By royalrose
နိုင်ငံတကာက နှစ်စဉ် မေလရဲ့ ဒုတိယပါတ် တနင်္ဂနွေနေ့ကို “အမေများနေ့”
ရယ်လို့ သတ်မှတ်ခဲ့ကြတယ်။ အဲ့ဒီနေ့ထူးနေ့မြတ်မှာ ကျွန်မရဲ့
ဘ၀တစ်လျှောက် စာထဲမှာ ဖတ်ယုံသာ ဖတ်ခဲ့ဘူးပြီး၊ နောက်… ရုပ်ရှင်
ဇာတ်လမ်းထဲမှာသာ ကြည့်ခဲ့ဘူးပြီး၊ တစ်ခါမှ
မျက်မြင်ကြုံဘူးခြင်းမရှိသေးတဲ့ ထူးခြား မွန်မြတ်လှတဲ့ ပွဲတစ်ခုကို
မထင်မှတ်ပဲ တက်ခွင့်ကြုံခဲ့ရပါတယ်။
အဲ့ဒီနေ့က သူတို့ရဲ့ အစီအစဉ်ကို ကြိုတင်သတင်းရထားတာမို့ စပ်စပ်စုစု
သိချင်မိသူပီပီ ကျွန်မသူတို့ အိမ်ကို မနက် ၁၀နာရီခွဲလောက်ထဲက
စိတ်စောပြီး ရောက်နေခဲ့ပါတယ်။ အိမ်ကိုရောက်တော့ သူတို့အိမ်မှာ
မိသားစုတွေနဲ့ စုံစုံညီညီ ရှိနေလေပြီ။ ညီအစ်ကို၊
မောင်နှမနည်းပါးသူမို့ သူတို့ မောင်နှမတွေ အများကြီးနဲ့ အခုလို
တစ်စုတစ်ဝေးထဲရှိနေလေတော့ ကျွန်မတောင် ရောယောင်ပြီး
ပျော်လာမိရပါတယ်။ အိမ်ထောင်ကျတဲ့ သူတွေက မွေးတဲ့ မူလတန်းအရွယ်
သားငယ်၊ သမီးငယ်များပါ ပါလာကြလေတော့ သူတို့တွေရဲ့ အဖေနဲ့အမေအနားမှာ
မြေးထီး၊ မြေးမတွေ တရုန်းရုန်းနဲ့ ရှိနေတဲ့ အဖိုးနဲ့ အဖွားကိုလည်း
အပျော်မျက်နှာများနဲ့ တွေ့ရပါတယ်။ အိမ်လေးက
မိသားစုဝင်များနှင့် ပြည့်နေလေပြီ။
မိဘတွေနဲ့ အတူနေတဲ့ သဘောကောင်းလှတဲ့ အစ်မအကြီးဆုံး အပျိုကြီး
ဧည့်ခံတဲ့ နို့စိမ်းခေါက်ဆွဲ စိမ့်စိမ့်မွှေးမွှေးကို
ခေါင်းမဖော်စတမ်းစားရင်း သူပြောပြတာကို နားထောင်မိပါတယ်။
“ ဒီနေ့အစီအစဉ်က ညီမ မိသူက စတင်စီစဉ်တာပါ..၊ အစ်မတို့လည်းကြားသာ
ကြားဘူးတာ၊ ကိုယ်တိုင် အခုလိုလုပ်ရမယ်ဆိုတော့ ၀မ်းသာစိတ်နဲ့
စိတ်လှုပ်ရှားမိပါတယ်၊ အစီအစဉ်ကို စတင်အကောင်အထည်ဖော်တဲ့ ညီမကိုလည်း
ကျေးဇူးတင်မိပါတယ်၊ မောင်နှမတွေက ကိုယ့်အိမ်နဲ့ကိုယ်
ခွဲနေကြတာဆိုတော့ အခုလို တစ်ရက်ထဲမှာ မိဘတွေ အိမ်မှာ စုံစုံညီညီနဲ့
တွေ့ဆုံရတယ်၊ တူတွေ၊ တူမတွေကိုလည်း တစ်စုစည်းထဲ တွေ့ရတော့
ပျော်မိပါတယ်၊ ဒါကြောင့် အားလုံးစားဖို့
နို့စိမ်းခေါက်ဆွဲကို မနေ့ညနေထဲက ကြိုတင် ပြင်ဆင်ထားခဲ့တာ ”
အစီအစဉ်ကို စတင်အကောင်ဖော်တဲ့ ညီမဖြစ်သူက ဘေးကနေ အခုလို
