စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြတ်စွာဘုရားရှင်၏ ပါဒ ခြေတော်ရာ အကြောင်း တစေ့တစောင်း

                  သယ်ရင်းတို့ တတွေ သိပြီးသားသူတွေ ရှိသလို မသိသေးတဲ့လူတွေလည်း ရှိမယ်ထင်လို့ မျှဝေလိုက်တာပါ အခြေအနေပေးလို့ ရောက်ခဲ့ ရင် ဖူးလို့ ရအောင်လို့ပါ.........


                ဗုဒ္ဓမြတ်စွားဘုရားရှင် ကိုယ်တော်တိုင်ထားရစ်ခဲ့သော ပါဒ ခြေတော်ရာမှာ ရခိုင်ပြည်နယ်၊စစ်တွေဒေသ ရသေ့တောင်မြို့နယ် မုန်စဲကျွန်းကြီးပေါ်မှာ သာစည်ထောင့်နှင့်  ဖြူချောင်းကျေးရွာကြား နမ္မဒါမြစ်ကမ်း နဖူးထိပ်ကျောက်တောင်ကြီးပေါ်တွင်တည်ရှိပါသည်။ပထ၀ီ မြေအနေအထားအရ ၎င်းကျောက်ဆောင်ကျောက်တန်းကြီး သည်စစ်တွေမြို့ ဗုဒ္ဓေါ မော်ပွိုင့်ခိပ်အထိ ရှည်လျားသောကျောက်တန်းကြီး ဖြစ်ပြီး ၎င်း၏လက်ျာဘက် တွင်ဘင်္ဂလားပင်လယ်ကမ်းစပ်အတိုင်း မေယုတောင်တန်းကြီးသည်လည်းကောင်း၊လက်ဝဲဘက်တွင် ပုဏ္ဏားကျွန်း မြို့နယ်အတိုင်း ဘဲငါးရာတောင်တန်းကြီး သည်လည်းကောင်းထပ်တူမျှသော အကွာအဝေးများမှ ခြံရံ လျက် ခြေတော်ရာကြီးပုံသဏ္ဌအတိုင်း ရှိနေသော ကျွန်းကြီးတစ်ခုဖြစ်ပါသည်။

                ထိုသို့တည်ရှိရာ ဓာည၀တီတိုင်းသို့ ဘီစီ ၅ ရာစု က ဘုရင်စန္ဒာသူရိယ ၏ အဓိပြုပင့်ဖိတ်လျှောက်ထားချက်အရ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်၊အင်္ဂါ နေ့တွင် ကျောက်တောင်မှတဆင့် ကြွရောက်ခဲ့ကြောင်း သမိုင်းအထောက်အထားများ ခိုင်မာစွာ တွေ့ရှိရပါသည်။ ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့ ညနေချမ်းမှကာ ရတနာငါးပါး တို့ဖြင့်အတိပြီးသော မဟာမုနိကိုယ်ပွားတော် ကို မျက်တော်မှောက်တွင်ပင် သွန်းလောင်းခွင့်ပြုတော်မူပါသည်။နောက်နေ့ ကြာသာပတေးနေ့တွင် အပြီးတိုင်ကာ ရင်ငွေ့တော် သွန်းကာ အဘိသေကပြုတော်မူပါသည်။

