ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
“အလှဆင်သူ”ဆိုတဲ့ စကားလုံးကိုမြင်လိုက်တာနဲ့ တပြိုင်နက် မိမိစိတ်မှာလွှတ်ခနဲသတိရလိုက်တာကတော့ ဆရာကြီးဇော်ဂျီရဲ့ “သင်သေသွားသော်”ဆိုတဲ့ ကဗျာမွန်ကိုပါပဲ။
ဆရာကြီးရဲ့ကဗျာအစဆုံးပိုဒ်မှာ “သြော်.. လူ့ပြည်လောက၊ လူ့ဘဝကား၊ အိုရ,နာရ,သေရဦးမည်” ဆိုတာအထိ ဖတ်ကြည့်လိုက်ရင်တော့ ဘဝကိုငြီးငွေ့တဲ့ နိဗ္ဗိန္ဒသံလိုလို၊ သင်ခန်းစာယူတဲ့ သံဝေဂသံလိုလိုထင်လိုက်ရတယ်။ ဒါပေမဲ့....
အဲဒီနောက်မှ တဆက်တည်းပြထားတဲ့ “မှန်ပေသည်တည်း”ဆိုတာအထိဖတ်ပြီးလို့ တဖြည်းဖြည်း ခံစားကြည့်လိုက်မယ်ဆိုရင်တော့ ဆရာကြီးကဘဝကို ငြီးငွေ့နေတာလည်းမဟုတ်ဘူး၊ ညည်းညည်းညူညူနဲ့ သံဝေဂပွားပြ
နေတာလည်းမဟုတ်ပါဘူး။
ဆရာကြီးရဲ့ ဒီစာပိုဒ်ကိုဖတ်ကြည့်လိုက်ရင် ဘဝကိုအမြင်ရှင်းသူ၊ ဘဝမှာအပြစ်ကင်းသူတို့ရဲ့ စိတ်ဓာတ်ခွန်အား ကိုအထင်းသားတွေ့နိုင်ပါလိမ့်မယ်။ အများတကာညည်းညူထိတ်လန့်စရာလို့ထင်ရတဲ့ အို,နာ,သေရေးကိုဆရာကြီးက ဘဝရဲ့မောင်နှင်အားလောင်စာဆီများအဖြစ် အသုံးချနေတာ၊ အသုံးချစေတာဖြစ်တယ်ဆိုတာအထပ်ထပ်အခါခါ ဖတ်ကြည့်ရင် ထင်းထင်းကြီးပေါ်လာပါလိမ့်မယ်။ ဟုတ်ပါတယ်၊ ဆရာကြီးရဲ့ ကဗျာတွေကိုဖတ်ရတာဟာမိုနက်(Monet)ရဲ့ ပန်းချီကားတွေကို ကြည့်ရသလိုပဲတဖြည်းဖြည်းစူးစူးစိုက်စိုက်နဲ့ စိတ်ဝင်တစားကြည့်လေလေအဓိပ္ပာယ်တွေကလေး နက်ကြည်လင်ပြီးပီပြင်ပုံပေါ်လာလေလေ ဖြစ်နေပါတယ်။
အခုလည်းကြည့်လေ။ ဆရာကြီးပြောလိုက်တာက “အိုရ,နာရ,သေရဦးမည် မှန်ပေသည်တည်း” တဲ့။ “အိုရ,နာရ,သေရမှာမှန်တယ်လေ၊ အဲဒါဘာဖြစ်လဲ”လို့ ယထာဘူတဉာဏ်နဲ့ လူ့ဘဝကိုအေးအေးဆေးဆေး လေးပြောနေ တယ်ဆိုတာကိုလည်းခန့်မှန်းလို့ ရပါလိမ့်မယ်။
ဒီနေရာမှာပရိနိဗ္ဗာန်ပြုဖို့ သုံးလအလိုလောက်မှာဘုရားရှင်ကအရှင်အာနန္ဒာမထေရ်ကိုမိန့်ကြားခဲ့တဲ့ “အနစ္ဆရိယံခေါ ပနေတံအာနန္ဒ ယံမနုဿဘူတောကာလံကရေယျ = အာနန္ဒာရလူရယ်လို့ ဖြစ်လာပြီးရင် သေကြရတယ်ဆိုတာဘာမှ အဆန်းမဟုတ်ပါဘူး”ဆိုတဲ့ စကားတော်ကိုလည်း ပြန်လည်ကြားယောင်မိစရာပါ။