ဖြည့်စွက်ပြောပြပါတယ်။
“ သူငယ်ချင်းတစ်ယောက် အိမ်သွားရင်း တွေ့ခဲ့တာမို့ ကိုယ်တွေလည်း
မိဘတွေဆီကနေ အခုလိုမျိုး ယူထားသင့်တယ်ဆိုပြီး မောင်နှမတွေ
အားလုံးအသိပေးပြီး စတင်စီစဉ်လိုက်မိတာပါ၊ အစ်ကိုအကြီးဆုံးနဲ့
တိုင်ပင်ပြီး ဒီအစီအစဉ်ကို ဒီလိုနေ့ထူးနေ့မြတ်မှာ ဆောင်ရွက်ဖို့
ဆုံးဖြတ်လိုက်ပါတယ်၊ အဓိက လိုအပ်တဲ့ ပိတ်စနဲ့
အခြားပစ္စည်းများကိုလည်း မောင်နှမတွေ အားလုံးအတွက် ပြီးခဲ့တဲ့
အပါတ်ထဲကပဲ ကြိုတင်ဝယ်ယူထားခဲ့ပါတယ် ”
“ မောင်နှမတွေ အများကြီးနဲ့ ပျော်စရာကောင်းလိုက်တာနော် ” လို့
ကျွန်မက ပြောမိတော့ အသက် ၂၈နှစ်အရွယ်ရောက်နေတဲ့ ဥပဒေဘွဲ့ရ
ရှေ့နေလုပ်နေတဲ့ ညီမထွေးလေးက…
“ ညီမတို့မှာ မောင်နှမ (၁၁)ယောက်ရှိတယ်၊ အကိုတစ်ယောက်က
ရဟန်းဝတ်နဲ့ ပျံလွန်သွားပြီမို့ အခု မောင်နှမအားလုံး
(၁၀)ယောက်ရှိပါတယ်၊ ညီမအောက် မောင်လေးအငယ်ဆုံးက ပြည်ပမှာ
ပီအိတ်ခ်ျဒီဘွဲ့ယူဖို့ ပညာ သင်နေတဲ့ သူတစ်ဦးပါ၊ ဒါကြောင့် ဒီနေ့မှာ
ဒီမှာရှိနေတဲ့ မောင်နှမ ၉ယောက်လုံး ဒီနေ့ အစီအစဉ်လေးအတွက်
ရောက်နေကြတာပါ၊ တူလေး တူမလေးတွေပါ ပါလာတော့ တစ်အိမ်လုံး
မိသားစုဝင်တွေနဲ့ အပြည့် ဖြစ်နေတော့တာ၊ ဒီနေ့ အစီအစဉ်အတွက်
အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်နေမိပါတယ်” လို့
ပြောပြပါတယ်။
မောင်နှမအင်အား တောင့်တင်းတဲ့ သူတို့ မိသားစုနဲ့
သိကျွမ်းခွင့်ရခဲ့သည်မှာ ဆယ်စုနှစ် နှစ်ကြိမ်နီးပါးမျှ ရှိနေပြီ။
အားလုံးနှင့် ကျွန်မ မိသားစုဝင်တွေလို ဖြစ်နေကြပြီ။
မောင်နှမတွေ များလှပေမယ့် အချင်းချင်း ချစ်ချစ်ခင်ခင် ရှိလှကာ
အကြီးနဲ့အငယ် အပြန်အလှန် လေးစားချစ်ခင်ကြတာက
ဘေးကမြင်ရသူများပင် ကြည်နူးစရာ။ အထူးသဖြင့် သူတို့ အားလုံး မိဘကို
ရိုသေချစ်ခင်ကြတာကို ထူးထူးခြားခြားတွေ့ရပါတယ်။
သူတို့ရဲ့မိခင်ကြီးမှာ အလွန်ချစ်ခင်ဖွယ်ရာ ရုပ်အဆင်းနှင့်
ပြည့်စုံပြီး တရားပြည့်ဝနေတဲ့ မျက်နှာက မြင်ရသူများကိုပါ ရင်ထဲ
ချမ်းမြေ့စေလှပါတယ်။ သားသမီးများ၊ မြေးများ၊ ချွေးမနှင့်
