၁။ အပြန်အလှန် ကျေးဇူးပြုတတ်တဲ့သဘောတရား။ (Reciprocation)
လူတွေရဲ့ အတွင်းစိတ်မှာ အပြန်အလှန် လုပ်ပေးချင်တဲ့ စိတ်တွေ မွေးကတည်းက ကိန်းအောင်း နေကြပါတယ်။ တက္ကသိုယ်က ပရော်ဖက်ဆာတစ်ဦးက အဲဒီစိတ်ကို စမ်းသပ်ချင်လို့ သူနဲ့ သိတဲ့သူတွေရော၊ မသိတဲ့သူတွေဆီကိုပါ ခရစ်စမတ်ကဒ်တွေ ပို့ပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့ဆီကို ခရစ်စမတ်ကဒ်ပေါင်းများစွာ ပြန်ရောက်လာပါတယ်။ အဲဒီအထဲမှာ သူ့အကြောင်း ဘာမှမသိတဲ့သူတွေတောင် ပါနေပါတယ်။ ကျွန်တော်တို့ အခြားသူတစ်ဦးဆီက တစ်ခုခုရပြီဆိုခဲ့ရင် ငါပြန်ပေးရမယ်ဆိုတဲ့ တာဝန်တစ်ခုရှိနေတယ်လို့ ခံစားရပါလိမ့်မယ်။ နောက်တနည်းနဲ့ ပြန်စဉ်းစားရင် သင်နဲ့ ခင်မင်နေတဲ့ သူတစ်ယောက်ကို သင်က အမြဲတမ်း ပေးနေရတယ်၊ သူ့ဆီကလည်း ဘာမှပြန်မလာဘူးဆိုရင် သူနဲ့ သင်တဖြည်းဖြည်း ဝေးကွာလာတာကို တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ အပြန်အလှန် ကျေးဇူးပြုခြင်း မရှိတော့လို့ပဲဖြစ်ပါတယ်။ဒီနည်းကို အခြေခံပြီးတော့ အရောင်းမြှင့်တင်ရေးမှာ နမူနာပစ္စည်းတွေဝေခြင်း၊ အသင်းဝင်အဖြစ် အခမဲ့လက်ခံခြင်း၊ လက်ဆောင်တွေပေးခြင်း စတဲ့ နည်းဗျူဟာတွေနဲ့ အသုံးပြုကြပါတယ်။ အဲလိုမျိုး ဖောက်သည်တစ်ယောက်ယောက်က နမူနာပစ္စည်း ဒါမှမဟုတ် လက်ဆောင်ပစ္စည်းကို လက်ခံလိုက်ပြီဆိုရင် အပြန်အလှန်ကျေးဇူးပြုခြင်းသဘောတရားကို အစပြုလိုက်ပြီပဲဖြစ်ပါတယ်။
၂။ နေမြဲနေလိုတဲ့ ဆန္ဒ။ (Consistency)
ကိုယ့်ကိုယ်ကိုသတ်မှတ်တဲ့အတိုင်း နေမြဲနေလိုတဲ့ ဆန္ဒဟာ လူတွေရဲ့ စိတ်ထဲမှာ ကြီးမားစွာ ကိန်းအောင်းနေပါတယ်။ ကျွန်တော်တို့ တစုံတရာ ရွေးချယ်ခဲ့ပြီးပြီဆိုရင် ကိုယ့်ကိုကိုယ်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ကသော်လည်းကောင်း အဲဒီရွေးချယ်မှုအတိုင်း နေဖို့ ဖိအားတွေရရှိနေတတ်ပါတယ်။ အဲဒီစိတ်ဆန္ဒကြောင့်ပဲ ဆိုးနေခဲ့ရင်တောင် အခြားလမ်းကိုမရွေးပဲ နေမြဲအတိုင်းနေကြပါတယ်။ဒါက ဈေးကွက်ဖော်ဆောင်ရေးမှာ ဘာလို့အရေးကြီးတာလဲ။ ဖောက်သည်အသစ်ရတာဟာ ဖောက်သည် ထိန်းသိမ်းရတာထက် ပိုပြီးခက်ခဲတယ်ဆိုတာကို ဒီသဘောတရားကရှင်းပြနိုင်ပါတယ်။ ဖောက်သည်တစ်ယောက်က ထုတ်ကုန်တံဆိပ်တစ်ခုကို ရွေးလိုက်ပြီဆိုတာနဲ့ သူရွေးလိုက်တာမှန်တယ်လို့ပဲ အထင်ခံချင်ကြပါတယ်။ ဒီရွေးချယ်မှုက ပျော်ရွှင်စေတယ်လို့ပဲ ခံစားချင်ကြပါတယ်။ ဒါကြောင့်ပဲ Loyalty အစီအစဉ်တွေ အောင်မြင်ကြတာပါ။ လူတစ်ယောက်က သင့်ဆီက ပစ္စည်းကို နှစ်ကြိမ်သုံးကြိမ်လောက် ၀ယ်ယူပြီးသွားပြီဆိုရင် သူတို့ဆီမှာ အဲဒီဆက်ဆံရေးကို ထိန်းသိမ်းချင်တဲ့ မသိစိတ်ဖြစ်ပေါ်လာပါတယ်။ ရောင်းသူဘက်က အမှားတစ်ချို့လုပ်မိရင်တောင်မှ သူတို့ ခွင့်လွှတ်ပေးနိုင်တဲ့ အခြေအနေမျိုးအထိ ဆက်ဆံရေးတည်ဆောက်ကြပါတယ်။
