စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပိဏ်တပါတ်-ဆွမ်း (ဆွမ်းလောင်းလှူခြင်းအကျိုးတရား) ရှင်းတမ်း"





နေ့စဉ်မပြတ်ဆွမ်းလောင်းတာကို သိမ်သပတ် ဆွမ်းလို့ ခေါ်တာ စာလုံးပေါင်းနဲ့ အဓိပ္ပာယ် ရှင်းပြပေးပါဘုရား အကျိုးကျေးဇူး အတိုကောက်ရော ဘုရား။ (မေမြန်မာ)

ဒကာမကြီး မေးခွန်းလေးအတွက် ဦးဇင်း ကျေးဇူးတင်ပါတယ်။ “မြတ်စွာဘုရားမှာ စိန်၊ ကျောင်းမှာသိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာပိဏ်” ဆိုပြီး အဆိုရှိပါတယ်။ ဘုရားမှာ စိန်ဖူးတော်ဟာ အမြင့်မြတ်ဆုံး၊ ကျောင်းအဆောက်အဦးများမှာ သာသနာပြန့်ပွားအောင် ဆောင်ရွတ်ပေးနေတဲ့ သိမ်က အမြတ်ဆုံး၊ သင်္ကန်းမှာဆို တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှ တစ်ကျောင်း၊ တစ်ကျောင်းမှာမှ တစ်ကြိမ်သာ ခင်းခွင့်ရတဲ့ ကထိန်သင်္ကန်းက အမြတ်ဆုံးဖြစ်သလို ဆွမ်းမှာလည်း နေ့စဉ် အာစိဏ္ဏကံ အမြဲမပြတ် လှူဒါန်းနေတဲ့ ဆွမ်းဟာလည်း အမြတ်ဆုံးဖြစ်ပါတယ်။ ဒါကို ပိဏ္ဍပါတ (ပိဏ်တပါတ်) (သို့) နိစ္စဘတ် လို့ခေါ်ပါတယ်။ မြန်မာလိုပြန်ရင် “သပိတ်၌ခံရ၍ ရသောဆွမ်း” A Collection of alms. Food received in the alms-bowl of a Buddhist monk လို့ ဖွင့်ပါတယ်။ နေ့စဉ် နေ့တိုင်း လောင်းလှူတဲ့ အလှူကိုတော့ ပိဏ္ဍပါတ-ဒါန (သပိတ်ထဲသို့ ထည့်၍ ဆွမ်းလှူခြင်း) လို့ဆိုပါတယ်။

စာရေးတံမဲချပြီးလှူဒါန်းတဲ့ဆွမ်းကိုတော့ မဟာဒုတ်ဆွမ်း(သလာကဘတ္တ)၊ တစ်လမှာ လဆန်း-၁ရက်မှ လပြည့် ၁၅ရက်ထိ( လဆန်းပက္ခ ) လပြည့်တော် ၁ရက်မှ လကွယ်ထိက လဆုတ်ပက္ခဆိုပြီး တစ်လမှာ တစ်ကြိမ်(သို့) နှစ်ကြိမ်လှူဒါန်းတဲ့ဆွမ်းကိုတော့ ပက္ခိယဘတ္တဟုခေါ်ဆိုပြီး၊ နေ့စဉ်နေ့တိုင်း လောင်းလှူတဲ့ ဆွမ်းဝတ်ကိုတော့ ပိဏ္ဍပါတ- ပိဏ်တပါတ်(သို့မဟုတ်) နိစ္စဘတ်ဟု ခေါ်၏။