                နောက်နေ့တွင် ဗုဒ္ဓကိုယ်စား မဟာမုနိ ကို ဓည၀တီတိုင်း တွင်ထားရစ်ခဲ့ ပြီး ဒေသစာရီဆက်လက် ကြွမြန်းတော်မူပါသည်။ အပြန်ခရီးတွင် ကောင်းကင်မှ ကြွတော်မူရာ ယခု မန်းစဲ ကျွန်းတည်ရှိရာ သို့ ရှေးရှုကာ ပြန်ကြွတော်မူလာခဲ့ပါသည်။ထိုချိန်တွင် နမ္မဒါမြစ်တွင်းကျက်စားကြသောနဂါးတို့ ဖူးမြင်ခဲ့ကြရာ နမ္မဒါနဂါးမင်း က ၎င်းတို့အနေဖြင့်လည်း ဖူးမြော်ပူဇော်ဖွယ် ကိုယ်စားတော်ထားရစ်ခဲ့ရန်လျှောက်ထားရာ အနာဂတံသ ဆင်ခြင်တော်မူကာ ကမ်းနဖူး ကျောက်တောင်ပေါ်တွင် ခြေတော်ရာတံဆိပ်ခပ်နှိပ်ချီးမြှင့်တော် မူခဲ့ပါသည်။ထို ပါဒခြေတော်ရာကို နတ်နဂါးတို့  ကနှစ်ပေါင်းများစွာ အုပ်စိုးကိုးကွယ်ခဲ့ကြပြီး ၎င်းတို့ တန်ခိုးဖြင့်ကွယ်ဖျာက်ကာ စောင့်ရှောက်ထားသောကြောင့် လူတို့တွင်တိမ်မြုပ် နေခဲ့ပါသည်။ နတ်နဂါးတို့သာ ပူဇော်ကိုးကွယ် နေခဲ့လေသည်။
         ကုန်းဘောင်ခတ် မင်းတုန်းမင်းတရားကြီးလက်ထက်တွင်သင်္ဂဇာဆရာတော်ကြီးကိုယ်တိုင်ကြွရောက် ကာ၁၂၄၀ ခုနှစ်တွင် ရခိုင်ပြည်နယ်ရဲကျော်သူကျောင်းတိုက်တွင် သီတင်းသုံးကာ စစ်တွေမှဒါယကာ၊ဒါယကာမများဖြင့် အထူးပင်ကြိုးစားရှာဖွေခဲ့ပါသော်လည်း ဖော်ထုတ်မှုမပြုနိုင်ခဲ့ပါ။ ဆရာတော်ဘုရားကြီး က ပါဒခြေတော်ရာကို နမ္မဒါမြစ်ကမ်းတွင် ပင်ရှိရမည် ဟု ယုံကြည်ပြီး ဆက်လက်ရှာဖွေ သွားရန် မှားကြားတော်မူခဲ့ပါသည်။
၎င်းနောက်ပိုင်းတွင် ဆက်လက်ရှာဖွေလာခဲ့ရာ ၂ နှစ်ခန့်အကြာ ၁၂၄၂  တွင် ဦးကင်းတောင်ပေါ်မှ လူသူတော်စင်တစ်ဦးနှင့်အတူ စစ်တွေမှ ဒကာအချို့ ရွာခံဒကာ အချို့ ပူးပေါင်းရှာဖွေရာ မှ ဖူးတွေ့ရခြင်းဖြစ်ပါသည်။၁၂၆၀ တွင် ရာဇ္ဒာိရာဇဂုရုဘွဲ့တံဆိပ် နှစ်ကြိမ်တိုင် ဆပ်ကပ်ခြင်းခံရသော ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ကိုယ်တိုင်ကျမ်းဂန် တတ်ဆရာတော်များ လိုက်ပါပြီး ခြေတော်ရာကို ကြွရောက်ဖူးမြော် ကာ မှန်ဘီလူးဖြင့် စေ့စေ့စပ်စပ်လေ့လာတော်မူခဲ့ပြီး မျက်မြင်နှင့် ပိဋကတ်  နှီးနှောကာ အထူးစဉ်းစားတော်မူပြီး ဘုရားရှင်ကိုယ်တော်တိုင်ထားရှိသောပါဒ ခြေတော်ရာ ပင်ဖြစ်ပေမည် ဟု မှတ်ချက်ပြုတော်မူခဲ့ပါသည်။

               ခြေတော်ရာကိုတွေ့ရှိခဲ့သည့် ၁၂၄၀ ပြည့်လွန်ချိန်တွင် နန်းတွင်းရေးရှုပ်ထွေးစ ပြုနေသောအချိန်ဖြစ်ကာ ၁၂၄၇ တွင် နယ်ချဲ့တို့ လက်အောက် ကျရောက်ခဲ့ပြီး လွတ်လပ်ရေးရပြီးစ ချိန်များတွင်လည်း ရောင်စုံသောင်းကျန်းသူများ ၊ထို့နောက် နယ်စပ်လူဝင်မှု ကိစ္စ များ ကြောင့် လည်းကောင်း၊ ဒေသဖွံ့ ဖြိုးမှု နည်းပါးသောကြောင့်လည်းကောင်း ဘုရားရှင်၏ ပါဒ ခြေတော်ရာမှာ တိမ်မြှပ်ပျောက်ကွယ်လျက်သာရှိနေခဲ့လေသည်။ဖော်ထုတ် အသိပေးနိုင်ခြင်းလည်း မရှိဘဲ ထိုက်တန်သော ပူဇော်မှုလည်း မပြုလုပ်နိုင်ခဲ့ပေ။

