နာမည် ပြဿနာ
မြန်မာလူမျိုးတွေမှာ နာမည်ရွေးရင် နေ့သင့်နံသင့်နဲ့ နာမည်လှလှရွေးတတ်ကြတဲ့
ဓလေ့ရှိတယ်။ တချို့က နာမည်ဆန်းဆန်းလေးတွေ၊ တချို့က ကဗျာဆန်ဆန်၊ တချို့က
တိုးတက်အောင်မြင်ထွန်းပေါက်စေတဲ့ နာမည်မျိုးတွေပေါ့။ မြန်မာလူမျိုးမှာသာမက တခြားလူမျိုးတွေမှာလည်း ဒီလိုဓလေ့တွေရှိမယ်ထင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ကိုယ့်လူမျိုး၊ ကိုယ့်အခေါ်မှာ နားထောင်ကောင်းတဲ့နာမည်တွေက တခြားလူမျိုးတွေရဲ့စကား၊ အခေါ်အပြောတွေကြောင့် အဓိပ္ပာယ်တစ်မျိုးပြောင်းသွားတာတွေ ရှိတတ်တယ်။
အထူးသဖြင့် နိုင်ငံရပ်ခြားရောက်သွားတဲ့အခါ
ဒီလိုအဖြစ်မျိုးကို ပိုကြုံတွေ့ရတတ်တယ်။ ဒါကြောင့် နိုင်ငံခြားရောက်တဲ့
မြန်မာတချို့က ကိုယ့်နာမည်ကို နိုင်ငံခြားသားတွေ အခေါ်ရလွယ်အောင်၊
မှတ်မိလွယ်အောင်ဆိုပြီး ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်နာမည်တွေ ပေးတတ်ကြတယ်။ last
name၊ surname ခွဲတဲ့နိုင်ငံတွေမှာ တချို့က first nameကို
အင်္ဂလိပ်လိုပေးပြီး နောက်ဆုံးနာမည်ကို ကိုယ့်မြန်မာနာမည်ပဲမှည့်ကြတယ်။ ဥပမာ – Tommy လွင်၊ Christine မျိုး၊ Tony အောင်ဘု ဆိုသလိုတွေပေါ့။
ကျွန်မအလုပ်လုပ်တဲ့ဆေးခန်းက မြန်မာဆရာဝန်ဖွင့်ထားတဲ့ဆေးခန်းဆိုတော့
မြန်မာလူမျိုးတွေလည်း လာပြကြတယ်။ နပ်စ်မတွေက အိန္ဒိယလူမျိုးနဲ့
စပိန်လူမျိုးတွေဆိုတော့ ဒီနိုင်ငံဖွားမဟုတ်တဲ့ သူတို့ရဲ့အင်္ဂလိပ်အသံထွက်တွေက ဘယ်လိုပဲဖြစ်ဖြစ် သူတို့လူမျိုးအသံပေါက်ကြတယ်။
တစ်ခါက မြန်မာတစ်ယောက် ဆေးခန်းလာပြတော့ သူlast nameကို “Oo”လို့ရေးတယ်။
မြန်မာတွေအတွက်တော့ ဒါကို”ဦး”လို့ အသံထွက်ရမယ်ဆိုတာ သိတာပေါ့။ ဒါပေမဲ့
နပ်စ်တွေက ဒါကိုမသိဘူး။ သူတို့ခေါ်တာက အို..အိုတဲ့။ တစ်ခါက U Maung ဆိုတဲ့
လူတစ်ယောက် ဆေးခန်းလာပြတယ်။ သူတို့ခေါ်တာက “ယူမြောင်”တဲ့။ Uကို
ဦးလို့အသံထွက်တယ်လို့ ကျွန်မကပြောတော့ သူတို့အံ့သြကြတယ်။ အင်္ဂလိပ်စာလုံး U
ဖြစ်ရက်သားနဲ့ ဘာလို့ ဦးလို့ အသံထွက်ရသလဲပေါ့။ Ayeကို
အေးလို့အသံထွက်တယ်ဆိုတော့ အေးလို့အသံထွက်မယ့်အတူတူ ဘာဖြစ်လို့ A