မိမိအိမ်ရှေ့သို့ ရှေးရှေး မြတ်စွာဘုရားရှင်၏ အလေ့အထဖြစ်တဲ့ ဆွမ်းခံခြင်းအမှု၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကအရှင်အမြတ်၏ ထုံးကို နှလုံးမူ၍ စာသင် စာချ၊ တရားဟော ၊ တရားထိုင်၊ ပရိယတ္တိဝန်ကိုဆောင်တော်မူနေကြသော သံဃာတော်အရှင်မြတ်များ၊ ပဋိပတ္တိဝန်ကို ဆောင်တော်မူကြသော သံဃာတော်တို့၏ သပိတ်ထဲသို့ ဆွမ်းတစ်ဇွန်း၊ ဟင်းတစ်ခွက်၊ နေ့စဉ်မှန်မှန်ချက်ပြီး လောင်းလှူမယ်ဆိုရင် ပုဂ္ဂိုလ်စွဲလည်းကင်း၊ စေတနာလည်းနိုင်နင်း၊ သဒ္ဓါတရားလည်းဖြူဝင်းပြီး စိတ်နိုင် ကိုယ်နိုင်လှူရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မယ်။ တစ်နှစ်မှာ ရက်ပေါင်း(၃၆၅)ရက်ရှိတော့ ရက်မှန်မှန် ဆွမ်းလောင်းလှူသူမှာ တစ်ရက်လျှင် ပုဗ္ဗစေတနာ(မလှူမီဖြစ်တဲ့စေတနာ)၊ မုဉ္စစေတနာ (လှူဆဲအခါမှာဖြစ်တဲ့စေတနာ)၊ အပရစေတနာ(လှူပြီးနောက်
ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စေတနာ) ကုသိုလ်ရယ်ဆိုပြီး သုံးမျိုးရတာပေါ့။(၃၆၅)ရက်ဆိုတော့ တစ်နှစ်မှာ(၁၀၉၅)မျိုးရတယ်လို့ဆိုရမှာပါ။
 
နောက်တစ်ချက် သံဃာတော်တို့အနေဖြင့် အလှူရှင် ဆွမ်းဒကာ ဆွမ်းဒကာမများထဲမှ တတ်စွမ်းသမျှ လှူဒါန်းတဲ့ ဆွမ်း၊ ဆွမ်းဟင်းကိုသာ အလှူခံကြပြီး၊ ဆွမ်းကောင်းတာ မကောင်းတာ၊ ဆွမ်းဟင်း ကောင်းတာ မကောင်းတာဟု တစ်ခွန်းမှ မပြောကြ။ လောင်းသမျှနှင့်သာ တင်းတိမ် ရောင့်ရဲ ကြရ၏။ တင်းတိမ် ရောင့်ရဲ တဲ့တရားကိန်းနေပြီဆိုလျှင် လိုချင်တက်မက်မှု လောဘအား တဒင်္ဂအနေဖြင့် ကင်းနေတော့၏။ ဆွမ်းခံခြင်း အမှုပြုတော့မည့်အချိန်၊ ပြုနေဆဲအချိန်၊ ပြုပြီးသည့်အချိန်များမှာ ဆွမ်းအလှူရှင်များအား မေတ္တာပို့သကြရ၏။ မေတ္တာဓာတ်ကိန်းနေမည်ဆိုပါလျှင် မေတ္တာနှင့်ဆန့်ကျင်ဘက် ဒေါသကိလေသာလည်း တဒင်္ဂမှာ ကင်းနေမည်ဖြစ်၏။
 