               နကတ အစိုးရ တာဝန်ယူသည့် ကာလ ရန်ကုန်စစ်တွေလမ်းမကြီး ဖွင့်လှစ်ပြီးသည့် နောက်ပိုင်းမှသာ အကြောင်းအမျိုးမျိုး ကြောင့် အလိုတော်ပြည့်ဆရာတော် ဘုရားကြီးကိုယ်တိုင် ရောက်ရှိ သုသေတန် ပြုလုပ်ခဲ့ပြီး အတည်ပြု နိုင်ခဲ့ခြင်းဖြစ်ပါသည်။

        အဘယ့်ကြောင့်ဘုရားရှင်၏ ခြေတော်ရာ တိမ်မြုပ်နေရသနည်း.......

       ဘုရားရှင်ပရိနိဗ္ဗာန်ပြုသည်မှ နှစ်ပေါင်း ၂၀၀၀ ခန့်ထိ ဘုရားရှင်၏ခြေတော်ရာ သည် ပင်လယ်ပြင် အောက်တွင်သာရှိနေခဲံ့ရမည်။ဒီလှိုင်းများတက်လာချိန်တွင် ခြေတော်ရာ ကိုရေတို့ ပိတ်ဖုံးသွားပြီး ဒီရေ ကျသွားချိန် တွင် ပြန်ပွင့်လေသည်။ထို့ကြောင့် ခြေတော်ရာ သည် ပျောက်ပျောက်သွားခြင်း ဖြစ်ပေလိမ့်မည်။
      ထိုသို့ တချိန် က ပင်လယ်ရေောက်တွင် ခြေတော်ရာ ရှိခဲံကြောင်းကို သက်သေ ရှိပါသည်။ ယခုတိုင် ခြေတော်ရာ အနီး ၎င်းထက်မြင့်သော နေရာတွင်ရှေး က ရေလှိုင်းရိုက်ထားသော အရာ အတိုင်းကျောက်နံရံကြီး ကိုတွေ့နေရပါသေးသည်။နောင်လေးမြို့ ခေတ် ကုန်ဆုံးပီး မြောင်ဦးခေတ်ရောက်သောအခါ စစ်တွေ ကျွန်း ကြီး နှင့်  မိုးစည်ကျွန်းကြီးသည် တောင်နှင့်မြောက်ကပ်လျက်ပေါ်လျက်ရှိပေပြီ။
         ပင်လယ်ရေ နိမ့်ဆင်းသောကြောင့် ကစ္ဆပနဒီ မြစ်ဝှမ်းလည်း ဖို့ချမြင့်တက်လာခဲ့ပြီး ကျောက်လိပ်တို့ မြေတွင်ကိန်းအောင်းငုပ်လျှိုးသွားခဲံကြသည်။၎င်းနောက်လည်း အင်းဝ ရွှေနန်းကို စွန့်ခွာ ထွက်ခွာလာခဲ့သော ဗားမဲ့ဆရာတော်သည် စစ်တွေကျွန်းထိပ်အရောက် အင်းအတတ်ဖြင့်ဖောက်ထွက်သွားရာ ကစ္ဆပနဒီ မြစ်ကြီးသည်ပင် ရေကြောင်း ပြောင်းလဲသွားခဲ့လေသည်။
                                             ၁၂၄၂ တွင်ခြေတော်ရာ ကိုရှာဖွေတွေ့ရှိကြခြင်း