သားမက်များပါမကျန် (၇)ရက်သားသမီးများအားလုံးကို အမြဲဆုတောင်းမေတ္တာ
ပို့သနေတတ်ပြီး လူတိုင်းကို မေတ္တာစိတ်ဖြင့် ချစ်ခင်နေတတ်တဲ့
သူတို့ရဲ့မိခင်ကြီးကို မိခင်မရှိတော့တဲ့ ကျွန်မက အလွန်
ချစ်ခင်မိပါတယ်။ သားသမီး(၁၁)ယောက်လုံးအပေါ် မိဘ၀တ္တရားငါးပါး
ကျေပွန်ယုံမျှမက အားလုံးကို စံနစ်တကျ ကြီးပြင်းစေခဲ့တဲ့
မိဘနှစ်ပါးရဲ့ မေတ္တာကို ကျွန်မမြင်တွေ့၊ သိနေရပါတယ်။
အားလုံး စားသောက်ပြီးလို့ မွန်းတည့်တစ်နာရီလောက်မှာ သူတို့ရဲ့
အစီအစဉ်ကို စတင်ပါတယ်။ ကျွန်မကတော့ ထုံးစံအတိုင်း ကင်မရာတစ်လုံးနဲ့
စိတ်ဝင်တစား စပ်စုစောင့်ကြည့်နေမိပါပြီ။ သူတို့မောင်နှမတွေအားလုံး
သူတို့ ဖေဖေနှင့် မေမေကို ကြမ်းပေါ်တွင် ပုဆစ်တုတ်လို့
ရိုကျိုးရှိခိုး ကန်တော့ကြပါတယ်။ အဲ့ဒီနောက် အစ်ကိုကြီးဖြစ်သူက
ဦးဆောင်ပြီး…
“ ဒီနေ့လို မင်္ဂလာရှိတဲ့နေ့မှာ ဖေဖေ၊ မေမေတို့ကို သားတို့
မောင်နှမများ အားလုံးက စုဝေးရောက်ရှိ ကန်တော့ပါတယ်၊ ဖေဖေ၊
မေမေတို့မှ သားတို့ မောင်နှမများအတွက် ဖေဖေတို့ရဲ့
မေတ္တာဓာတ်များ ပါဝင်နေတဲ့ ခြေရာ အစုံကို အသက်ထက်ဆုံးတိုင်
ဆည်းကပ်ကိုးကွယ် ဆောင်ထားချင်တဲ့ အတွက် သားတို့၊ သမီးတို့ကို
ခြေရာကူးယူခွင့် ခွင့်ပြုပေးစေချင်ပါတယ်၊ ဒီလို မိဘခြေရာကို
ရယူဆောင်ထားခြင်းဖြင့် သားတို့သမီးတို့နဲ့အတူ ဖေဖေ၊
မေမေတို့ အတူရှိနေစေသလို ဖြစ်စေရပါတယ်၊ နောက်ပြီး မိဘနှစ်ပါးရဲ့
မေတ္တာဓာတ်ပါဝင်နေတဲ့ ဒီခြေရာလေးနှစ်စုံက သားတို့
သားသမီးတွေကို အန္တရာယ် ကင်းစေမယ်၊ ဖေဖေ မေမေတို့က အမြဲစောင့်ရှောက်
ကြည့်ရှုနေမယ်လို့ သားတို့ ထင်မှတ် ယုံကြည်ပါတယ်၊ ဒါကြောင့် ဖေဖေနဲ့
မေမေ ခွင့်ပြုပေးပါခင်ဗျား ” လို့ ပြောပါတယ်။
အဲ့ဒီနောက် ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့မှ “ ၀မ်းမြောက်စွာ
ခွင့်ပြုပါတယ်၊ သားတို့ သမီးတို့ အလိုရှိသလို ဆောင်ရွက်ကြပါ ” လို့
ဝမ်းမြောက်တုန်ရီတဲ့ အသံဖြင့် ခွင့်ပေးရှာပါတယ်။ ခွင့်ပြုချက်ရတာနဲ့
တစ်ပြိုင်နက်ထဲ အဖေနဲ့ အမေရဲ့ ခြေဖ၀ါးနှစ်စုံကို သန့်ရှင်းတဲ့
ရေနဲ့ သန့်စင်အောင် ဆေးကြောပြီး ခြောက်သွေ့အောင်