သေတာအဆန်းမဟုတ်ဘူးလို့ ပြောထားလေတော့ “ဒါကဘာကဆန်းသလဲ” ဆိုတာဆက်ပြီးစဉ်းစားဖို့လိုတာပေါ့။ အဖြေကတော့ လွယ်လွယ်ကလေးပါ။ “သေတာဟာအဆန်းမဟုတ်ဘူးဆိုမှတော့ နေတာကသာဆန်းတယ်”လို့ ဆိုရမှာပေါ့။ နေတာဟာဘယ်လိုဆန်းသလဲဆိုတာကိုဆရာကြီးကနေရာစေ့ ထောင့်စေ့အောင် အသေအချာ ရှင်းပြထားပါတယ်။ ကြည့်လေ -
“သို့တပြီးကား၊ သင်သေသွားသော်၊ သင်ဖွားရာမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏”တဲ့။
သေမျိုးတွေဖြစ်လို့ သေရမှာမှန်သော်လည်းမသေခင်အတွင်းမှာနေချိန်ဆိုတာလူတိုင်းမှာရှိကြတာပဲ။
နေချိန်မှာအမှတ်တမဲ့ နေကြသူတွေအတွက်တော့ သေချိန်ရောက်ပြီးတဲ့အခါမှာလည်းဘာမျှ အမှတ်တရကျန်ရစ်မှာမဟုတ်ပါဘူး။ ရတောင့်ရခဲလူ့ဘဝကြီးကိုရရှိထားတဲ့ လူသားတစ်ယောက် အနေနဲ့ သေရွာထဲ မှာမသေရာမှတ်တိုင်တွေ စိုက်ထူနိုင်စွမ်းရှိကြပါတယ်။ အဲဒါကိုဆရာကြီးကအလေးအနက် သတိပေးထားတာပါ။ “သင်ဖွားမြင်ရာသင့်ရပ်သင့်ရွာ၊ သင့်ဒေသသင့်နိုင်ငံတိုးတက်ရေးအတွက် သင်စွမ်းနိုင်သမျှ ဆောင်ရွက်ခဲ့ပါ၊ သင်စိုက်ထူခဲ့ တဲ့ တိုးတက်မှုမှတ်တိုင်များဟာသင်သေသွားသော်လည်းမသေမပျောက် ထာဝရလှပနေပါလိမ့်မယ်”လို့ သတိပေးလိုက်တာပါ။
ဆရာကြီးပြောလိုက်မှ သတိပြုမိတယ်။ မိမိတို့ဖွားရာအရပ် ဒေသဝန်းကျင်မှာ “ဖိုးလူတုတ်ဇရပ်”တို့၊ “ဖိုးရွှေအော်သရက်တော”တို့၊ “ဖိုးထွန်းလင်းဆည်”တို့ဆိုတာတွေ ခုအထိမသေမပျောက် ထင်ရှားရှိသေးတယ်။
မူလတည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေကတော့ မိမိတို့ရဲ့အဘိုးများတောင် ခပ်ရေးရေးသာမီလိုက်တယ်ဆိုတော့ ရတနာပုံခေတ်ဦးလောက်ကလို့ ခန့်မှန်းရပါတယ်။ ခုဆို နှစ်ပေါင်း(၁၅၀)ဝန်းကျင်လောက် ရှိရောပေါ့။
ဒါပေမဲ့ ဒီနေရာတွေဟာတောထဲတောင်ထဲသစ်ခုတ်ဝါးခုတ်ဖို့ လှည်းအုပ်နဲ့ ခရီးသွားကြသူတွေအတွက် နားခိုရာအရပ်၊ သောက်သုံးရာရေအဖြစ်နဲ့ ခုတိုင် ကူညီပေးနေဆဲဖြစ်လို့ ဒီအမည်တွေဟာဝန်းကျင်ဒေသ တဝိုက်ကမှီတင်းနေထိုင်ကြသူတို့ရဲ့ ရင်ထဲမှာတော့ ခုထိမသေမပျောက်တဲ့အလှများအဖြစ် ထင်ကျန်ရစ်ဆဲပါ။
