‘‘သင်္ကြန်ခါတော်ပေ xxx ရက်မြတ်မှာလေ xx လှပျိုဖော်တစ်သင်းနဲ့ တေးသံလွင်လွင်
xx ရင့်ကျူးပေ ဆီးလို့သာလေ ပက်ဖျန်းမယ် သင်္ကြန်ရေ အေးအေးချမ်းချမ်း
လန်းဆန်းကြစေ xxx မိတ်အပေါင်း ကျန်းမာကြောင်းဝေဟောင်းခြွေနှစ်သစ်ပေ xxx’’
သင်္ကြန်သီချင်းတွေ ဟိုမှာ၊ သည်မှာ ကြားလာရပြီ။ နောက်တစ်ပတ်ဆယ်ရောက်လောက်ဆို သင်္ကြန်ကျလေပြီ။ မြန်မာ့ရိုးရာပွဲတော်၊ တစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက်စည်ကားတဲ့ပွဲတော်၊ လမ်းပေါ်မှာ လူတွေရောင်စုံခြယ် စည်ကားတဲ့ပွဲတော်။
အချို့က သင်္ကြန်ကို မီးကုန်းယမ်းကုန်ဆင်နွှဲကြသည်။ အချို့က သင်္ကြန်အတွင်း ရာသီစာ စီးပွားရေးလေးလုပ်ရင်း ဖြတ်သန်းကြသည်။ အချို့ကတော့ အေးအေးလူလူပင် အိမ်တွင်းပုန်းကာ အနားယူကြပါသည်။ မီးကုန်ယမ်းကုန်လည်း မလည်တတ်၊ စီးပွား လည်းမရှာတတ်၊ အိမ်မှာလည်း အေးအေးလူလူမနေတတ်သော ကျွန်တော်တို့လို ဇော်ကန့်လန့်လူတွေအဖို့ သင်္ကြန်တွင်းသည် ငါးရံ့ ပြာလူးသကဲ့သို့ မနေတတ်မထိုင် တတ်ဖြစ်ကာ အိမ်တွင်းမှာပင် ခြေချုပ်မိတော့သည်။
ထို့ကြောင့် သင်္ကြန်တစ်နှစ်ကတော့ ဘယ်လိုကြောင့်ရယ်မသိ စိတ်ကောင်းလေးဝင်ရောက်ကာ သင်္ကန်းဆီးပြီး တရားစခန်းဝင်ရန် စီစဉ်ခဲ့သည်။ သူများတွေက သာသနာ့ဘောင်ဝင်တာ သက်သက်၊ တရားစခန်းဝင်တာ သက်သက်။ ကျွန်တော်ကတော့ ကုသိုလ်နှစ်မျိုးတစ်ခါတည်းရအောင် သင်္ကန်းဆီးပြီး တရားစခန်းဝင်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးမြို့ပြ သင်္ကြန်ပွဲတော်ကို ရှောင်ခွာကာ စစ်ကိုင်းတောင်ရိုးရှိ သီရိသုမနချောင်တွင် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး ဆယ်ရက်တရားစခန်းဝင်ရန် စီစဉ်ခဲ့သည်။
ဆယ်ရက်တရားစခန်းမစမီ တစ်ရက်ကြိုကာ ရိပ်သာသို့ အရောက်သွားရသည်။ ဟိုရောက်တော့ သင်္ကန်းဆီးရန် ခေါင်းတုံးကြိုတုံးရသည်။ ခေါင်းတုံးမတုံးခင်အထိ ကျုံးဘေးမဏ္ဍပ်တွေ မျက်စိထဲ ခဏခဏပြေးပေါ်သည်။ ရေတွေ ဖျန်းခနဲပက်တာတွေ သတိရလာသည်။ ထိုသို့ သတိရနေတုန်း ခေါင်းပေါ်ရေတွေ စီးကျလာသည်။ သင်္ကြန်ရေအလောင်းခံရတာမဟုတ်။ ရိပ်သာမှ ဆရာတော်ကြီးက ခေါင်းတုံးတုံးရန် ဆံပင်ကို ရေဖြင့် ဆွတ်လိုက်တာ ဖြစ်သည်။ ဆံပင်တွေ အစုလိုက် အစုလိုက်ကျလာသည်။ ခေါင်းပေါ်မှာ ဟာလာဟင်းလင်းဖြစ်သွားသည်။