သုတ်ပေးပါတယ်။ အဲ့ဒီနောက် ဇလုံ တစ်လုံးထဲမှာ နနွင်းနဲ့ ထုံးကို
ရေအနည်းငယ်နဲ့ ဖျော်စပ်ပြီး အစ်ကိုကြီးဖြစ်သူက ကြမ်းပြင်မှာ
ထိုင်လျှက် အဖေ့ရဲ့ ခြေဖ၀ါးနှစ်ဘက်ကို သုတ်လူးပေးပါတယ်။ ပြီးတော့
သားသမီးများ အကူအညီနဲ့ မတ်တပ်ရပ်ယူလို့ အသစ်ပြင်ဆင်ထားတဲ့ တစ်ပေခွဲ
ပတ်လည် ပိတ်ဖြူစရဲ့ ဘယ်ဘက်အခြမ်းမှာ အဖေရဲ့ ခြေရာ နှစ်ဖက်ကို
ဖိနှိပ်ယူပါတယ်။
ခြေရာခံယူမယ့် ပိတ်ဖြူစ…
သားသမီး(၁၀)ယောက်စာအတွက် မမောမပမ်းနိုင် ခြေရာပေးနေတဲ့
ဖခင်ဖြစ်သူရဲ့ မျက်နှာပေါ်က ပီတိတွေကို ကျွန်မတွေ့ဖြစ်အောင်
တွေ့လိုက်ပါတယ်။ ကျွန်မရဲ့ ကင်မရာလေးကလည်း တစ်ခုမှ မလွတ်စေရအောင်
တဖျတ်ဖျတ်နဲ့ မှတ်တမ်းယူနေပါတယ်။ အဖေပြီးတဲ့အခါ အမေ့ကိုလည်း
အလားတူ ခြေရာ တစ်ဖန်ယူပြန်ပါတယ်။ ဒီတစ်ခါ အမေ့ရဲ့ ခြေရာကိုတော့
ပိတ်ဖြူစရဲ့ ညာဘက်အခြမ်း အဖေ့ခြေရာနဘေးမှာ ဖိနှိပ်စေပါတယ်။
မိဘနှစ်ပါးနဲ့ သားသမီးများ တပျော်တပါးနဲ့ ခြေရာ ယူနေကြတာကို
ကြည့်ရင်း သူတို့ရဲ့ ကြည်နူးပီတိတွေက ကျွန်မဆီမှာပါ ကူးစက်လာပါတယ်။
မိဘနှစ်ပါးမှ
သားများသို့ ခြေရာပေးအပ်စဉ်…
အားလုံးပြီးချိန်မှာ မိဘနှစ်ပါးက သူတို့ မောင်နှမများကို
ဖိနှိပ်ထားတဲ့ ခြေရာလေးများကို ပြန်လည် ပေးအပ်ပါတဲ့အခါ
ရိုသေစွာ လက်ခံ ယူကြပြီးနောက် မိဘနှစ်ပါးရဲ့ ဆုံးမစကားကို
နာယူကြပါတယ်။ သူတို့ မောင်နှမတွေအားလုံးရဲ့ လက်ထဲမှာ
ခြေရာလေးများ ထင်ကျန်နေတဲ့ ပိတ်စလေးတွေကို အဖိုးတန်ရတနာလေးများလို
ယုယုယယ ကိုယ်စီကိုင်လို့။
ကျွန်မက မနေတတ် မထိုင်တတ်သူပီပီ ဒီပွဲအပြီးမှာ သူတို့ မိသားစုဝင်
အချို့ကို အင်တာလိုက်ဗျူး မိပါတယ်။ ရိုးအေးတဲ့ သားလတ်
လူပျိုကြီး ကတော့ ကျွန်မ ဖုန်းက အသံဖမ်းရီကော်ဒါ ဖွင့်ချိန်မှာပင်
ရိပ်မိကာ ရေချိုးခန်းထဲ ၀င်ပြေးပုန်းလေတာမို့ ကျွန်မတို့
တ၀ါးဝါးနဲ့ ပွဲကျရပါသေးတယ်။ မောင်နှမများထဲက သမီးသုံးယောက်ရဲ့
မိခင်ဖြစ်သူ အသက် ၄၄နှစ်အရွယ် သမီးဖြစ်သူကို ဒီနေ့
အစီအစဉ်လေးအပေါ် ခံစားချက်ကို မေးမိတော့ မျက်ရည်များ
ဖြိုင်ဖြိုင်ကျလာလျှက်က….