ဒီလိုသေခြင်းကင်းတဲ့ အလှမှတ်တိုင်တွေ စိုက်ထူခဲ့ဖို့ဆိုတာအသွင်သဏ္ဌာန်အားဖြင့် ကြီးကျယ်ခမ်းနားမှရယ်လို့ မဟုတ်ပါဘူး။ စေတနာကြီးကြီးမားမားနဲ့ ပြုလုပ်မယ်၊ လူများစု ကြီးကြီးမားမားနဲ့ သက်ဆိုင်မယ်ဆို ရင် ရေအိုးစင် ကလေးတစ်ခုဟာလည်း ကြီးမားတဲ့ အလှမှတ်တိုင်ကြီးတစ်ခု ဖြစ်နိုင်တာပါပဲ။
မိမိတို့ငယ်စဉ်ကရွာနဲ့မိုင်ဝက်လောက်ကွာတဲ့ ချောင်းကွေ့နားမှာဖိုးသြလှဆိုတဲ့ ဒကာကြီးရဲ့ ယာခင်းတစ်ခုရှိတယ်။
ယာခင်းရဲ့အစပ်မှာသရက်ပင်ကြီးတစ်ပင်ကအတော်လေးအရိပ်အာဝါသကောင်းပါတယ်။
ဖိုးသြလှကအဲဒီသရက်ပင်ကြီးရဲ့အောက်မှာအခွသုံးခုပါတဲ့ တောသစ်ပင်တစ်ခုကိုခုတ်ဖြတ်ပြီးရေအိုးစင်ကလေး
လုပ်ထားတယ်။ ရေအိုးမှာအုန်းမှုတ်ခွက် ဝါးရိုးတပ်ရေမှုတ်ကလေးတစ်ခုတပ်ထားပြီးဝါးနှီးအုပ်ဆောင်းကလေးနဲ့အုပ်ထားပါတယ်။
မနီးမဝေးမှာရှိတဲ့ ချောင်းထဲမှာလည်းလက်ယက်ရေတွင်းကလေးတစ်ခုကို ကျွဲနွားမဝင်နိုင်အောင် ဝါးခြံကလေးခတ်ထားတယ်။
ရေအိုးစင်ကလေးမှာရေမပြတ်အောင်တစ်နေ့သုံးကြိမ်လောက်ဖြည့်ထားတော့ မြေသောက်ရေအိုးကလေးဟာ
အမြဲပဲစွတ်စိုအေးမြနေပါတယ်။ ရွာနီးချုပ်စပ် ခရီးသွားတို့ရဲ့ အားထားနားနေရာစခန်းထောက်ကလေးပေါ့။ သားစဉ်မြေးဆက် ဒီအစဉ်အလာကောင်းလေး ကိုဆက်ထိမ်းထားလို့ ခုထိလည်းခရီးသွားတွေ နေပူလို့ နည်းနည်းပင်ပန်းလာပြီဆိုရင် “ကဲခပ်သုတ်သုတ်ကလေး လှမ်းကြစို့ဟေ့.. ဖိုးသြလှရေအိုးစင်ရောက်မှ တစ်ထောက်နားကြစို့”လို့ ပြောစမှတ် ပြုကြတုန်းပါပဲ။ ဖိုးသြလှကွယ်လွန်သွားပေမဲ့ သူ့ရဲ့အမည်ကတော့ သေခြင်းကင်းစွာပဲလှပနေလျက်ပါ။
အခုပြောခဲ့တာတွေဟာစေတနာရှိသူတိုင်းအလွယ်တကူတည်ဆောက်နိုင်တဲ့ မသေရာအလှတရားကလေးတွေပါ။ ဒီထက်ပိုပြီးခမ်းနားအောင် တည်ဆောက်ခဲ့မယ်ဆိုရင်တော့ ဘာအထူးပြောစရာလိုတော့မလဲ။ “လှည်းဝန်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်း”တို့လိုပဲ ဖြစ်မှာပေါ့။
ဒီထက်တဆင့်တက်ပြီးတော့လည်းဆရာကြီးက -
“သင်၏မျိုးသား၊ စာ,စကားလည်း၊ ကြီးမားတက်မြင့်၊ ကျန်ကောင်းသင့်၏”တဲ့။ ဒါကတော့ ရှင်းပါတယ်။ ဒီနေ့ မြန်မာစာပေလောကမှာကျောက်စာများကစပြီး ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု၊ စကားပြေတို့ပါ အပြည့်အစုံလေ့လာ စရာဂုဏ်ယူစရာတွေဆိုတာရှေးပညာရှင်များရဲ့မသေနိုင်တဲ့အလှများပဲမဟုတ်လား။