လို့ပဲမရေးဘဲ အနောက်မှာ yeထည့်ပေါင်းရသလဲပေါ့။ အဲဒီလိုပဲ.. တစ်ခါတစ်ခါ
နာမည်ကနေ အပျော်အပျက်နဲ့ ရယ်စရာတွေ ကျွန်မတို့ကြုံကြရတယ်။
ဆေးခန်းလာပြတဲ့လူတွေထဲမှာ ဗီယက်နမ်လူမျိုးတွေလည်းရှိတယ်။ ဗီယက်နမ်အဒေါ်ကြီးတစ်ယောက်ရဲ့
နာမည်က Le Thao တဲ့။ နပ်စ်တွေက အင်္ဂလိပ်သံဝဲဝဲနဲ့ ခေါ်ပါတယ်။ ကျွန်မကလည်း
နည်းနည်းဆိုးတယ်… တလွဲတွေးဖို့ဆိုရင် အရမ်းတော်တယ်။ နပ်စ်တွေကို
Thaoကို”ထောင့်”လို့ ပီပီသသခေါ်ပါ တောင်.. တောင်နဲ့ မခေါ်ပါနဲ့လို့
ဆရာသွားလုပ်ပြီး မဟုတ်ကဟုတ်ကတွေ ပြောပြလိုက်တော့ နပ်စ်တွေခမျှ
မြန်မာဆရာဝန်ရှေ့မှာ အဲဒီနာမည်ခေါ်ဖို့ကို တွန့်ဆုတ်ကုန်ခဲ့ကြတယ်။
အဲဒီလိုပါပဲ…. ကိုယ့်နာမည်တွေ တခြားလူအခေါ်မှာ အဓိပ္ပာယ်တလွဲဖြစ်မှာဆိုးကြလို့
တချို့မြန်မာတွေက ဒီနိုင်ငံမှာ စီတီဇင်ဖြေရခါနီး အင်္ဂလိပ်နာမည်တွေ
ရွေးကြတယ်။ ဟိုတစ်နေ့က ဘုန်းကြီးကျောင်းအလှူမှာ လုပ်အားပေးရင်း
ဒီအကြောင်းကို ပြောဖြစ်ကြတယ်။ အဲဒီမှာ အစ်မတစ်ယောက်က သူကြုံတွေ့ရတဲ့
အတွေ့အကြုံတွေကို ပြောပြပါတယ်။
အဲဒီအစ်မရဲ့ အမေနာမည်က
ဒေါ်မွှေးလို့ခေါ်တယ်။ ဘုန်းကြီးကျောင်းကို မကြာခဏလာတတ်တဲ့ အန်တီကြီးပါ။
ငယ်ငယ်တုန်းက ဒေါ်မွှေးရဲ့နာမည်က ဒေါ်မွှေးမဟုတ်ပါဘူး။ မိဘတွေက
မြန်မာပြည်ဖွားတရုတ်တွေဆိုတော့
ဒေါ်မွှေးကို တရုတ်နာမည်မှည့်ပေးခဲ့တယ်။ မအားကျုံတို့၊ မအားရှာတို့၊
လင်ရှောက်ရှာတို့ တစ်ခုခုဖြစ်မှာပေါ့လေ။ ဒေါ်မွှေးက မိဘပေးတဲ့နာမည်ကို
မကြိုက်ခဲ့ဘူး။ အဲဒီခေတ်က “မွှေး”ဇာတ်ကားနာမည်ကြီးတော့
ဒေါ်မွှေးက သူ့နာမည်ကို သူ့ကိုယ်သူ”မွှေး”ဆိုပြီး တစ်လုံးပဲပေးခဲ့တယ်။ ဒါဟာ
ဘယ်တော့မှ ရိုးမသွားနိုင်တဲ့နာမည်၊ ကဗျာဆန်တဲ့နာမည်၊ ဘယ်ခေတ်ရောက်ရောက်
ခေတ်မီနေတဲ့ နာမည်ပေါ့။ ဒီနာမည်ကို “မမွှေး”ကတဆင့် “ဒေါ်မွှေး”ဖြစ်တဲ့အထိ
ဒေါ်မွှေးအမြတ်တနိုးထားခဲ့တယ်။
နိုင်ငံခြားရောက်တော့ “မမွှေး”နှင့် “ဒေါ်မွှေး”သည် တစ်ဦးတစ်ယောက်တည်းဖြစ်ကြောင်း
ဝန်ခံချက်တင်ရသေးတယ်။ မြန်မာမှာလို “မ၊ ဒေါ်၊ မောင်၊ ဦး”တွေက
အသက်အရွယ်နောက်လိုက်ပြီး ပြောင်းလဲသွားတဲ့အခေါ်ဆိုတာ တခြားနိုင်ငံခြားကလူတွေ