“ အစ်မအသက် ၄၄နှစ်ရှိပါပြီ၊ မိဘအပေါ် ကောင်းတာရော၊ ဆိုးတာပါ
ရှိခဲ့မှာပါ၊ အခုလို မိဘခြေရာရယူရတော့ စိတ်ထဲ ၀မ်းသာဝမ်းနည်းသလို
ခံစားရပါတယ် ” လို့ ပြောပြရှာပါတယ်။ ဒီအစ်မရဲ့ သမီးသုံးယောက်ကလည်း
အဖိုးအဖွားနဲ့ ဦးလေး၊ အဒေါ်တို့ရဲ့ ဒီနေ့ပွဲလေးမှာ လိုအပ်တာတွေကို
တက်ကြွစွာနဲ့ လိုက်လံကူညီပေးနေတာကို တွေ့ရပါတယ်။
သားလတ်နှစ်ယောက်ကလည်း “ ကြားဖူးနေပေမယ့် ကိုယ်တိုင်ကြုံရတော့ စိတ်ထဲ
ဝမ်းသာပီတိ ဖြစ်ရပါတယ် ” လို့ ရင်ထဲ ရှိတဲ့အတိုင်း
ပြောပြကြပါတယ်။
ဖခင်ဖြစ်သူကို ဒီနေ့ မိဘခြေရာယူတဲ့ပွဲလေးမှာ ခြေရာအစုံတွေ
သားသမီးတွေအတွက် ပေးရင်း စိတ်ထဲ ခံစားရတာလေး သိပါရစေလို့
မေးမိလိုက်တော့ ဆို့နင့်တဲ့စိတ်နဲ့ နှုတ်မှ စကားလုံးတွေ ချက်ချင်း
မထွက်နိုင်ပဲ ရှိရာက မျက်ရည်စက်များနဲ့အတူ “ ၀မ်းသာပီတိ
ဖြစ်ရပါတယ် သမီးရယ် ” လို့ တုန်ရီတဲ့ အသံနဲ့
ဗလုံးဗထွေး ပြောလိုက်တာမို့ ကျွန်မ ကိုယ်တိုင် ရင်ထဲ
ဆို့နစ်လာရပြီး အားတုံ့အားနာ ဖြစ်ရပါသေးတယ်။
ဒါပေမယ့် ကျွန်မစိတ်က ကျွန်မချစ်ခင်ရတဲ့ မိခင်ဖြစ်သူရဲ့
စိတ်ခံစားချက်လေး ကိုလည်း သိချင်တာမို့ အလားတူ
မေးခွန်းမေးမိပြန်ပါတယ်။ မိခင်ဖြစ်သူ ဖြေကြားတာက…
“ ဒီ အစီစဉ်လေးကို သားတွေ၊ သမီးတွေ စပြီး စီစဉ်နေတာသိရထဲက
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နေမိပါတယ်၊ ဒီအစီအစဉ်လေး ဖြစ်လာမယ့်
ဒီနေ့ကိုလည်း စိတ်အား ထက်သန်စွာနဲ့ စောင့်မျှော်နေခဲ့ပါတယ်၊
ခြေရာ ခံယူနေချိန်မှာ သား၊သမီးများ အားလုံးအပေါ်
ဖြန့်ကျက်မေတ္တာ ပို့ပေးနေပါ တယ်၊ ဒီလို လုပ်ပေးလိုက်လို့
သားသမီးအားလုံးနဲ့ အမေ အတူတူ ရှိနေတယ်လို့ ခံစားမိရပါတယ်၊
သားသမီးတွေ အားလုံးကို အောင်အောင် မြင်မြင်နဲ့ အမြဲ
စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာရှိစေချင်တာ မိဘတိုင်းရဲ့ တူညီဆန္ဒတွေပါ
သမီးရယ် ” လို့ ချစ်ခင် လေးစားစဖွယ် သေသေချာချာ