ကိုယ့်ခေါင်းကိုယ်ပြန်ကိုင်ကြည့်တော့ ပြောင်ချောချောဖြစ်နေသည်။ ကဲ...ခေါင်းတုံးတောင်တုံးပြီးပြီဆိုတော့ သင်္ကြန်ရေမစိုနိုင်တော့တာ သေချာပါပြီလေဟုတွေးကာ သက်ပြင်းကို ဖြည်းဖြည်းချလိုက်ပါတော့သည်။
ညနေပိုင်းရောက်တော့ တရားစခန်းဝင်မည့် ဒုလ္လဘရဟန်းတွေ ကိုယ့်အဖွဲ့နှင့်ကိုယ် ရောက်လာကြသည်။ ရိပ်သာက ဆရာတော်ကြီးနဲ့ အခြားသံဃာတော်တွေက သင်္ကန်းဆီးပေးပြီးနောက် ဆယ်ရက်တရားစခန်းအတွင်း နေထိုင်ပုံနေထိုင်နည်းတွေ ၊ စည်းကမ်းချက်တွေ မိန့်ကြားကြသည်။
ဆယ်ရက် တရားစခန်းအတွင်း စကားလုံးဝမပြောရ။ ငွေလုံးဝမကိုင်ရ။ ဖုန်းလည်း ပြောဖို့မပြောနှင့် ယူထားလို့တောင်မရ။
စရောက်တဲ့ ညကတော့ တရားစခန်းမစသေးတာမို့ တရားတွေ ဘာတွေ မထိုင်ရ မနာရသေး။ နောက်တစ်နေ့မှသာ စမည်တဲ့။ အိပ်ရာ အပြောင်းအလဲဖြစ်လို့ အိပ်ခါစ သိပ်အိပ်မပျော်။ နောက်တစ်နေ့ကစ တရားစခန်းစတော့မည်။ ဘယ်လိုလာမည်မသိ။
နံနက် ၃ နာရီခွဲမှာ အုန်းမောင်းခေါက်သံကြားရပြီး အသံချဲ့စက်မှ အိပ်ရာကထကြဖို့ နှိုး ဆော်သံဖွင့်ပေးသည်။ ညပိုင်းမှာ အနည်းငယ်ပူခဲ့ပေမယ့် နံနက်အရုဏ်တက်ချိန်မှာတော့ အအေးဓာတ်ကလေးက ရှိနေသည်။
တရားစခန်းက တောင်ခြေမှာရှိတာမို့ တောင်၏ အငွေ့အသက်ကြောင့် အအေးဓာတ်က ခပ်စိမ့်စိမ့်လေးဖြစ်နေသည်။ လေအချို့ ဝေ့ခနဲတိုက်လာတော့ ရိပ်သာတွင်းက တမာရွက်ခြောက်တွေ လေထဲဝေါခနဲပါလာသည်။
အသံချဲ့စက်မှ လုပ်နေတဲ့အပြုအမူတွေမှန်သမျှ သတိလေးကပ်လုပ်ဖို့ မပြတ်သတိပေးနေသည်။ သွားတိုက်၊ မျက်နှာသစ်၊ အပေါ့အပါးသွား၊ သင်္ကန်းပြင် ၀တ်ပြီးတော့ နံနက် ၄ နာရီထိုး တော့မည်။ ၄ နာရီ အတိမှာ တရားစထိုင်ရသည်။ ထိုင်စက တော့ ဘာမှမဖြစ်။ ဆယ့်ငါးမိနစ်လောက် ကြာလာတော့ ခြေထောက်တွေကျဉ်လာသည်။
