်မတို့ ဝမ်းနည်းကြကုန်၏။
ယခင့်ယခင်ကား အိမ်ထောင်ဦးစီးတို့သည် အိမ်ရှင်မတို့အား ဈေးဖိုး ၅၀၀၀ အထက် ပေးကြရာမှ အစိုးရ၏ ပြဋ္ဌာန်းချက်ကြောင့် ၂၀၀၀ သာပေးကြကုန်သဖြင့် ပိုလျှံသော သုံးထောင်အား နေ့စဉ်သောက်သည့် နွားနို့အတွင်း အထူးစပါယ်ရှယ် အယ်လ်ကိုဟောလေးများ ရောစပ်ကာ အာသာ ဖြေနိုင်ကြလေသည်။
အိမ်ရှင်မတို့မှာကား ယိုးဒယား စတော့ရှယ်ယာ နောက်နှစ်လုံးကိုလည်း ရင်မခုန်နိုင်၊ သီရိဒုံ၏ အထူး လက်ဆောင်သုံးလုံး ကိုလည်း မအာနိုင် မတွက်နိုင် မမွေးနိုင်တော့သဖြင့် စိတ်ဒုက္ခရောက်ကာ ယားကျိကျိ ဖြစ်ကြကုန်လေသတည်း ...။
ထိုသို့ဖြင့် မောင်ဗြိတို့မှာ အနောက်သန်သော လူကြီးများကြောင့် အမြဲတမ်း အူနှိပ်အောင် ရယ်နေရလေသည်။
ငါးနှစ်အတွင်း အင်္ဂပူကို စင်ကာပူလိုဖြစ်အောင် လုပ်မည်ဟု ခပ်တည်တည်ဖြင့် နောက်သော လူနောက်ကြီးများ ...။ ရပ်ကွက်အတွက် မရှိမဖြစ်ဟု ဆိုင်းဘုတ်ကြီး ထောင်ကာ နောက်သော လူနောက်ကြီးများ ...။
အခုနောက်ဆုံး မောင်ကျောင်းသားတွေကို လုပ်သည့် ဧပရယ်လ်ဖူးကတော့ နည်းနည်း အစကြမ်းသည်ဟု ဆိုရမည်။ အစကြမ်းသဖြင့် ကျောတောင် ကော့သွားသူ တွေအများသား။
အနီရောင်ပိတ်စ အနီတွေ စည်းထားသော လူကြီးလူကောင်းတချို့က မြို့လယ်ကောင်မှ ဆန္ဒပြ ပြည်သူများကို ဝါးရင်းတုတ်ဖြင့် ရိုက်ကြသည်။ ထို့နောက် အဲဒါ ပြည်သူတွေပါပဲ၊ သို့သော် သူတို့ဟာ သာမန်ပြည်သူ မဟုတ်ဘဲ တာဝန်ရှိပြည်သူတွေ ဖြစ်တဲ့အတွက် အနီစလေး စည်းပြီး တာဝန်လိုက် ယူရတာပါ ဟုဆိုကာ နောက်တောက်တောက် ပြောပြန်သည်။
မောင်ကျောင်းသားများ အရေးတွင်လည်း ဧရာမ ရေသန့်ဘူးကြီး ထိမှန်သဖြင့် ကြောက်အားလန့်အားနှင့် တုတ်ဖြင့် ပြန်ရိုက်ရရှာသည်ဟု လူနောက်ကြီးက အရွှန်းဖောက်ပြန်သဖြင့် မောင်ဗြိတို့မှာ တုတ်ကိုင်ထားသော ကူညီပါရစေကိုကို များကို တော်တော်လေး သနားရမလို... ငိုရမလို... ရယ်ရမလိုပင်။
မောင်ဗြိတို့၏ ချစ်စဖွယ်လူကြီးများကား ထိုကဲ့သို့ အပြောဖြင့် ပြည်သူကို ဧပရယ်လ်ဖူး လုပ်သလို နောက်ဆုံးတွင် ပါဖော့မင့်အပြဖြင့်ပင် ဧပရယ်လ်ဖူး လုပ်ပြလာပြန်သည်။
မယုံမရှိနှင့်။ ပြည်တွင်းတွင် သင်္ဘောမှောက်ပြီး လူတွေသေသဖြင့် ပြည်ပမှလာသော လေယာဉ်ပျံကြီးကို သွား ကြည့်သည့် ပါဖော့မန့်ကား ကမ္ဘာ့အံ့သြဖွယ်ရာ ဧပရယ်လ်ဖူး ပါဖောမန့်ကြီးပင်။
ဘာပဲဖြစ်ဖြစ် မြန်မာစကားတွင် ချစ်လို့စတာ ဟုသာ ရှိသည်။ မုန်းလျှင် မည်သူမှ မစမနောက်။ ဒီတော့... မောင်ဗြိတို့ ပြည်သူတွေကို လူကြီးများက ချစ်လို့သာ ဧပရယ်ဖူးလ် လုပ်နေခြင်းဟု မောင်ဗြိထင်သည်။
မောင်ဗြိတို့ မြန်မာနွေဦး အရွေ့ကား လူကြီးသူမတို့၏ ဧပရယ်လ်ဖူး ကျီစားချက်များဖြင့် ပျော်စရာ ကောင်းနေဆဲ... ပျော်စရာ ကောင်းနေဆဲ...။
အခြားဖတ်စရာများ
ဗြိတိသျှကိုကိုမောင်
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627
စာအမျိုးအစား
ဆောင်းပါး
No comments:
Post a Comment