သင်လည်းသင်စွမ်းနိုင်ရာကနေဒီအလှတရားတွေ လှသက်ရှည်အောင် ဖြည့်စွက်ထမ်းဆောင်မယ်ဆိုရင် သင်သေသည့် တိုင် သင့်ရဲ့မသေနိုင်တဲ့ အမတေအလှတစ်ခုတော့ လောကထဲမှာထင်ကျန်ရစ်ခဲ့မှာပါ။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရတို့ရဲ့ ပျို့ကဗျာများ၊ လယ်တီဒီပနီများနဲ့ မဟာဂန္ဓာရုံဆရာတော်ရဲ့ ဘာသာဋီကာများစသည်တို့လိုပဲပေါ့။ အဲဒီလိုထင်ကျန်ရစ်စေဖို့ ဆရာကြီးကသတိပေးတိုက်တွန်းလိုက်တာပါပဲ။
လောကရေးမှာလောကသင်္ကေတအရမသေရာအလှမှတ်တိုင်များစိုက်ထူနိုင်ရေးသာမကတကယ့်ကိုမှ “အမတေ”လို့ခေါ်ရတဲ့ မသေရာပန်းတိုင်အစစ်ကြီးဖြစ်တဲ့ နိဗ္ဗာန်မဂ်ဖိုလ်တိုင် အမြင့်မြတ်အခိုင်မာဆုံးအလှမှတ်တိုင်ကြီး အထိစိုက်ထူနိုင်ရေးအတွက်ကိုတော့ ဆရာကြီးက -
“သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း”လို့ တိုက်တွန်းလိုက်ပါတယ်။ “လောကရေးလည်းမဖျင်းနဲ့၊ ဓမ္မရေးလည်းမကင်းနဲ့” ဆိုတဲ့ ရှေးလူကြီးသူမတို့ရဲ့ အဆုံးအမအတိုင်းဆရာကြီးကလည်း ထပ်မံတိုက်တွန်းလိုက်တာပါ။
ဒီနေ့အထိဗုဒ္ဓဘာသာဝင်သူတော်စဉ်တို့ရဲ့ စစ်မှန်တဲ့ ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓ သာသနာတော်ဆိုတာ အရှင်မဟာကဿပအစရှိတဲ့ မထေရ်မြတ်အဆက်ဆက်တို့နဲ့ အဇာတသတ်မင်းအစရှိတဲ့ သာသနာ့ ဒါယကာအဆက်ဆက်တို့ စိုက်ထူခဲ့တဲ့ အမတမှတ်တိုင်ကြီးပဲမဟုတ်လား။ ဒီမှတ်တိုင်ကြီးဆက်လက် တည်တန့် ထွန်းလင်းရေးအတွက် သင်လည်းတစ်တပ်တစ်အားပါဝင်ခဲ့ဖို့ ဆရာကြီးကတိုက်တွန်းလိုက်တာပါ။
ဟုတ်ပါတယ်။ လူတိုင်းမှာလူစွမ်းလူစဆိုတာအနည်းနဲ့အများဆိုသလိုရှိကြတာချည်းပါပဲ။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ၊ လုပ်ပိုင်ခွင့်တွေကိုမသေရာအထိမရည်မှန်းဘဲမသေခင် ကိုယ်ကျိုးသက်သက်အတွက်သာလုပ်ကိုင်နေကြမယ်ဆိုရင်တော့ “ခြေရာလည်းပျောက်၊ ရေလည်းနောက်”ဆိုသလိုပဲသင့်ခြေရာများပျောက်သွားတာနဲ့ တပြိုင်နက် သင့်ရပ်ရွာ၊ သင့်နိုင်ငံအတွက် ဘာခြေရာလက်ရာမှ အကျိုးရှိရှိထင်ကျန်ရစ်စရာမရှိနိုင်သလို သင့်ရဲ့သားစဉ်မြေး ဆက်အတွက်လည်းကဲ့ရဲ့ဖွယ်ရာဂုဏ်ပျက်စရာများနဲ့ မျက်နှာမလှ ဖြစ်ကျန်ရစ်ခဲ့ကြရမှာပါ။