အနေအထားပြန်ပြင်ရသည်။ နောက်ဆယ်မိနစ်လောက်နေတော့ ခြေ ထောက်က နာလာပြန်သည်။ ထပ် ပြင်ရသည်။ တစ်နာရီအတွင်း သုံး လေးခါလောက်တော့ ပြင်နေရ သည်။
တရားထိုင်ပြီးနောက် ခဏနားပြီး အရုဏ်ဆွမ်းဘုဉ်းပေးချိန်သို့ ရောက်သည်။ အရုဏ်ဆွမ်းမှာ ပဲပြုတ်ထမင်းဆီဆမ်း၊ အကြော်စုံ၊ မုန့်လက်ဖက်ရည်မျိုးစုံ ပါသည်။ ညစာမဘုဉ်းပေးခဲ့ရတာမို့ ၀မ်းကဟာနေသည်။ လူဝတ်နဲ့သာဆို ခပ်သွက်သွက် ခူးခပ်စားမိရော့မည်။ သို့သော် သင်္ကန်းဝတ်နှင့်မို့ ဣနြေ္ဒသိက္ခာဖြင့် မျက်လွှာကလေးချကာ ခပ်တည်တည်နေရသည်။ ဆွမ်းမဘုဉ်းပေးမီ အလှူရှင်တွေကို မေတ္တာပို့ရသည်။ ဆွမ်းဘုဉ်းပေးနေသည့် အခါတွင်လည်း ဆရာတော်ကြီး၏ စားသောက်မှုပုံစံ သတိပေးသံကို အသံချဲ့စက်ဖြင့် မပြတ်ဖွင့်ထားသည်။ သည်အစားအစာတွေကို တရားကျင့်ကြံသည့်အခါ ခန္ဓာကိုယ်အာဟာရဖြစ်စေရန်အတွက်သာ စားသုံးရန်လည်း သတိပေးသည်။
ထို့ကြောင့် ထမင်းတစ်ပန်းကန်ကို ခပ်ကြာကြာလေးဘုဉ်းပေးလိုက်ရသည်။ လိုက်ပွဲလည်း ထပ်မယူမိတော့။
အရုဏ်ဆွမ်း ဘုဉ်းပေးပြီး နံနက် ၆ နာရီခန့်မှာတော့ ဆွမ်းခံထွက်ဖို့ ပြင်ရသည်။ ရိပ်သာမှာက ဆွမ်းကပ်လှူသူတွေ နေ့တိုင်းရှိပါသည်။ သို့သော် ရိပ်သာက ဆရာတော်တွေက ဒုလ္လဘဘ၀ရောက်တုန်း ဆွမ်းခံအတွေ့အကြုံရစေချင်သည်။ ပြီးတော့ ဆွမ်းခံစားရတာလည်း ကုသိုလ်ရသည်ဟုဆိုသောကြောင့် ဆွမ်းခံထွက်တာကို ဒုလ္လဘတော်တော်များများ လိုက်ကြသည်။
စစ်ကိုင်းတောင်တက်လမ်းဘေးက ရိပ်သာထဲကနေ ဒုလ္လဘ ရဟန်းတွေ တန်းစီကာ ဆွမ်းခံ ထွက်လာကြသည်။ ရှေ့ဆုံးတွင် ရိပ်သာအတွင်းမှ ဆရာတော်တစ်ပါးက ဦးဆောင်သည်။ အလင်းရောင်က မရှိသေး။ ကျေးငှက်သံ အချို့တော့ ကြားစပြုသည်။ ဖိနပ် မပါတော့ မြေသားခပ်အေးအေးကို ထိတွေ့ရသည်။ ထနောင်းပင် အိုတန်းတွေအောက်ကနေ ဖြတ်သန်းရသည်။ ဘုရားစေတီပျက် အချို့နားကလည်း ဖြတ်ရသည်။ လူနေရပ်ကွက်တွေထဲရောက် တော့ တော်တော်လေးလင်းလာခဲ့သည်။ ရဟန်းအပါး ၃၀ ကျော်လောက်ကို တန်းပေါက်လောင်းလှူခဲ့ကြသည်။ ဆွမ်းတွေ၊ ဆွမ်းဟင်းတွေကဆို သပိတ်ထဲမှာရော သပိတ်အဖုံးပေါ်မှာပါ အပြည့်အလျှံ။ ရိုးရာနှစ်သစ်ကူးကာလဆိုတော့ လှူလိုက်ကြတာလည်း အလျှံပယ်။
