စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှစ်ပေါင်း၇ဝကြာမှ ချစ်သူရဲ့ဒိုင်ယာရီကို ပြတိုက်တစ်ခုမှာ အမှတ်မထင်ပြန်တွေ့ခဲ့



၁၉၄၄ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းမှာ အသက် ၂၂နှစ်ရှိတဲ့ အမေရိကန်စစ်သား Thomas Jonesဟာ Pacific စစ်ပွဲမှာ ဂျပန်တို့ရဲ့တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတယ်။ မသေဆုံးခင်မှာ နောက်ဆုံးမှာတမ်းအဖြစ် သူ့ဒိုင်ယာရီစာအုပ်ကိုတွေ့ရှိသူတွေ အဲဒီဒိုင်ယာရီစာအုပ်ကို သူ့ချစ်ဦးသူလက်ထဲ အရောက်ပို့ပေးကြပါလို့ ရေးခဲ့တယ်။

အဲဒီဒိုင်ယာရီစာအုပ်က Jones ရှေ့တန်းမတက်ခင် သူ့ချစ်သူလက်ဆောင်ပေးခဲ့တာဖြစ်ပြီး ကိုယ်နဲ့မကွာ သူယူဆောင်ခဲ့တယ်။ အားလပ်တဲ့အခါတိုင်း သူ့ခံစားချက်တွေ၊ ချစ်သူကိုတမ်းတတဲ့အကြောင်း၊ ဇာတိမြေကိုလွမ်းတဲ့အကြောင်းတွေ စာအုပ်ထဲသူချရေးခဲ့တယ်။ Jones သေဆုံးပြီးနောက် ကျန်ရှိခဲ့တဲ့သူ့ပစ္စည်းတွေကို သူ့မိသားစုထံပြန်အပ်ခဲ့ပါတယ်။ မိသားစုတွေက သတိမထားမိလို့ပဲလား၊ နှမြောလို့ပဲလား မသိပါဘူး.. အဲဒီဒိုင်ယာရီစာအုပ်ကို သူ့ချစ်သူကို မပေးခဲ့ပါဘူး။ ဒိုင်ယာရီစာအုပ်ဟာ Jonesရဲ့တခြားကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေနဲ့အတူ ဆိတ်ဆိတ်ငြိမ်ငြိမ်ရှိနေခဲ့ပါတယ်။

ဒီလိုနဲ့ နှစ်ပေါင်း ၇ဝလွန်မြောက်ပြီး ၂ဝ၁၃ခုနှစ် ဧပြီလ ၂၄ရက်နေ့မှာ အင်ဒီယားနားပြည်နယ်မှာနေတဲ့ အသက်၉ဝအရွယ်ရှိ Laura Mae Davis Burlingame လို့ခေါ်တဲ့ အဘွားအိုတစ်ဦးဟာ မိသားစုတွေနဲ့အတူ New Orleansက ပြတိုက်တစ်ခုကို အလည်ရောက်သွားခဲ့တယ်။ အဲဒီပြတိုက်မှာ ဒုတိယကမ္ဘာစစ်တုန်းက ကျဆုံးသွားတဲ့ အမေရိကန်စစ်သားတစ်ဦးရဲ့ ကျန်ရှိပစ္စည်းတွေ ခင်းကျင်းပြသထားတယ်လို့ အဘွားအိုကြားတော့ ဒါဟာ သူ့ရဲ့ငယ်ချစ်ဦး၊ တိုင်းတစ်ပါးမှာ သေဆုံးခဲ့ရတဲ့ ချစ်ဆုံးသူ၊ သူ့ရဲ့ဓာတ်ပုံလေးတစ်ပုံကို တွေ့ရရင်ပဲဖြစ်ဖြစ်၊ တပ်မှာနေတုန်းက သူဖြတ်သန်းခဲ့ပုံကို သိရရင်ပဲဖြစ်ဖြစ်ကောင်းမယ်လို့ အဘွားအိုတွေးခဲ့မိတယ်။