ပြောပြရှာပါတယ်။
နဘေးမှာ လာငေးနေတဲ့ ငါးတန်းကျောင်းသူ တူမလေးကိုလည်း မလွတ်စေရပဲ “
သမီးက ခုန ဘဖေ၊ ဖွားမေတို့ကို ခြေရာယူနေတုန်းက လိုအပ်တာတွေ
ဝိုင်းကူညီပေးခဲ့တာကို အန်တီတွေ့ရတယ်၊ သမီးရဲ့ စိတ်ထဲမှာ ဘယ်လိုနေလဲ
၊ အန်တီ့ကို ပြောပြပါလား ”
“သမီး ကူညီလုပ်ပေးရတာ အရမ်းပျော်တယ်၊ သမီးကြီးလာရင်လည်း အဲ့ဒီလိုပဲ
ပြန်လုပ်မယ် စိတ်ကူးပါတယ် ” လို့ ကလေးပီပီ ရင်ထဲရှိတာကို
ချစ်စဖွယ် ပြောပြပါတယ်။
အဲ့ဒီအချိန်မှာ ခုနက ခြေရာယူစဉ် ဦးဆောင်ပြီး လုပ်ပေးခဲ့တဲ့
အသက်(၄၆)နှစ်အရွယ် အစ်ကိုကြီးဖြစ်သူက ကျွန်မစာရေးတယ်ဆိုတာ
သိထားလေတော့ ကျွန်မမေးမလို့ ဟန်ပြင်ယုံရှိသေး အလိုက်တသိနဲ့ အခုလို
ပြောပြပါတယ်။
“ဒီပွဲလေးက ညီမ မိသူက စတင်လုပ်မယ်ဆို ပြောလာလို့ အစ်ကိုကြီး
တစ်ယောက် အနေနဲ့ ဦးစီး ဆောင်ရွက်ပေးဖြစ်တာပါ၊ ကျွန်တော်တို့
မောင်နှမတွေ အားလုံး ဒီနေ့မတိုင်ခင် ၃ရက်ကြိုတင်ပြီး ငါးပါးသီလ
လုံအောင် စောင့်ထိမ်းကြပါတယ်၊ ပြည်ပရောက်နေတဲ့ ညီငယ်ကိုလည်း ဟိုကနေ
လှမ်းပြီး စိတ်နဲ့ ပါဝင်ဖို့ ကြိုပြောထားပါတယ်၊ ဒီဓလေ့လေးက အလွန်
ချစ်မြတ်နိုးဖွယ်ရာ ကောင်းတဲ့ ဓလေ့လေးပါ၊ မိဘတွေရဲ့
ခြေရာယူတာနဲ့ ပတ်သက်ပြီး ဆရာချစ်စံဝင်းရဲ့စာအုပ်လေးကိုလည်း
သေချာ ဖတ်ခဲ့ဘူးပါတယ်၊ နောက်… အကယ်ဒမီရသွားတဲ့ အမေ့ခြေရာ
ဇာတ်ကားကိုလည်း ကိုယ်တိုင်ကြည့်ခဲ့ဖူးပါတယ်၊ ဒီဓလေ့က အထက်ြ
မန်မာပြည်၊ စစ်ကိုင်းမှာ ထုံးတမ်းစဉ်လာဆိုသလို ယုံကြည်သူ တော်တော်
များများက တလေးတစားနဲ့ ဆောင်ရွက်ကြတယ်လို့ သိရပါတယ်၊ အခုတော့
ညီမ မိသူရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့ မိသားစုလည်း
ကိုယ်တိုင်ဆောင်ရွက် ခွင့်ရသွားပြီပေါ့၊ တကယ့်ကို ၀မ်းသာပီတိ
ဖြစ်ရပါတယ်ဗျာ..” လို့ ပြောပြပါတယ်။
မိဘခြေရာကို သားသမီး ဘယ်အသက်အရွယ်၊ မိဘဘယ်အသက်အရွယ်မှာ
ယူသင့်သလဲလို့ မေးမိတော့..