ဆွမ်းခံရလာတဲ့ ဆွမ်းအုပ် တွေကို ဘုရားကပ်လှူကြသည်။ ပြီးနောက် တစ်နာရီခြားတစ်ခါ တရားထိုင်ရပြန်သည်။ နံနက် ၁၁ နာရီမှာတော့ နေ့ဆွမ်းဘုန်းပေးကြသည်။ ဘုဉ်းပေးသည့်အခါမှာလည်း ဆရာတော်ကြီး၏ သတိ ပေးသံကို အသံချဲ့စက်ဖြင့် မပြတ် ဖွင့်ထားပေးပြန်သည်။ သို့သော် မနေ့တစ်နေ့ကမှ သာသနာ့ ဘောင်ရောက်လာတာဆိုတော့ သတိပေးသံက ကြားတစ်ချက်မကြားတစ်ချက်။ ကပ်လှူကြတဲ့ ဆွမ်းဟင်းတွေကလည်း အမျိုးစုံ၊ အမည်စုံ။
လူငယ်တစ်ယောက်လည်းဖြစ်နေပြန်ဆိုတော့ အစာကို တရားကျင့်ရာအထောက်အပံ့ဖြစ်ရုံသာ စားဖို့ဆိုတာတွေ မေ့သွားသည်။ ထမင်းတစ်ဇွန်းခန့် ထပ်ထည့်လိုက်မိသည်။ အနှစ်ကလေးခပ်ရွှဲရွှဲဆမ်းကာ ဘုဉ်းပေးလိုက်မိသည်။ ထိုသို့ဘုဉ်းပေးလိုက်မိသည့်အတွက် မကြာခင် ဒုက္ခလှလှရောက်ပါလေတော့သည်။
မွန်းလွဲ ၁ နာရီအချိန်မှာ တရားပြန်ထိုင်ရတော့ ဆွမ်းစားများခဲ့တာတွေ ဒုက္ခပေးတော့သည်။ မျက်လုံးပိတ်ကာ တရားထိုင်တော့ ရှေ့ကို ခဏခဏငိုက်ကျသည်။ အခြားကိုယ်တော်တချို့လည်း ငိုက်တာတွေ့ရသည်။ နောက်ဆုံးမှာ ထိုင်နေတဲ့ ကိုရင်အချို့ကတော့ ငိုက်လိုက်တာ နဖူးနဲ့ ကြမ်းပြင် ဒုန်းခနဲဆိုထိသည်။ ကိုရင် အချင်းချင်းတွေကတော့ ရယ်ကြသည်။ အဲသည်ကျမှ ကိုယ်လည်း သတိပြန်ဝင်သည်။
တရားတစ်ချိန်ပြီးတော့ တစ်နာရီခန့်နားသည့်အချိန်အတွင်း မျက်နှာသစ်ထားရသည်။ သို့သော် နောက်တစ်ချိန်ကျတော့လည်း ငိုက်မြဲငိုက်ဆဲ။ အိပ်ချင်ပြေရန် ကိုယ့်ပေါင်တွင်းကြော ကိုယ်လိမ်ဆွဲသည်။ ခြေသလုံးကို ဆွဲဆိတ်သည်။ နောက်ဆုံးတော့ မျက်လုံးဖွင့်ကာ တရားပဲနာလိုက်ရတော့သည်။
အဲသလိုနှင့် တစ်နာရီနားလိုက် တစ်နာရီတရားထိုင်လိုက်ဖြင့် ညပိုင်းရောက်လာခဲ့သည်။ နောက်ဆုံးအချိန်ထိုင်ပြီးတော့ ၁၀ နာရီထိုးပြီ။ အိပ်ရမည့် အဆောင်ရောက်တော့ ဒုလ္လဘ ရဟန်းအချို့ ကိုယ့်ခြေသလုံးကို နှိပ်နယ်နေတာတွေ့ရသည်။ အချို့ကတော့ ဆွမ်းခံကြွရင်း ခြေဖ၀ါးသွေးခြည်ဥလာကြတာကို အချင်းချင်းပြန်ပြနေကြသည်။