၃။ ပတ်ဝန်းကျင်က သက်သေပြထောက်ခံကြခြင်း။ (Social Proof)
ကျွန်တော်တို့ လုပ်တာတွေ မှန်ရဲ့လားဆိုတာကို ပြန်သုံးသပ်တဲ့အခါမှာ ကျွန်တော်တို့နဲ့ တူမယ်လို့ ယူဆရတဲ့သူတွေ (ဥပမာ၊ အိမ်ရှင်မဆိုရင် အခြားသော အိမ်ရှင်မ၊ ကျောင်းသားဆိုရင် အခြားသော ကျောင်းသား) လုပ်တာ၊ ပြောတာတွေအပေါ်မှာ မူတည်ဆုံးဖြတ်ကြတယ်။ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကဲခတ်တယ်။ တခြားသူတွေ ဘာလုပ်နေလဲ ကြည့်တယ်။ သူတို့ဘာတွေပြောလဲဆိုတာ နားထောင်တယ်။ဈေးကွက်ဖော်ဆောင်သူတွေနဲ့ အရောင်းသမားတွေက အဲဒီသဘောတရားကို နားလည်ကြတယ်။ ဒါကြောင့် သူတို့ ဒီပစ္စည်းကို ၀ယ်တာတကယ်အကျိုးရှိတယ်ဆိုတဲ့ ထောက်ခံသက်သေပြကြသူတွေက တဆင့် ဈေးကွက်ရှာဖွေကြတယ်။ သူတို့က သင့်လိုလူတွေ ဒီပစ္စည်းသုံးလို့ ပျော်နေကြတယ် ဆိုတဲ့ သတင်းစကားကို ဖြန့်ဝေပြီး ရောင်းအားတက်အောင် လုပ်ကြတယ်။
၎။ တစ်ဦးနဲ့ တစ်ဦး နှစ်သက်ခြင်း။ (Liking)
လူ့ဘ၀ဆိုတာ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး နှစ်သက်ကြမယ်ဆိုရင် ရေရှည်အောင်မြင်မှုရဖို့ အခွင့်အလမ်းများပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်နှစ်သက်တဲ့ သူတွေနဲ့ပဲ အလုပ်တွေလုပ်ချင်ကြတယ်။ ဒါကြောင့် အလွန်အောင်မြင်တဲ့ အရောင်းသမားတွေကြည့်ရင် နှစ်လိုဖွယ် ဖြစ်ကြတယ်။ သူတို့က ခင်ဖို့လဲ ကောင်းသလို အလားအလာရှိတဲ့ ဖောက်သည်တွေ အဆင်ပြေအောင်လဲ လုပ်ပေးနိုင်ကြတယ်။ ရောင်းတယ်ဆိုတာ ရှုပ်ရှုပ်ထွေးထွေးတော့မဟုတ်ပါဘူး။ စကားစမြည်းပြောတဲ့ ပုံစံမျိုးပါပဲ။ ဒါကြောင့် ထူးချွန်တဲ့ အရောင်းသမားတွေက ဘာခွန်အားမှ စိုက်ထုတ်စရာ မလိုဘဲ ရောင်းချနိုင်ကြပါတယ်။၅။ အခွင့်အာဏာရှိခြင်း။ (Authority)
ဒီသဘောတရားကတော့ ကျွန်တော်တို့ကို အခွင့်အာဏာတွေက ဘယ်လိုလွှမ်းမိုးထားသလဲဆိုတာ ဖော်ပြပါတယ်။ အခွင့်အာဏာရှိတဲ့သူတွေ တောင်းဆိုတာကိုလုပ်ပေချင်တဲ့စိတ် ကျွန်တော်တို့ဆီမှာ ရှိနေပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်တစ်ယောက်ကို (သူ့မှာ လုပ်ပိုင်ခွင့် ရှိရှိ မရှိရှိ) အလိုလို ယုံကြည်နေတတ်တဲ့သဘောပါ။ Milgram