        သင်္ဂဟ ဆရာတော်ကြီးသည် ဆက်လက်ရှာဖွေ၇န် တိုက်တွန်းခဲ့ရာ ကံကောင်းလျှင်သင်တို့တွေ့ရလတ္တ့ ငါတိုကံမကောင်းသောကြောင့် မတွေ့ရပေ ဟု မှာကြားခဲ့သည်။ထိုစကား ကို သူကြွယ်ကြီး ဦးအောင်ဖြူတို့ အမှတ်ရလျက်ရှိနေကြသည်။ ထိုကြောင့် ပင် သာစည်ထောငင့်ရှိ ယောက်ဖ တော်စပ်သူ ဦးလှထွန်း အားမှာကြားရှာဖွေစေခဲ့သည်။
       ၁၂၄၂ ခု တပေါင်းလ သို့ရောက်သောအခါ ဦးအောင်ဖြူသည် သာစည်ထောင့်ရွာသို့ တခေါက်ရောက်ခဲ့ ပြန်လေသည်။ထို့နောက် ဦးကင်းတောင်ပေါ်ရှိ သီလဆောင်တည်နေသူ လူသူတော်ကြီးဦးရန်အောင်ကို အမှုးပြု ကာ  ခြေတော်ရာ ရှာဖွေ လိုသူများနှင့်အတူ ထီး၊တံခွန်၊ကုက္ကား၊ကြက်ရှာတို့ကို ကိုင်ဆောင်လျက် ကမ်းခြေစပ်၊ဒီတော၊ပြူးတော ပြာတော့ ဇီးတော ဖက်ရံတောများ မကျန် တနေ့ ပြီးတနေ့ပိုက်စိပ်တိုက် ရှာကြသည်။တနေရာပြီးတနေရာ နားကြသည်။
       တပေါင်းလနေကား ပူပြင်းလှသည်။ ဒီရေ အမြင့်ဆုံးတက်သော လလည်းဖြစ်ပေသည်။ ဒီလပြည့်ကျော်လျှင်ရပြန်တော့မည်။ နတ်ဆင်းတောင်ထိပ် က ဥဩ တွန်သံ ကြားရပြီး။ လူသူတော်ကြီး ဦးရန်အောင်သည် စိတ်အထူးကြည်လင်လျက် အိပ်ရာ က နိုးထ ခဲ့လေသည်။အဘယ့်ကြောင့်ဆိုသော် ည က အိမ်မက်ထဲတွင် ဘုရားရှင်၏ ခြေတော်ရာ ကို ဖူးတွေ့ရသည် ဟု အိမ်မက်မက်သည် ကိုး။ ဦးသူတော် ကြည့်သည် အိမ်မက်ထဲမှ နေရာ နှင့် သည်တောနှင့် အလွန်တူနေသည်။ ရှေ့သို့သွားပြီးကြည့်သည်။ နောက်ဆက်ပြီးဝင်သွားသည်။တောင်တန်းကြီးကိုတွေ့သည်။ ထပ်တိုးသည်။ ပြန်စဉ်းစားကြည့်သည် မှန်နေသည်။ရှေ့ကိုကျော်ကြည့်သည်။ ကျောက်စွန်းအောက်တွင်ရေပြည့်ချိန်ုဖြစ်သောကြောင့် လှိုင်းကြက် ခွပ်လေးများ ရေစပ်တွင် ဦးတိုက်နေကြသည်။ နွယ်ပင်များပတ်ခွေနေသည့်ကြားကို ပြန်ကြည့်သည်။ သေချာသွားတော့သည်။ သစ်ရွက်များကြးတွင် တပိုင်းတစပေါ်နေသော ခြေတော်ရာကြီးကို တွေ့မြင်လိုက် ရသည်။ ယုံမှားဖွယ်မရှိ။ဦးသူတော်ကြီးမှာ အလွန်ဝမ်းသာ ပီတိ ဖြစ်လျက် ခြေတော်ရာ ကြီးကို မျက်စိမှမခွာနိုင်ပဲ ဆီမီးတိုင်ယူခဲ့ ဆီမီးတိုင်ယူခဲ့ တခဲနက် အသံကြီးဖြင့်အော်နေမိတော့သည်။စိတ်တွင်လည်း မြတ်စွာဘုရားရှင်၏ ခြေတော်ရာ စစ်စစ် ကို ငါဖူးရပြီ၊ငါလူဖြစ်ရကျိုးနပ်ပြီ ဟု ၀မ်းသာလုံးဆို့ကာ မျက်ရည်များစို့ လျက် မလှုပ်မလျက်တော့ပေ။
       ထိုအခါကျမှသာ ကျန်လူများတိုးဝှေ့ဝင်လာပြီး ၀ိုင်းအုံမေးမြန်းကြည့်ရှုကြလေသည်။ ဦးသူတော်ကား ပြန်ဖြေရန် သတိမရတော့ချေ။ အတန်ကြာမှ ခြေတော်ရာ ရံဖန်ရံခါ ပျောက်ပျောက်သွားတတ်ဟု ကြားဖူး သည်ကို အမှတ်ရပြီး ခြေတော်ရာကို လက်ဖြင့်ဖိ ကိုင်ကာ သည်နေရာမှ ငါဘယ်တော့မှမထ ဟုကြွေးကြော် လေ၏ ။ထိုအခါမှ ကျန်လူများမှာ လှိုက်လှိုက်လှဲလှဲ ၀မ်းသာ ကြပြီး ခြေတော်ရာအား ပါလာသာ ပူဇော်ဖွယ်များဖြင့် အားရပါးရ ဖူးမြော်ကြလေသည်။             
                              ခြေတော်ရာကြီး ၏ တန်ခိုးတော်ဂုဏ်တော်များ