သိမှမသိကြတာ။ ဒါပေမဲ့လည်း မတွေ ဒေါ်တွေဖြုတ် “မွှေး”တစ်လုံးတည်းနဲ့
ဒေါ်မွှေးနေခဲ့ပါတယ်။ ကျွန်မတို့မြန်မာတွေမှာတော့
မွှေးဆိုတဲ့စာလုံးဟာ ဘယ်လောက် အဓိပ္ပာယ်ရှိတယ်၊ ဘယ်လောက်လှတယ်ဆိုတာ
လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံက သူတွေရဲ့အခေါ်မှာတော့
“Hmwe”ဆိုတဲ့စာလုံးက မွှားဖြစ်သွားလိုက်၊ မွီးဖြစ်သွားလိုက်နဲ့
အံ့မဝင်ခဲ့ပါဘူး။
ဒီလိုနဲ့ “မွှေး”ဆိုတဲ့ သူ့နာမည်လှလှလေး နိုင်ငံခြားသားတွေရဲ့ပါးစပ်ဖျားမှာ အဖျက်မခံရအောင်ဆိုပြီး ဒေါ်မွှေးက သူ့ယောက်ျားရဲ့ Last name ကို သူ့နာမည်နဲ့ပေါင်းလိုက်ဖို့
စိတ်ကူးတယ်။ ဒါမှ မွှားတွေ မွီးတွေအစား Mrs. ဘယ်သူဆိုပြီး
အခေါ်ခံရလွယ်အောင်ပေါ့။ သူ့ယောက်ျား Last nameကို
သူ့နာမည်နဲ့ထည့်ပေါင်းလိုက်မှပဲ
အမျိုးတွေကြားမှာ ဒေါ်မွှေး ပိုဒေါပုန်ထရတော့တယ်။ သူ့ယောက်ျားရဲ့ Last name က
Lee ဖြစ်နေတော့ သူ့နာမည်က Lee Hmwe ဖြစ်သွားတော့တာပေါ့။ အော်… Le Thao
ထက်ဆိုးနေပါရော့လား Lee Hmweရယ်.. အော် ဒေါ်မွှေးရယ်လို့ပဲ
ပြောလိုက်ချင်ပါတော့တယ်။
အဲဒီအစ်မကပဲ ဆက်ပြောပြပါတယ်။
သူ့အစ်ကို ဝမ်းကွဲတွေအကြောင်းပေါ့။ မြန်မာလူမျိုးတွေက ကိုယ့်သားသမီးတွေကို
နေ့နံနဲ့လိုက်ပြီး နာမည်ခပ်ဆင်ဆင်တွေ ပေးတတ်ကြတယ်။ သူ့အစ်ကိုဝမ်းကွဲတွေလည်း
အဲဒီလိုပဲ နာမည်တွေပေးထားကြတယ်။ တင်ထွန်းအောင်၊ တင်ထွန်းနိုင်၊
တင်ဝင်းနိုင်ဆိုပြီးတော့ပေါ့။
တစ်ခါက ကနေဒါဖက် သူတို့သွားလည်ကြတော့ Green cardတွေ ပြကြရတယ်။
နာမည်ဆင်တူတဲ့ သူတို့သုံးယောက်နာမည်ကို ကာစတန်ကကြည့်ပြီး ခေါင်းကုတ်တယ်။
အသံထွက်တွေကို သူမထွက်တတ်ဘူးလေ… နောက်ဆုံးမှာ ကတ်ပြားကိုကြည့်ပြီး
ကာစတန်ပြောလိုက်ပါတယ်။ “တိန်..တိန့်… တိန်၊ တိန်..တိန့်… တိန်… ကဲ ..
မင်းတို့သွားတော့”တဲ့လေ…..။
—–
(ဒီအကြောင်းရေးဖို့ ခွင့်ပြုတဲ့အစ်မကို ကျေးဇူးတင်ပါတယ်း)
နိုင်းနိုင်းစနေ (Saturday, November 05, 2011)
https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279
No comments:
Post a Comment