စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘယ်တော့မှ မရပ်လိုက်ပါနဲ့


              
အသက် ၃၀ ၀န်းကျင်လောက်တုန်းက ဘ၀ရဲ့ အပြောင်းအလဲအချိုးအကွေ့ကြမ်းကြမ်းနဲ့ ကျမ ကြုံခဲ့ရပါတယ်။

ပြန်တွေးကြည့်ရင်တော့ အဲဒီတုန်းကတော့ အလုပ်က ရပ်ပစ်လိုက်ရတယ်။ နောက် ကျမနာမည်နဲ့ ဘယ်သတင်းဂျာနယ်မှာမှ စာရေးလို့မရလောက်အောင်လည်း တားမြစ်ခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ပွန်းသည်ကလည်း နိုင်ငံခြားမှာသွားပြီး စာသင်နေတဲ့အချိန်၊လုပ်ငန်းလေး ရပ်သွားတဲ့အတွက် ၀င်ငွေကျသွားပြီး၊ ပင်ပန်းဆင်းရဲခြင်းဆိုတဲ့ ခက်ခဲခြင်းမျိုးစုံတဲ့ အချိန်ကာလနဲ့အတူ ဘ၀ရဲ့ အပြောင်းအလဲအချို့ကို ခပ်ကြမ်းကြမ်းဖြတ်သန်းရတော့တာပါပဲ။

ဒါပေမဲ့လည်း လဲကျတိုင်း ပြန်ထဖို့ ကြိုးစားလိုက်၊ ပြန်လဲကျလိုက်နဲ့... မှတ်မှတ်ရရ (အဲဒီ ၄ နှစ်တာကာလ) ကျမဟာ ဘ၀ကို ပင်ပန်းခက်ခဲစွာနဲ့ ရှင်သန်ရပ်တည်ခဲ့ရပါတယ်။

အဲဒီတုန်းက ဘ၀မှာတွေ့ရတဲ့ သင်ခန်းစာတွေဆိုတာက တကယ့်ကို ကျောင်းစာမှာ မပါခဲ့တာတွေနဲ့ချည်း တွေ့ရတော့တာပါပဲ။ ဒါပေမဲ့ အဲဒီလို အခက်အခဲတွေ ဆင်းရဲမှုတွေ ဒုက္ခတွေကနေ ကျမရလိုက်တာတွေ အများကြီး ရှိပါတယ်။ အဲဒီလို ဖြစ်အောင်လုပ်ခဲ့တဲ့ သူတွေကိုတောင်မှ ခုချိန်မှာပြန်တွေးကြည့်ရင် ကျေးဇူးတင်မိနေပါတယ်။

(တကယ်လို့များ ခုချိန်မှာ အဲဒီတုန်းက ကျမလို အခက်အခဲမျိုး၊ ကံဆိုးခြင်းမျိုးတွေနဲ့ ကြုံနေရတဲ့ သူတွေရှိရင်လည်း ကျမပြောချင်ပါတယ်။ လောကမှာ ကံဆိုးခြင်းဆိုတာထဲမှာလည်း ကံကောင်းခြင်းတွေပါဝင်နေတတ်တဲ့အတွက် အဆိုးတွေထဲကနေ အကောင်းတွေဖြစ်အောင် ပြောင်းလဲယူလို့ရတယ်ဆိုတာပါပဲ)

ဘ၀ရဲ့ ခက်ခဲပင်ပန်းချိန်တွေမှာ ကျမမှာ မိတ်ဆွေစစ်တွေ ရရှိလိုက်တယ်။ လဲကျတိုင်း ပြန်ထဖို့ အလေ့အကျင့်ရသွားခဲ့တယ်။ အဆိုးတွေကို အကောင်းတွေဖြစ်အောင် ဘယ်လိုပြောင်းလဲယူရမလဲဆိုတဲ့ လေ့ကျင့်ခန်းကို ကျမသိလိုက်ရတယ်။ နောက် ... အဖိုးတန်တာက လောကမှာ ပိုက်ဆံထက်ပိုပြီး တန်ဖိုးကြီးတဲ့ အရာတွေက အများကြီးပါလားဆိုတာကိုလည်း ကျမ သိသွားခဲ့ရပါတယ်။