ဒီလိုနဲ့ ပြတိုက်မှာခင်းကျင်းပြသထားတဲ့ ချစ်ဦးသူကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို ကြည့်ရင်းကြည့်ရင်း အဲဒီဒိုင်ယာရီစာအုပ်ကို အဘွားအိုသွားတွေ့မိတယ်။ Jones နောက်ဆုံးရေးခဲ့တဲ့ စာကြောင်းကိုတွေ့တော့ အဘွားအိုဟာငိုယိုပြီး ဒိုင်ယာရီစာအုပ်ကို ဖတ်ခွင့်ပေးဖို့ ပြတိုက်တာဝန်ခံတွေကို တောင်းဆိုခဲ့တယ်။ ပြတိုက်တာဝန်ခံက အဘွားအိုကို လက်အိတ်ဖြူဝတ်ခိုင်းပြီး ဒိုင်ယာရီစာအုပ်ကို ပေးလိုက်တယ်။ "ဒါဟာ ဒီပြတိုက်မှာ ကျွန်တော်တာဝန်ထမ်းဆောင်လာခဲ့တဲ့ ၁ဝနှစ်ကျော်ကာလအတွင်း ပြသထားတဲ့ပစ္စည်းပေါ်မှာ ရေးထိုးထားတဲ့နာမည်ပိုင်ရှင်ကိုယ်တိုင်က ဒီပစ္စည်းကိုကြည့်ချင်ပါတယ်လို့တောင်းဆိုတာ ဒါပထမဆုံးအကြိမ်ပါပဲ"လို့ ပြတိုက်တာဝန်ခံက ပြောပါတယ်။

အဘွားအို Laura Mae က Jones သေဆုံးသွားပြီး နောက်တစ်နှစ် ၁၉၄၅ခုနှစ်မှာ လေယာဉ်မှူးတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီလေယာဉ်မှူးကလည်း Jonesရဲ့ သူငယ်ချင်းဖြစ်တယ်။ ဒီဒိုင်ယာရီစာအုပ်က Jonesရဲ့အစ်မလက်ထဲမှာရှိခဲ့တယ်။ ဒါပေမယ့် Jonesရဲ့အစ်မနဲ့ Laura Maeက သိပ်မရင်းနှီးခဲ့ဘူးလို့ သတင်းထောက်တွေကို Laura Maeက ပြောပြပါတယ်။ Jonesရဲ့ တူတစ်ယောက်က Jonesကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို သိမ်းဆည်းချိန်မှာ ဒီဒိုင်ယာရီစာအုပ်ကို သူတွေ့ခဲ့ပါတယ်လို့ဆိုတယ်။ "တကယ်လို့ ဒိုင်ယာရီစာအုပ်ကို Laura Maeလက်ထဲထည့်လိုက်ရင် သူ့ရဲ့အိမ်ထောင်ရေးကို အနှောက်အယှက်ဖြစ်စေနိုင်တယ်လို့ ကျွန်တော်စိတ်ပူခဲ့လို့ မပေးဖြစ်ခဲ့တာပါ" လို့ သူကပြောပါတယ်။ Laura Mae ကတော့ သူ့ခင်ပွန်းဟာ Jones ရဲ့သူငယ်ချင်းဖြစ်တာကြောင့် အနှောက်အယှက်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ပြတိုက်တံခါးပိတ်ချိန်ရောက်ခဲ့ပါပြီ။ Laura Mae ရဲ့လွမ်းဆွတ်ခြင်းက အဆုံးမသတ်နိုင်ခဲ့သေးပါဘူး။ စတိတ်ကျောင်းသူဘဝကို သူပြန်ပြောင်းအောက်မေ့သတိရနေခဲ့မိတယ်။ အဲဒီတုန်းက သူက ပန်းဖွားအက,ကသူပါ။ Jones က ကျောင်းက ဘတ်စကက်ဘောကစားသမားတစ်ဦးဖြစ်တယ်။ ဒိုင်ယာရီရဲ့နောက်ဆုံးစာရွက်ကို Laura Mae လှန်ကြည့်လိုက်တယ်။ နောက်ဆုံးစာရွက်ထောင့်မှာ Love, Laurie ဆိုပြီး သူဆိုင်းထိုးထားတာလေး ရှိနေသေးတယ်။ စာအုပ်ကို သူမပိတ်ချင်ခဲ့ဘူး။ နောက်ဆုံးမှာ ပြတိုက်တာဝန်ခံက သူ့အတွက် စာအုပ်တစ်အုပ်မိတ္တူကူးပေးမယ်လို့ ကတိပေးလိုက်မှ ပြတိုက်ကနေ သူထွက်ခွာသွားခဲ့တော့တယ်။


http://www.nypost.com/p/news/national/wwii_marine_diary_found_years_high_EY4srf6qleF6GlXzyVhT0I

http://www.appledaily.com.tw/realtimenews/article/new/20130530/182496/

နိုင်းနိုင်းစနေ (June 5, 2013)

https://www.facebook.com/photo.php?fbid=10151483272167358&set=a.101501576310573

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...