ညနေညိုရောင်တွင် ကွမ်းတောင်ကိုင်တို့ အပြိုင်အဆိုင်လှကြသည်။
မခင်ကြီးလဲပါလာသည်။ မခင်ကြီးသည် သူတို့ရွာလေးတွင် အလှဆုံးဖြစ်သည်။
...................
သူသည် ရေခတ်အဆင်းကို မျှော်ရင်းထိုင်ရမလိုလို၊ ထရမလိုလို၊
ရေသောက်ချင်သလိုလို၊ အပေါ့သွားချင်သလိုလိုဖြစ်နေ
စိတ်ကစားမိသော သူအဖြစ်ကို နားမလည်နိုင်သလိုလဲရှိသည်။
..ဟယ်..ဖြစ်ချင်တာဖြစ်တော့၊
စိတ်အားတင်းထားလိုက်သည်။
ရွာသူပျိုမေတစ်သိုက်တို့ မခင်ကြီး ဦးဆောင်လျက် သူ အနီးသို့ရောက်လာချေပြီ။
မ၀ံ့ မရဲချဉ်းကပ်သွားမိသည်။ ရင်တွင် ဗလောင်းဆူနေသည်။
မ..မ .ခင် မခင်ကြီး..
ဝင့်ကနဲ့ လှည့်ကြည့်လိုက်သော မခင်ကြီးအကြည့်များသည် သူ့အတွက်ကံကောင်းခြင်းမဟုတ်
စမိမှတော့ မထူးပြီကို သိလိုက်ပြီမို့။ သူသည် ရှည်ရှည်ဝေးဝေးမပြောတော့ပဲ.
ကျုပ် မခင်ကြီးကို ချစ်လို့ပါ..
ဘာ..
ညနေညိုသည် တိမ်စွယ်တွင် ကွယ်လုလုဖြစ်ချေပြီ။
ကျုပ် မခင်ကြီးကို ချစ်လို့..အဲဒါ..
ဘာပြောတယ်၊ နင်လို မုဆိုးမသားက ငါ့လို ကွမ်းတောင်ကိုင်ကို ဒီလိုစကားမျိုးပြောရတယ်လို့
ကိုယ့်ကိုယ်ကိုမှ အားမနာတော်..
ညနေညိုသည် နေရောင် ပျောက်တော့မလိုလိုရှိသည်
သူ့ရင်တွင်လဲ တိမ်ညိုမည်းတို့ ညို့လေပြီ။
ကိုယ့်ဘ၀ကိုယ် နားလည်ရတယ်။ မုဆိုးမသားရဲ့..
တန်ရာ တန်ရာ မှန်းရတယ်ဆိုတာ နင်မသိရော့သလား..
ရက်စက်သော ထိုစကားများဆိုနေသည့် မခင်ကြီးသည် သူ့အတွက်တော့ လှနေဆဲပင်ဖြစ်သည်။
နင်မှတ်ထား၊ နောက်ကို ငါ့ကို ဒီလိုစကားမျိုးပြောရင် သူကြီးနဲ့ တိုင်မယ်..
နင့်မျက်နှာကိုလဲ ငါဘယ်တော့မှ မမြင်ချင်ဘူး.
နောက်ဆုံးစကားသည် သူ့အတွက် မျှော်လင့်ချက် နေရောင်တို့ကို ဆိတ်သုဉ်းစေသည်။
ရွာဦးက မန်ကျီးပင်ပျိုအို တစ်စုတွင် သူမည်မျှကြာအောင် ရပ်နေမိသည် မသိ၊ ပြင်ပလောကတွင်လဲ နေရောင်တို့ ချုပ်ငြိမ်းလေပြီ။
ထိုညက လမသာပါ။ ပိုးစုန်းကြူးနှင့် ကြယ်မှုံမွှားတို့ ကြိုးတိုးကြဲတဲ ရှိနေသည်။
သူ့ရင်တွင်ကား မျှော်လင့်ချက်ရောင်ခြည် တို့ ပျက်သုဉ်းကာနေ၀င်ခဲ့ပြီ။
“နင့်မျက်နှာကိုလဲ ငါဘယ်တော့မှာ မမြင်ချင်ဘူး “
ဆိုသော မခင်ကြီးစကားသည်သာ ရင်တွင်းပဲ့တင်ထပ်နေသည်။
နောက်နေ့မနက်ခင်း၊ မခင်ကြီးနှင့် တကွ ရွာကိုစွန့်ခွာသည်။ .
..........................
ဆရာတော်၊ တပည့်တော်တို့ သီတင်းကျွတ်ကာလမို့ ရွာပြန်ချင်ပါတယ်ဘုရား.
အဲဒါ ခွင့်ပြုတော်မူပါဘုရား..
အေး အေး မောင်ပဇင်းတို့ ရွာပြန်မယ်ဆိုရင်၊ လက်ဆောင်လေးပေးလိုက်ချင်တယ်
တို့ရွာက ဖွားခင်ကြီးကို ပေးလိုက်ပါ..
ပြီးတော့ ရတနာပုံမင်းနေပြည်က ငါးခုံဆရာတော်ကြီးက
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးလဲပြောလိုက်ပါကွယ်..
ရော့.ရော့ ဖွားခင်ကြီးအတွက် ရတနာပုံပိတ်စတွေ...
မှန်ပါ ဆရာတော်ဘုရား။
..........................
ဆရာတော်သည် မိဘရပ်ထံပြန်ကြသော ကိုရင်နှင့် ဦးဇင်းငယ်များကိုကျောင်းအု
အော်....မခင်ကြီးသာ အဲဒီတုန်းက ငါ့ရဲ့ ချစ်စကားဆိုတာကိုလက်ခံလိုက်
အခုဆို သားကျွန်၊ မယားကျွန်၊ တဏှာာကျွန်ဖြစ်ရမယ်...
မခင်ကြီးက နင့်မျက်နှာ ငါ မမြင်ချင်ဘူးပြောလိုက်လို့၊
ရှက်ရှက်နဲ့ မြို့တက်လာ သာသနာ့ဘောင်ဝင်ကာ စာသင်ပြီး သာသနာကျေးကျွန်အဖြစ်နဲ့နေလာ
အော် နှစ်တွေတောင် အတော်ကြာပေါ့...
ကျေးဇူးတင်ပါတယ် မခင်ကြီးရယ်..
သီတင်းကျွတ်လုလုရာသီမို့ နှင်းရီဥတို့ စီနေသယောင်ယောင်။
ညအခင်းလရောင်သည် ကျောင်းအိုလက်ရမ်းကို ဖွေးဖွေးလှုပ်လျက်။
“အော်..အနိစ္စ၊ အနိစ္စ.....”
ဆရာတော်သည် ထိုအနိစ္စကို အကြိမ်ကြိမ်ရွတ်ဆိုလျက် ။
..........................
သာသနာ့ကျေးကျွန်များသို့ ဦးညွတ်လျက်ဖြင့်..။
မှတ်ချက်။ ထိုမာကျေးရွာ အနှစ်တရာ ပြည့် စာအုပ်တွင် ဖော်ပြပေးသည့် ဆောင်းပါးတိုတို။
ဒီချုပ်ဆရာတော်ကို ကျေဇူးတင်ပါသည်။
https://www.facebook.com/photo.php?fbid=773372449365198&set=a.18295572840
No comments:
Post a Comment