သုတေသနတစ်ခုက အာဏာရဲ့သဘောတရားနဲ့ လူရဲ့အပြုအမူကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီ စမ်းသပ်မှုမှာ သုတေသနအရာရှိ တစ်ဦးက မောင်က ကို မောင်ခ နာကျင်ခံစားရအောင် ရှော့တိုက်ခိုင်းပါတယ်။ သုတေသနအရာရှိက မောင်ခ မခံနိုင်တဲ့အဆုံး အော်ဟစ်တောင်းပန်တဲ့အထိ ရှော့တိုက်ဖို့ မောင်က ကိုမှာထားပါတယ်။ တကယ်လုပ်တဲ့အခါမှာတော့ မောင်ခအော်ဟစ်တောင်းပန်နေတယ်ဆိုပေမယ့် မောင်က ကို သုတေသန အရာရှိက ရှော့ဆက်ပြီးတိုက်ခိုင်းပါတယ်။ ဒါကို မောင်က က မကျေနပ်၊ စိတ်မကောင်းဖြစ်ပေမယ့်လဲ သူ့ရဲ့ စကားကို နားထောင်ပြီး ဆက်လုပ်ပါတယ်။ တကယ်တော့ မောင်ခကို ရှော့တိုက်တဲ့ ၀ါယာကြိုးမှာ လျှပ်စစ်ဓာတ်အားမပါပါဘူး။ မောင်ခက ဟန်ဆောင်ပြီး အော်ဟစ်နေတာဖြစ်ပါတယ်။ ဒါကဘာကို ပြောလဲဆိုရင် သုတေသနအရာရှိရဲ့ အာဏာက မောင်က အပေါ်မှာ ဘယ်လောက်အထိ လွှမ်းမိုးလဲဆိုတာ ပြနေတာဖြစ်ပါတယ်။ဒီသဘောတရားအတိုင်းပဲ ဈေးကွက်ဖော်ဆောင်၊ အရောင်းမြှင့်တင်တဲ့သူတွေက နာမည်ကြီးတဲ့ ဆယ်လီဘရစ်တီတွေ ဒါမှမဟုတ် သက်ဆိုင်ရာနယ်ပယ်မှာ အောင်မြင်ပြီး သြဇာကြီးတဲ့ သူတွေကို သုံးပြီး သူတို့ရဲ့ထောက်ခံမှု၊ သက်သေခံမှုတွေနဲ့ ကုန်ပစ္စည်းတွေ ကြော်ငြာကြပါတယ်။ ဥပမာ၊ ကျန်းမာရေး ဓာတ်စာဆေးကို အလွန်အောင်မြင်နေတဲ့ အားကစားသမားနဲ့ နာမည်ကြီးအာဟာရပညာရှင် က ထောက်ခံတာမျိုးပဲဖြစ်ပါတယ်။
၆။ ရှားပါးကြောင်း ထင်ရှားစေမှု။ (Scarcity)
ဒီသဘောတရားပြောတာက ရှားပါးတဲ့ပစ္စည်း၊ အလွယ်တကူမရနိုင်တဲ့ပစ္စည်းဆိုရင် လူတွေက ပိုပြီးတန်ဖိုးထားကြပါတယ်။ မဂ္ဂဇင်းမှာဖြစ်ဖြစ်၊ သတင်းစာမှာဖြစ်ဖြစ် လက်ကျန် နည်းနည်းသာကျန်တော့သည်တို့၊ Limited Edition ဖြစ်ပါသည်တို့၊ စတဲ့ စာသားတွေနဲ့ ကြော်ငြာတွေ တွေ့ရပါလိမ့်မယ်။ အဲဒီအခါ “ဟာ ဒီပစ္စည်းက တန်ဖိုးရှိပါလား၊ နည်းနည်းပဲကျန်တော့တယ်၊ ငါမြန်မြန်သွားဝယ်မှ” ဆိုတဲ့ စိတ်မျိုး ဖြစ်စေပါတယ်။ ဒါဟာ လှည့်စားမှုလို့ သိနေရင်တောင်မှ အဲလိုစိတ်မျိုး အနည်းနဲ့အများဖြစ်ကြပါတယ်။အထက်ပါ သဘာတရားခြောက်ခုကိုနားလည်ထားရင်တော့ သင်ရဲ့ဖောက်သည်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။
ဘာသာပြန်အတွက် Handy Web Professional Translation Service – www.handyweb4u.com မှ ကူညီပံ့ပိုးပါသည်။
Ref: Low-Budget Marketing for Rokkies
http://www.entrepreneurs-mm.com/blog/%E1%80%9C%E1%80%B0%E1%80%B1%E1
No comments:
Post a Comment