နောက် အဲဒီတုန်းက ကျမက ကြမ်းတဲ့ အပြောင်းအလဲတစ်ခုကို တွေ့လိုက်ရတာပါ။ ဘာဖြစ်လို့အပြောင်းအလဲက ကြမ်းတမ်းသွားရသလဲ ဆိုတာကို သေချာပြန်တွေးကြည့်တော့ကျမရဲ့ အားနည်းချက်တွေနဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် ဆိုတာကို တွေ့ရပါတယ်။

အဲဒီတုန်းက ကျမက ခေါင်းမာလွန်းတယ်။ အစွန်းရောက်တယ်၊ ပြီးတော့ တစ်လမ်းတည်းသွားတယ်၊ နှစ်ဦး နှစ်ဘက်စလုံး အကျိုးရှိမဲ့ နည်းလမ်းမျိုးကို မစဉ်းစားခဲ့ဘူး၊ အဲဒါတွေကလည်း အတ္တမာနမကင်းခဲ့တဲ့ ကျမရဲ့ ဆုံးဖြတ်ချက်တွေကြောင့်ဆိုတာကို သိရပါတယ်။

အဲဒါတွေကြောင့်ပဲ ဆိုတာကို သိရပြီးတဲ့ နောက်မှာ ကျမကိုယ့်ကိုယ်ကိုလည်း ပြောင်းလဲယူရပါတယ်။ သင်ခန်းစာတွေကနေ ပြန်သင်ယူရပါတယ်။

အဲလိုနဲ့ ကျမ နောက်ထပ် အလုပ်တစ်ခု လုပ်ဖို့အတွက် ထပ်ပြီး စဉ်းစားဖြစ်ပါတယ်။ ကျမက ၀န်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေကို သဘောကျတယ်။ ကိုယ်ရဲ့ ၀န်ဆောင်မှုကြောင့် သူများအဆင်ပြေသွားတာ၊ ကိုယ့်ကြောင့် သူများ အဆင်ပြေသွားတာကို ပီတိဖြစ်ရတာကို ကြိုက်တယ်။ အဲဒီကနေ သတင်းတွေကို ၀န်ဆောင်မှု ပေးဖို့ စပြီး စဉ်းစားဖြစ်ခဲ့တာပါ။

စပြီး လုပ်ဖြစ်ခဲ့တဲ့ အချိန်တုန်းက ဒီသတင်းအေဂျင်စီ လုပ်ငန်းက ခုလောက်ထိ သက်တမ်းရှည်လိမ့်မယ်လို့ ထင်မှတ်တဲ့ သူလည်း အင်မတန်နည်းပါးပါတယ်။ ရယ်စရာပြောရရင် ကျမကို ရူးလို့ လုပ်တာလို့တောင် သူငယ်ချင်းအချို့က ပြောခဲ့ကြဖူးတယ်။ ခပ်မိုက်မိုက်အတွေးအခေါ်တစ်ခုနဲ့ ခေါင်းမာမာလုပ်တတ်တဲ့ ကျမကို အားပေးကြတာပေါ့။

အဲဒီလုပ်ကို စပြီလို့ စဉ်းစားဆုံးဖြတ်မိတာနဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်လေးတစ်ခုကို လုပ်ဖို့အတွက် ဘာကြောင့်မှ အလျော့မပေးဖို့ လိုတယ်ဆိုတာကို ကျမ လက်ခံနားလည်လိုက်ပါတယ်။