၁။   ယုံကြည်သောသဒ္ဓါတရားဖြင့် ကောင်းစွာ နှလုံးသွင်းထားကာ ကျောက်သားပြင်ပေါ်တွင် စာကူးစက် ဖယောက်းစက္ကူ ကို ညင်သာစွာ ဖိနှိပ်ရေးခြစ်ကူးယူခြင်းဖြင့် မိမိနှင့်ကံပါရမီ တူသော စက်လက္ခဏာတော်တို့ကို ဖူးမြင်ပူဇော်ရခြင်း။


၂။  သုံးနှစ်ပြည့်တိုင်း(သို့) ကုသိုလ်ထူး ကုသိုလ်မြတ်များပြုတိုင်း အမျှပေးဝေပြီးတိုင်း သဘာသ၀ မဟုတ်ပဲ ထူးခြားသော လှိုင်းတံပိုးများ ပေါ်လာပြီး စိမ်းညို့လှပသောအရောင်ဖြင့် မြွေအသွင် ကြီးမား ရှည်လျားသောကြောတန်းကြီး ကို ပကတိတိုင်းပင် ပရိတ်သိတ်တို့တွေ့ မြင်ကြရခြင်း။


၃။  ၀ါတွင်းကာလများတွင် အလွန်ပင်ကြီးမားကာ အဆင်းထူးခြားသော အဆိပ်ပြင်းမြွေနဂါးမျိုးတို့ ခြေတော်ရာအတွင်းရောက်ရှိလာပြီး ရက်သတ္တပတ်လုံး အစာရေစာမစား ပဲပူဇော်ဥပုသ် စောင့်ကာပျောက်ကွယ် သွာလေ့ရှိခြင်း။


၎။  ရံဖန်ရံခါတွင် ဖားများပါ အတူရောက်ရှိလာကာ ဥပုသ် ဆောက်တည်နေကြခြင်း။


၅။  ခြေတော်ရာ မှာ ဘူမိသက်တမ်းအလွန်ရင့်ကျက် ကာ မာကျောသော ကျောက်သားပြင်ပေါ်တွင်ဖြစ်တည် နေသော်လည်း သဘာဝ အတိုင်း ပျော့ပြောင်းသောရွှံ့မြေပေါ်တွင် ချောမွေ့နူးညံ့စွာ နင်းနှိပ်ထားသည့်အလား ဘေးပတ်လည်တွင် အံထွင်လျှံကျနေသည်မှာ လူတို့ ဖန်တီးတုပနိုင်ဖွယ် မရှိခြင်း။


၆။  ဒီရေ ပြည့်နေချိန်တွင် ဖြစ်စေ ထူးကဲသော ဒီရေများတက်နေချိန်တွင် ဖြစ်စေ မုန်တိုင်းကြီးများကြောင့်လှိုင်းကြီးနေချိန်တွင်ဖြစ်စေ ခြေရာတော်ကြီးအောက် လှိုင်းတပုတ်စာ လှိုင်းတပြန်စာ ခန့်ရောက်တိုင်း လှိုင်းဦးချိုးကာ ဦးခိုက်ခြင်း။


၇။  မိုးတွင်းတရာသီလုံး သည်းထန်သော မိုးများအကြိမ်ကြိမ် ရွာသွန်းနေခဲ့သော်လည်း ခြေတော်ရာအတွင်း ရေတင်နေသည် ကို မတွေ့မမြင်ဖူးကြခြင်း။


၈။  ကုသိုလ်ကောင်းမှု ရှိသူတိုင်း ခိုင်မြဲစိတ်ကြံ အဓိဌာန်ဖြင့် ယုံကြည်ချက် တစ်ခု ကို အဓိဌာန်ပြုပါက အောင်မြင်မှုရရှိခြင်း


              တို့ဖြစ်ပါသည်။


               ကျနော်တို့ မြန်မာနိုင်ငံတွင် ရှိသော ခြေတော်ရာများအနက် တိမ်မြုပ်နေခဲ့သော ပါဒ ခြေတော်ရာ ကို မသိသေးသော သူငယ်ချင်းများ သွားရောက်ဖူးမြော်နိုင်ကြပါစေဗျာ.........  သယ်ရင်းတို့ သိရှိ သာဓုခေါ်နိုင်ရန် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...