တစ်လောကလုံးကိုစိုးပိုင်တဲ့ ဧကရာဇ်ဘုရင်ကြီးပင်ဖြစ်သော်လည်းသူပိုင်ဆိုင်အုပ်စိုးရာလောကအတွက် အကျိုးပြုတဲ့ မသေရာမှတ်တိုင် တစ်ခုတစ်လေမှ မစိုက်ထူရစ်ခဲ့ဘူးဆို၇င်တော့ သစ်ပင်ကြီးလိုထီးထီးမားမားနေခဲ့ပြီး သစ်ရွက်ကလေးလိုမထင်မရှားကြွေသွားသူသာ ဖြစ်ရမှာပါ။
ဒီနေရာမှာကဗျာဆရာဦးတင်မိုးရဲ့ “ငါကားဖခင်ဖြစ်ချေပြီး”ဆိုတဲ့ ကဗျာကလေးကလည်းအလေးအနက် သတိထားစရာတစ်ခုပါပဲ။ ကဗျာကလေးကတော့ -
“ငါအဖေကား၊ ရွှေငွေဥစ္စာ၊ အာဏာမင်းစက်၊ ရာထူးမက်ဟု၊ သက်ရှက် မခံတော့ပါပြီ။
ငါ့အဖေကား၊ နေရာတစ်ခု၊ ရလိုမှုတွက်၊ အလုအယက်၊ ခြေကိုဖက်ဟု၊ သားရှက် မခံတော့ပါပြီ။
ငါ၏စိတ်ထား၊ ငါ့စကားသည်၊ သားတို့ရှေ့ဆောင်၊ သားတို့တန်ဆောင် ဖြစ်ချေပြီ”တဲ့။
ဆရာဇော်ဂျီကသေခြင်းရဲ့နောက်မှာသားစဉ်မြေးဆက် ဂုဏ်တက်စရာသေခြင်းကင်းတဲ့ အလှများထင်ကျန်ရစ်အောင် ရပ်ရွာ၊ ဒေသ၊ အမျိုး၊ ဘာသာ၊ သားသနာမှာစွမ်းနိုင်ရာကအလှဆင်ခဲ့ကြဖို့ တိုက်တွန်းလိုက်တာပါ။
ဆရာတင်မိုးကတော့ အသက်ပင်ရှင်သော်လည်းသေသူလို့ဆိုရလောက်အောင် အကျည်းတန်အရုပ်ဆိုးလှတဲ့ မကြားဝံ့မမြင်ဝံ့စရာ၊ သားစဉ်မြေးဆက် ဂုဏ်ပျက်စရာ၊ မျက်နှာမဖော်ဝံ့စရာ၊ အကျည်းတန်မှုမျိုးတွေကိုရှောင်ရှားဖို့ သတိပေးလိုက်တာပါ။
ဆရာတင်မိုးသတိပေးသလိုဂုဏ်ပျက်စရာများကိုရှောင်ရှားပြီးဆရာကြီးဇော်ဂျီတိုက်တွန်းခဲ့သလိုသားစဉ်မြေးဆက် ဂုဏ်တက်စရာဖြစ်တဲ့ ရပ်ရွာအလှ၊ ဒေသအလှ၊ နိုင်ငံအလှ၊ စာပေယဉ်ကျေးမှုအလုပ်များနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ဘာသာသာသနာအလှများကို “လုပ်ပိုင်ခွင့်ရှိသမျှ၊ လုပ်နိုင်စွမ်းရှိသမျှ အားသွန်ခွန်စိုက် တည်ဆောက်အလှဆင်ကြပါစို့”လို့ တိုက်တွန်းဆော်သြလိုက်ပါရစေ။ ။
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်ဆိုဒ်မှာကူးယူတင်ပြသည်
2012-ခု၊ မတ်လ 25-ရက်၊ တနင်္ဂနွေနေ့။

No comments:
Post a Comment