“ ဒီလို မိဘခြေရာယူတယ်ဆိုတာက ငယ်လွန်းတဲ့ ကလေးအရွယ် ဒါမှမဟုတ်
မိဘနဲ့ သားသမီး ပဋိပက္ခ့ဖြစ်လေ့ရှိတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ
ယူတာထက် သားသမီးတွေ မိဘကို တကယ် ရင်ထဲက နားလည် သိတတ်လာတဲ့
အရွယ်ရောက်မှ ယူတာပိုကောင်း၊ ပိုထိရောက်မယ် ထင်ပါတယ်။ အဲ့ဒီအခါမှာ
ကိုယ်တိုင် အရွယ်ရောက် သိနားလည်ချိန် ဖြစ်နေတဲ့အပြင်၊
ကိုယ်တိုင်လည်း မိဘနေရာ ရောက်နေနိုင်ပါတယ်။ ဒါကြောင့်
အဲ့ဒီအချိန်မှာ ယူတာက ကိုယ်တိုင် ခံစားနိုင်ပြီး ပိုထိ
ရောက်မယ်ထင်ပါတယ်၊ မိဘတွေရဲ့ အသက်ကလည်း အဲ့ဒီအချိန်မှာ မရှိဘူးဆို
အနည်းဆုံး ၅၀ကျော်လောက်ကတော့ ရှိနေမှာပါ ”
မိဘတွေက အခုလို ခြေရာယူတဲ့အပေါ်မှာ သူတို့ ဘယ်လို ခံစားနိုင်တယ်
ဆိုတာကိုလည်း အစ်ကိုကြီးကပဲ အခုလို ပြောပြပါတယ်။
“ မိဘတွေကလည်း ဒီလို ခြေရာတောင်းယူတဲ့ အပေါ်မှာ စိတ်မကောင်း
မဖြစ်စေဖို့ သားသမီးတွေက ခြေရာမယူခင် မိဘတွေကို သေချာ နားလည်အောင်
အရင် ပြောပြသင့်ပါတယ်၊ ဒီလိုခြေရာယူတာ သားသမီးတွေအတွက် မိဘဆီက
အဖိုးအဖြတ်နိုင်တဲ့ ရတနာတစ်ခု ရလိုက်သလို ဖြစ်ပြီး၊ ဒီခြေရာကို
ဆောင်ထားခြင်းဖြင့် မိဘက ကိုယ့်ကို စောင့်ရှောက်နေသလို ခံစားရတယ်၊
နောက် မိဘက ကိုယ်နဲ့ အတူတူ ရှိနေသလို ခံစားစေရပြီးတော့
လုံခြုံမှုရနိုင်တယ်၊ မကောင်းတာလည်း မလုပ်မိတော့ဘူး၊ အန္တရာယ်လည်း
ကင်းစေတယ်၊ ဒီခြေရာထဲမှာ အမိအဖက တစ်သက်လုံး
ဆိုဆုံးမခဲ့သမျှတွေအားလုံး ကိန်းအောင်းနေတယ်၊ အကောင်းဆုံး
အဆောင်ကောင်း ဖြစ်တာမို့ ဆောင်ထားချင်တဲ့အတွက် ယူရတာပါလို့
သေသေချာချာ ပြောပြ သင့်ပါတယ်၊ မဟုတ်ရင် မိဘတွေက ငါတို့
အသက်ကြီးပြီ၊ မသေခင်အချိန်မှာ တောင်းယူထားတာလို့ ထင်ရင်
မကောင်းပါဘူး၊ ဒါကြောင့် မတောင်းခင် နားလည် သဘောပေါက်အောင်
အရင်ပြောပြပြီးမှ တောင်းသင့်ပါတယ်၊ ခွင့်မပြုပဲ
ဇွတ်မယူသင့်ပါဘူး.. ”
အစ်ကိုကြီးဖြစ်သူက ဒီခြေရာနှစ်စုံကို သေချာဘောင်သွင်းပြီး သူ့ရဲ့
ရုံးခန်းမှာ သေချာထားမယ်လို့ ပြောပြပါတယ်။
ခြေရာ ယူစဉ်မှာ အသုံးပြုတဲ့ ထုံးနဲ့ နနွင်းရဲ့ ဓာတ်သက်က
အန္တရာယ်ကင်းစေတဲ့ ဓာတ်သက်လို့ သိရပါတယ်။ ထုံးနနွင်းမရှိပါက
ပုံနှိပ်မှင်အသုံးပြုလို့လည်း ရယူနိုင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း
ပိတ်ဖြူပေါ်မှာ ဘောပင်မှင်ဖြင့် ခြေရာပတ်ပတ်လည်ကို လိုက်မှတ်ပြီး
ယူမယ်ဆိုရင်လည်း ရတယ်လို့ သိရပါတယ်။ တချို့ကလည်း ပုံနှိပ်ထားတဲ့
