စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူကြီးနဲ့ လူငယ်




-------------------
နိုင်ငံခြားရုပ်ရှင်တစ်ခုမှာ အင်တာဗျူးတော့ အင်တာဗျူးတဲ့သူတွေက ကောင်လေးကို နောက်ဆုံး မင်းပြော ချင်တာ ပြောလို့ရတယ်ဆိုတော့ ကောင်လေးက

"ကျွန်တော့်ဆီမှာရှိတာက လိမ္မော်သီးတစ်လုံးပါ။ လူကြီးမင်းတို့ လိုနေတာက ပန်းသီးဖြစ်နေတယ်။ ဆောရီးပဲ ကျွန်တော်မှာ လိမ္မော်သီးပဲရှိတယ်။ လူကြီးမင်းတို့က ပန်းသီးပဲကြိုက်တယ်ဆိုတော့ မတတ်နိုင်ပါဘူး" လို့ပြောပြီး ထွက်သွားတယ်။

လူကြီးလူငယ် ပြဿနာက အဲဒါပဲ။ လိမ္မော်သီးပြောင်းမစားကြည့်ပဲ သူတို့ကြိုက်တဲ့ ပန်းသီးကို မရမက တောင်းနေတာ။

အကြိုက်ချင်း မတူရင် ကွဲလွဲမှုဆိုတာ ဖြစ်လာတာပဲ။ ဟင်းတစ်ခွက်ကို ဝေဖန်ခိုင်းရင် အငံစားနေကျလူက ဆားပေါ့တယ်လို့ပြောမယ်။ အပေါ့စားသူက ငံလိုက်တာလို့ပြောမယ်။ အစပ်ကြောက်သူက စပ်တယ်လို့ ပြော မယ်။ အစပ်စားသူက မထိဘူးလို့ပြောမယ် အကြိုက်ချင်းမတူတာက ခံစားမှုအပေါ်မူတည်တာဆိုတော့ ကွဲပြား တော့မှာပေါ့။

ကျွန်တော်က ကျောင်းတွေမှာ အင်တာနက်နဲ့ ကွန်ပျူတာ သုံးနိုင်အောင် လုပ်ပေးရမယ်ပြောတော့ နားလည်တဲ့ ဆရာတွေက သင်ကြားရေးတစ်ခေတ်ပြောင်းသွားမယ်။ ငါတို့ သက်သာသွားမယ်လို့ပြောတယ်။ အမြင်ကျဉ်းသူ တွေကတော့ အင်တာနက်ပေးသုံးလိုက်ရင် မဟုတ်က ဟုတ်ကတွေ လျှောက်လုပ်ကုန်လိမ့်မယ်တဲ့။ တံခါးဖွင့်ရင် ဖုန်တွေ ၀င်လာလိမ့်မယ်။ အလင်းရောင်နဲ့ လေကောင်း လေသန့်ရနိုင်တယ်ဆိုတာကို မေ့နေကြတယ်။

လူကြီးနဲ့ လူငယ်ပြဿာနာက တောင်ပေါ်တက်သွားတဲ့ လူကြီးတွေက တောင်အောက်ကို ငုံ့ကြည့်ပြီး ဟိုကောင် လေးတွေက သေးသေးလေးတွေလို့ ပြောကြတယ်။ တောင်အောက်က လူငယ်တွေကလည်း ဟိုးတောင်ပေါ်က လူကြီးတွေကို သေးသေးလေးတွေလို့ပြောကြတယ်။ ဘယ်သူကမှ တစ်တန်းတည်းနေပြီး ပကတိအတိုင်း ကြည့် နိုင်အောင်၊ မြင်နိုင်အောင် အားထုတ်ခြင်းမရှိတာပဲ။

တောင်ပေါ်တက်သွားတဲ့ လူကြီးတွေက ဂူထဲဝင်သွားရင် ပိုဆိုးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဘယ် ရှုဒေါင့်ကမှ ပကတိအတိုင်းမြင်နိုင်စွမ်းမရှိတော့လို့ပဲ။ ပြုံးရင် မဲ့တယ်လို့ထင်တယ်။ ရယ်ပြရင် အံကြိတ်ပြတယ်လို့ မြင်တယ်။ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းရင် လက်သီးနဲ့ရွယ်တယ်လို့ထင်တယ်။ ဒီတော့ အားလုံးကို ရန်သူလို့ ထင်ပြီး ရန်လိုချင်တော့တယ်။

လူငယ်ကလည်း ပကတိစိတ်ရင်းအတိုင်း မြင်ကြသူတွေလို့ ပြောလို့မရပြန်ဘူး။ သူတို့မှာလည်း အစွဲလေးတွေ ရှိရင်ပိုဆိုးတယ်။ သူတို့က သူတို့ကြည်ညိုလေးစားသူကလွဲပြီး အခြားသူတွေက ချက်ချင်း လက်မခံတတ်ကြတာ ဟာ အမြင်ကျဉ်းသေးတယ်လို့ ယူဆလို့ရတယ်။ တချို့က အနီးမှုန်တော့ပိုဆိုးတယ်။

ရူးဆိုးက "လူငယ်ဆိုတာ ပညာရှာရမယ့်အရွယ်၊ လူကြီးဆိုတာက ရှာထားတဲ့ ပညာနဲ့ လက်တွေ့ကျကျ လုပ်ဆောင်ပြနိုင်ရမယ့်အရွယ်" လို့သုံးသပ်သွားဖူးတယ်။ ဒါပေမဲ့ လူငယ်တွေက လူကြီးဆိုတာ လူငယ်ဘ၀ကို ဖြတ်သန်းသွားရပြီး အတွေ့အကြုံတွေ ရှာသွားရတယ်ဆိုတာကို နားမလည်သလို၊ လူကြီးတွေကလည်း လူငယ် ဆိုတဲ့ဘ၀ကို မေ့သွားတတ်ကြတာတွေကြောင့် ပဋိပက္ခဖြစ်နေကြရတယ်။

လူကြီးလူငယ် ပြဿနာဆိုတာကတော့ ရှိနေမှာပဲ။ အဓိကအကြောင်းရင်းကို ပြန်သုံးသပ်ကြည့်ရင် လူကြီးက ကလေးလို မတွေးပေးတာနဲ့ ကလေးက လူကြီးလို မတွေးနိုင်ကြတာပေါ့။

ပိုဆိုးတာက လူကြီးက ကိုယ့်ဦးနှောက်ကိုယ်မသုံးဘဲ အငှားဦးနှောက်နဲ့ ပြောခိုင်းတဲ့အတိုင်း ပြောလိုက်တော့ ဦးနှောက်မရှိဘူးဆိုတာ ထင်ရှားသွားတယ်။ အလားတူပဲ လူငယ်ကလည်း ငါပြောနေတာ ဂူထဲရောက်နေတဲ့ သူလား ဂူပြင်ကလူလားဆိုတာ ကွဲပြားစွာ ခွဲမကြည့်တော့ ငရဲကြီးသလိုဖြစ်တော့တာပဲ။

ဒီလိုမျိုး ပဋိပက္ခဆိုတာ အမြဲရှိနေမှာပဲ။ တစ်ခါတစ်လေ ပဋိပက္ခရှိတာကလည်း အမှန်တရားတစ်ခုခုကို ဖော်ထုတ်ပြသလိုဖြစ်သွားတဲ့အတွက် အမြတ်လို့ပြောနိုင်တယ်။

maukkha
.https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...