 ဆွမ်းခံကြွသူ အရှင်မြတ်များမှာ သတိဖြင့် သွားလာနေကြရတာဖြစ်သဖြင့် သတိ၏ ဆန့်ကျင်ဘက် မောဟ တရားလည်း တဒင်္ဂကင်းနေမည်သာ။ ဆွမ်းခံခြင်းကျင့်ဝတ်သည် မာန်မာနတရားများကို ချိုးနှိမ်ပြီးမှ ကြွရသဖြင့် မာန တရားလည်း တဒင်္ဂ ကင်းနေမည်သာ၊ ဆွမ်းခံကျင့်ဝတ်ဖြင့် ကျင့်သုံး ဆွမ်းခံထွက်တော်မူကြသော သံဃာတော် အရှင်အမြတ်များအား ဖူးတွေ့ရခြင်း၊ လှူဒါန်းရခြင်းများဟာ ဒကာ ဒကာမများအဖို့ ကြည်နူးစရာ ဝမ်းမြောက်စရာ၊ ကုသိုလ်ဖြစ်စရာဟု အမြင်မှန်သောကြောင့် မိစ္ဆာဒိဋ္ဌိ မှားယွင်းသော အမြင်လည်း တဒင်္ဂ ကင်းနေမည်သာ၊ နောက်တစ်ချက် ဆွမ်းခံခြင်းအမှုဟာ တစ်ပါးသူထံမှာ ခိုးယူ လုယက် ခြိမ်းခြောက်ပြီး ရယူခြင်းမျိုးမဟုတ်ဘဲ မေတ္တာတရားပြည့်ဝသည့်စိတ်၊ မာနကင်းရှင်းနေတဲ့စိတ်၊ လောဘကင်းရှင်းနေတဲ့ စိတ်ထားဖြင့် အလှူခံခြင်းဖြစ်သဖြင့် ရရှိလာတဲ့ ဆွမ်းဟာလည်း ဖြူစင်သော အသက်မွေးမှု ဖြစ်သဖြင့် မဖြူမစင် နှင့်ရအပ်သော ဆွမ်းမဟုတ်ဟု နှလုံးသွင်းလိုက်သည်နှင့် သံသယဝိစိကိစ္ဆာ၊ ကုသိုလ်အမှုဖြစ်တာကြောင့် ရှက်စရာ၊ ကြောက်စရာလည်းမလိုသည့်အတွက် အဟိရိက၊ အနောတ္တပ္ပစသည့် ကိလေသာတရားများ တဒင်္ဂတော့ ကင်းရှင်းနေမည်သာ၊ ထို့ကြောင့်ပင် ပိဏ်တပါတ်ဆွမ်းဟာ လောင်းလှူနေသူ ဒကာ ဒကာမများအဖို့ အကျိုးကျေးဇူးများတယ်လို့ ဆိုရမည်ဖြစ်ပေသည်။

နိရောဓသမာပတ်မှထသည့်အခါ၊ ဖလသမာပတ်မှ ထသည့်အခါများမှာ လှူဒါန်းပါလျှင် အကျိုးကျေးဇူးများတယ်ဆိုတာ အားလုံး အသိပင်၊ နောက်တစ်ချက်က ထိုမိမိ လောင်းလှူလိုက်သော ဆွမ်းဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက်လည်း မဟုတ်ပေ။ ထိုဆွမ်းဖြင့် ခံယူသော အရှင်များဘုဉ်းပေးနိုင်သကဲ့သို့၊ နာမကျန်းဖြစ်နေသောရဟန်း၊ ခရီးသွား အာဂန္တုရဟန်းများ၊ သံဃာတော်များ၏ ဝေယျဝေစ္စပြုနေသော ပုဂ္ဂိုလ်များ၊ အောက်ထစ်ဆုံး တိရစ္ဆာန်လေးများပါ မကျန် ခွဲဝေသုံးဆောင်ကြတာဖြစ်လို့ သံဃိကဒါနဟုလည်း ဆိုနိုင်မည်ဖြစ်ပါတယ်။ သံဃာကိုလှူဒါန်းတာဟာ အကျိုးကျေးဇူးများတယ်ဆိုတာ အားလုံးအသိပင်ဖြစ်ချေ၏။
အချုပ်အားဖြင့် မေးခွန်းရှင် ဒကာမကြီး- မေမြန်မာ နေ့စဉ် လှူဒါန်းနေသော ပိဏ္ဍပါတ- ပိဏ်တပါတ်ဆွမ်း(နိစ္စဘတ်)ဟာ သာသနာအတွက် အကျိုးကျေးဇူးများတဲ့ ဆွမ်းဖြစ်ကြောင်း၊ ဆွမ်းလောင်းလှူတဲ့ ဒကာ-ဒကာများလည်း ဆွမ်းအကျိုးငါးပါးအပါအဝင် ထူးမြတ်သော အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း ဖြေကြားလိုက်ပါသည်။

ဆွမ်းလှူဒါန်းရကျိုး
အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးမားခြင်း၊ ဥာဏ်ပညာကြီးမားခြင်း။
(အင်္ဂုတ္တရ်နိကာယ်၊ ပဉ္စကနိပါတ်၊ ဘောဇနသုတ်)
ထိုပိုစ့်လေးအား အကြံဥာဏ်ပေးတဲ့ နောင်တော်-အရှင်ဇနက(နာလန္ဒာတက္ကသိုလ်) အား အထူးကျေးဇူးတင်ပါသည်ဘုရား။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...