ခြေရာလေး အချိန်ကာလကြာတာနဲ့ အမျှ အရောင်အသွေး
လျော့သွားနိုင်တာမို့ ရေရှည်ခံနိုင်ဖို့ ခြေရာလေးတွေရဲ့
နဘေးနားကနေ နှစ်သက်ရာအရောင်ပါတဲ့ ပိုးခြည်လေးတွေနဲ့ ခြေရာ
ပတ်ပတ်လည်အလိုက် လိုက်ပြီး ပုံဖော်ထိုးထားတတ်ကြပါတယ်။
အမိအဖဆိုတာ ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာမှာ ဘုရားနဲ့ တစ်ဂိုဏ်းထဲ
ထားကြရတာပါ။ အမေ့ခြေရာကို ကိုးကွယ်တဲ့ ဓလေ့ဟာ အထက်မြန်မာပြည်၊
စစ်ကိုင်းမြို့မှာ လုပ်လေ့ရှိတဲ့ ဓလေ့တစ်ခုလို့ သိရပြီး၊ မိဘခြေရာ
နှစ်စုံလုံးကိုလည်း ကိုးကွယ်လို့ရကြောင်း၊ အမိမရှိသူများလည်း
အဖခြေရာကို ယူကာ ကိုးကွယ်လို့ ရနိုင်ကြောင်း သိရပါတယ်။ ဒီလို
ကိုးကွယ်ခြင်းဖြင့် ထူးထူးခြားခြား တိုးတက်အောင်မြင်ကာ၊
အန္တရာယ်ကင်း၊ ဘေးရှင်းစေကြောင်း သိရပါတယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့
တခြား ဘာသာဝင် တစ်ယောက်လည်း အခုလိုပဲ ဆောင်ထားတာကို သိရပါတယ်။
ကျွန်မကတော့ ကြုံတောင့်ကြုံခဲ မိဘနှစ်ပါးကို
လေးစားချစ်မြတ်နိုးလှတဲ့ သားသမီးများရဲ့ အသက် (၇၀)ကျော်
မိဘနှစ်ပါးထံမှ ခြေရာခံယူတဲ့ ပွဲလေးကို အနီးကပ်
ကြုံတွေ့ခွင့်ရလိုက်ပါပြီ။ ကာယကံရှင်တွေမပြောနှင့်၊ ကျွန်မပင်
စိတ်ထဲ ကျေနပ်နှစ်သိမ့် စိတ်တွေ တအိအိနဲ့
ပီတိဖြစ်နေရပါတော့တယ်။
ကျွန်မရဲ့ ဖခင်ကြီးဆီမှလည်း အခုလို ခြေရာတောင်းယူနိုင်ဖို့
မောင်လေးကို အမြန်ပြောရပါဦးမည်။
ယူဇနာ နှစ်သိန်းလေးသောင်းအထုရှိသော
မဟာပထ၀ီမြေကြီးသည် မိဘမေတ္တာနှင့် နှိုင်းယှဉ်လိုက်ပါက
ဝါးရွက်တစ်ရွက်ငယ်မျှသာ ရှိ၏။ အလွန် ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည်
မိဘမေတ္တာနှင့် နှိုင်းစာပါက မိုးရေ တစ်ပေါက်မျှသာ ရှိပါ၏။ ယူဇနာ
ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင့်မိုရ်တောင်သည်
မိဘမေတ္တာနှင့် နှိုင်းစာပါက နွားချိုသာသာ ရှိပါသည်။
အလွန်ကျယ်ပြန့်သော၊ အတိုင်းမရှိသော စကြာဝဠာ၏ အ၀သည် မိဘ၏မေတ္တာနှင့်
နှိုင်းစာပါက အပ်နဖား ပမာဏမျှသာ ရှိပေသည်။
(မာတုပေါသကသုတ်မှ မြတ်စွာဘုရား၏
မြွက်ဆိုချက်)
ကိုးကား – ဆရာချစ်စံဝင်း၏
အမေ့ခြေရာ
မနှစ်က အမေများနေ့မှာ တင်ခဲ့တဲ့ ပို့စ်အဟောင်းလေးပါ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။
မူရင်း= အနှိုင်းမဲ့ခြေရာနှစ်စုံ
မိဘတို့၏ အနှိုင်းမဲ့ခြေရာနှစ်စုံ ကိုမြတ်နိုးစွာ ရယူနိုင်ကြပါစေ........
လေးစားစွာဖြင့် .... မောင်မြင့်
No comments:
Post a Comment