အချင်းချင်းစကားမပြောဖို့ ပြောထားပေမယ့် တစ်နှစ်လုံး နေ့စဉ်ရက် ဆက်စကားပေါင်းများစွာ ပြောလာခဲ့ကြတော့ ရုတ်တရက်ဖြတ်ဖို့ မလွယ်။
ဒီနှစ်သင်္ကြန် ဘယ်မဏ္ဍပ်မှာတော့ ဘယ်သူရှိမည်၊ ဘယ်မှာတော့ ပိုစည်လိမ့်မည် စတာတွေ ပြောဖြစ်ကြသည်။ မိုးချုပ်လာချိန် ရိပ်သာက ဆရာတော်တွေ ချောင်းကလေးဘာလေးဟန့်ပြမှ ကိုယ့် ခြင်ထောင်ထဲ အသာလျှိုဝင်သွား ကြသည်။
တရား ထိုင်ထိုင်ချင်းတော့ ဆောင်းဘောက်စ်က ဆရာတော် ကြီး၏ တရားသံကို လိုက်မှတ်ရင်းထိုင်နေသေးသည်။ သို့သော် နည်းနည်းကြာလာတော့ လူကသာ ငြိမ်နေတာ စိတ်ကမငြိမ်တော့။ မန္တ လေးကျုံးဘေးရောက်သည်။ မြို့ တော်မဏ္ဍပ်ရှေ့သွားသည်။ ဦးပိန်တံတားပေါ် လမ်းလျှောက်သည်။ ပြီးတော့မှ ငါတရားစခန်းရောက် နေတာပါလားလို့ သတိကပြန်ဝင်သည်။
ရိပ်သာက လူနေရပ်ကွက်တွေနဲ့ နည်းနည်း လှမ်းတာမို့ သင်္ကြန်အငွေ့အသက်ကို ဆွမ်းခံထွက်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်မှာ မရတတ်။ ရက်အနည်း ငယ်ကြာလာတော့ ကျင့်သားရလာလို့လားမသိ။ တရားထိုင်ရတာ မနာတော့။ တရားထိုင်ချိန် မငိုက်ဖို့ ဆွမ်းစားသည့်အခါတွင်လည်း များများမစားရဲတော့။ တော်ကြာ ကိုယ်ပဲ ဒုက္ခရောက်မည်။ နံနက်ဆွမ်းခံထွက်ချိန် ရပ်ကွက်ထဲက လူငယ်တွေ သင်္ကြန်လည်ဖို့ ပြင်ဆင်နေတာတွေ့တော့ နှစ်စဉ် နွှဲလာခဲ့သည့် မန္တလေး သင်္ကြန် သတိရလာပြန်သည်။ သင်္ကြန်မဏ္ဍပ်တွေ ဘယ်လိုစည်ကားနေမည်လဲ ကြည့်ချင်လာပြန်သည်။ သြော်...ငါသင်္ကန်းဝတ်ကြီးနဲ့ပါလားလို့ စိတ်ကိုပြန်ဖြေရ သည်။
နှစ်ပေါင်းများစွာ စိတ်ရော လူပါ နေ့စဉ်နဲ့အမျှ ယောက်ယက် ခတ်ခဲ့တာဆိုတော့ သင်္ကြန်တွင်း ဆယ်ရက်ကလေးနှင့်တော့ တရားထူးတရားမြတ်ရဖို့ မလွယ်ခဲ့ပါ။ သို့သော် တရားစခန်း ရက်တစ်ဝက်ကျော်လာချိန်မှာတော့ နေရထိုင်ရတာ အသားကျလာခဲ့သည်။ နံနက် အရုဏ်တက်ချိန် အုန်းမောင်းခေါက်သံနဲ့အတူ နိုးထရတာကို သဘောကျလာသည်။ နံနက်စောစော မျက်လွှာကလေးချကာ ခြေတစ်လှမ်းချင်းလှမ်းပြီး ဆွမ်းခံကြွရတာကို ကြည်နူးလာ သည်။ တစ်နာရီခြားတစ်ခါ ခန္ဓာကိုယ်လေး ငြိမ်ငြိမ်ကလေးထိုင်ပြီး ကိုယ့်စိတ်ကလေးကိုယ် ပြန်မြင်နေရတာကို နှစ်သက်လာခဲ့သည်။