ဘယ်လို အခက်အခဲကိုမှ အလျော့မပေးဘူး၊ ဘာကြောင့်မှ ကိုယ့်လုပ်ငန်းကို မရပ်တော့ဘူး၊ကိုယ့်ရဲ့ စိတ်ကူးတွေ အိမ်မက်တွေကို ဘာကြောင့်မှ ရပ်မပစ်ဘူးဆိုတဲ့  စိတ်နဲ့ ကိုယ်ပိုင်လုပ်ငန်းလေး တစ်ခုကို စခဲ့ပါတယ်။

လုပ်တဲ့ အခါမှာလည်း အစတုန်းကတော့ နှစ်မြှုပ်လုပ်ကိုင်ရမယ်ဆိုတာကို ကောင်းကောင်းမသိခဲ့ပါဘူး၊ အလုပ်လုပ်နေရင်းနဲ့မှ ကိုယ့်အလုပ်ကိုတကယ်ကို နှစ်မြှုပ်လုပ်ကိုင်ရမယ်ဆိုတာကို သိနားလည်ခဲ့ရပါတယ်။ လုပ်ငန်းခွင်မှာ အခက်အခဲတွေနဲ့ တွေ့လာတဲ့အခါမှာလည်း ခိုင်ခိုင်မာမာနဲ့ ရပ်တည်တဲ့ အလေ့အကျင့်ကို လုပ်ပါတယ်။

အသေးအဖွဲလေးတွေကစပြီး တကယ်ကို ကောင်းမွန်တဲ့ အတွေး၊ ကောင်းမွန်တဲ့ စိတ်ကူး နဲ့ ကောင်းမွန်တဲ့ မျှော်မှန်းချက်တွေ ထားပြီးလုပ်ရင် ကောင်းမွန်တဲ့ အနာဂတ်ရှိမယ်ဆိုတာကိုလည်း ယုံကြည်တဲ့ စိတ်နဲ့ ကောင်းတဲ့ အရာတွေကိုပဲ ရွေးချယ်လုပ်ကိုင်ခဲ့ပါတယ်။

ခုချိန်မှာလည်း ကျမက ကြိုးစားနေရတုန်းပါပဲ။ နေ့စဉ်နဲ့ အမျှလည်း အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ တွေ့နေရဆဲပါပဲ။ ဒီကြားထဲမှာလည်း ကိုယ်ကပြဿနာမရှာပေမဲ့ ကိုယ့်ကိုလာရှာတဲ့ ပြဿနာတွေကိုလည်း တွေ့ကြုံရတာပါပဲ။

ဒါပေမဲ့ ပြဿနာကို ပြဿနာနဲ့ ပြန်ပြီး ဖြေရှင်းရမဲ့ နည်းလမ်းမျိုးကို ကျမ မစဉ်းစားတော့ပါဘူး။ နှစ်ဦး နှစ်ဖက် အကျိုးမရှိစေတဲ့ ကိစ္စမျိုးတွေအတွက် ကျမ အချိန်မပေးတော့ပါဘူး။

မျှော်မှန်းထားတဲ့ အောင်မြင်မှု ပန်းတိုင်ကို မရောက်သေးပါဘူး။ဒါပေမဲ့ ပြေးလမ်းတစ်ခုပေါ်ကိုတော့ ကျမ ရောက်နေပါပြီ။ ပန်းတိုင်ရောက်အောင် ဆက်ပြေးနိုင်ဖို့ကတော့ လိုနေပါသေးတယ်။ ဘယ်တော့မှ မရပ်ဖို့ကိုလည်း ကိုယ့်ကိုယ်ကို အမြဲအားပေးနေရဆဲဖြစ်ပါတယ်။

မိတ်ဆွေများလည်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့အတူ ကိုယ့်ရဲ့ ရည်မှန်းချက် အောင်မြင်ခြင်း ပန်းတိုင်ရောက်တဲ့အထိ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဘယ်တော့မှ မရပ်လိုက်ပါနဲ့နော်။


မေသင်္ကြန်ဟိန်(မြစ်မခ)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...