အချိန်တန်လျှင် အရာအားလုံး ပြီးဆုံးသွားမည်ဆိုသည့်အတိုင်း သင်္ကြန်အတွင်း ဆယ်ရက်တရားစခန်းက နှစ်ဆန်းတစ်ရက် နေ့တွင် ပြီးဆုံးသွားခဲ့သည်။ အရင် နှစ်တွေကတော့ သင်္ကြန်ပြီးလျှင် လေးငါးရက် လမ်းပေါ်ထွက်ခဲ့တာဆိုတော့ အသားအရေတွေ ညို ကုန်သည်။ ရေမသန့်တာတွေနဲ့ ထိခဲ့ရင်လည်း ခန္ဓာကိုယ်တွေ ယားယံလာခဲ့သည်။
သင်္ကြန်တွင်းပိုက်ဆံဖြုန်းခဲ့တာဆိုတော့ သင်္ကြန်ပြီးပြီဆို ငါးပြားစေ့တစ်စေ့တောင် မကျန်တာမျိုး ကြုံလာရသည်။ တရားစခန်းက ထွက်ချိန်မှာတော့ ထိုအရာတွေနဲ့ ဆန့်ကျင်ဘက်။
ဆယ်ရက်ကျော် အဆောက်အအုံတွင်းနေခဲ့ရတော့ အသားက ခပ်ဝင်းဝင်း။ ငွေကလည်း မကိုင်ရတော့ တစ်ပြားမှမကုန်။ ပြီးတော့ မြင့်မြတ်လှသည့် သာသနာ့ဘောင်မှာ ခေတ္တနေခဲ့ရသည်ဆိုတော့ ပြောတာဆိုတာ နေတာထိုင်တာကအစ သတိလေးကပ်ကာ တည်တည်ငြိမ်ငြိမ်။
လူထွက်သိက္ခာချရတော့ ၀မ်းနည်းသလိုလိုဖြစ်မိသည်။ သာသနာ့ဘောင်မှာ တစ်သက်လုံး အရိုးထုတ်သွားချင်တာမျိုးတော့မဟုတ်။ လောဘ၊ ဒေါသ၊ မောဟ၊ဣသာမစ္ဆရိယတွေနဲ့ ခပ်ဝေးဝေး လေးနေခဲ့ရသည့် အေးချမ်းလှသည့် အချိန်လေးတွေကို ပြန်လွမ်းမိတာ ဖြစ်သည်။
ရိပ်သာကအထွက် စစ်ကိုင်း မြို့ထဲရောက်တော့ မဖျက်ရသေးသည့် အုန်းလက်မဏ္ဍပ်အချို့ကို တွေ့ရသည်။ အချို့နေရာတွေမှာ ဗွက်တွေထနေသည်။ ကားဘီးရာတွေ ထင်ကျန်နေသည်။ လူငယ် အချို့ကတော့ အိမ်ရှေ့ထိုင်ခုံပေါ်မှာ ငူငူငိုင်ငိုင်လေးတွေ ထိုင်နေကြသည်။ သင်္ကြန်ကတော့ ပြီးသွားလေပြီ။ အိမ်အပြန် ခရီးကတော့ တရားစခန်းကနေ နှစ်သစ်မှာ အလုပ်လုပ်ဖို့ အင်အားတွေအပြည့်ရလာခဲ့သည်။ စစ်ကိုင်းတောင်ကြီးကတော့ တဖြည်းဖြည်းဟိုးခပ်ဝေးဝေးမှာ တည်ငြိမ်စွာဖြင့် ကျန်ရစ်ခဲ့သည်။ သင်္ကြန်ရက်များအတွင်း စစ်ကိုင်းတောင်တော်တစ်ရိုးဆီ ခိုဝင်နိုင်ဖို့ ကြိုးစားရပေဦးမည်။ ။
http://7daydaily.com/story/35023#.VR6xqS7dXLU

No comments:
Post a Comment