ကျွန်တော် ငယ်စဉ်က စာအလွန်ညံ့တဲ့ သူတစ်ယောက်ပါ။ အတန်းထဲမှာ စာမရလို့ မတ်တပ်ထနေရတာလည်း အကြိမ်ကြိမ်။ အတန်းထဲနေရတော့လည်း ဟိုးနောက်ဆုံး။ အလွန်မျက်နှာငယ်ရတယ်။ မိဘတွေက ဆင်းရဲတော့ ကျွန်တော့်ကို စာကျက်လို့ ပြောတာကလွဲပြီး ဘာမှလည်း မလုပ်ပေးတတ်ဘူး။ ဒီလိုနဲ့ ၇ တန်းမှာ စာမေးပွဲကျလို့ အဆိုးဆုံးလို့ သတ်မှတ်ထားတဲ့ အတန်းမှာ နေရတယ်။
အဲဒီ အချိန်မှာ ဆရာမ ဒေါ်ပြုံးဝင်းနဲ့တွေ့တယ်။ ဖြူဖြူနုနုလေးနဲ့ ပျော့ပျော့လေးထင်ရပေမယ့် လူဆိုးအတန်းကို သူ့လိုဆရာမ အတန်းပိုင်အဖြစ်ခန့်တာ ပေါ့သေးသေးတော့ ဘယ်ဟုတ်လိမ့်မလဲ။
ကျွန်တော် စာမရတာ အကြိမ်များလာတော့ ဆရာမက ကျောင်းလွှတ်ချိန်မှာ ကျွန်တော့်ကို မပြန်နဲ့ဦးဆိုပြီး နေခိုင်းတယ်။ ပြီးတော့ ကျွန်တော့်ကို “သား ဘာဖြစ်လို့ စာမကျက်တာလဲ” လို့မေးတယ်။
ကျွန်တော်ကလည်း “ကျက်တာပဲ ဆရာမ။ ကျက်ပြီး မမှတ်မိဘူး” လို့ ပြောလိုက်တယ်။ ဒီတော့ ဆရာမက “သား ဘယ်လို ကျက်သလဲ” ဆိုတော့ ကျွန်တော်က “အော်ကျက်တာပေါ့” လို့ ပြန်ဖြေလိုက်တယ်။
ဒီအချိန်မှာ ဆရာမက ကျွန်တော့် နေ့လည်က မဆိုနိုင်တဲ့ ပထဝီထဲက မြန်မာနိုင်ငံရဲ့ တည်နေရာကို ဖတ်စာအုပ် ဖွင့်ပြီး
“သား ဒီအတိုင်း ကျက်လို့ မရဘူးဆိုရင် ဒီလိုကျက်ကြည့်ပါလား” လို့ပြောတယ်။ ဆရာမနည်းက ကျွန်တော့်ကို ဘလက်ဘုတ်ပေါ်မှာ မြန်မာပြည်မြေပုံဆွဲခိုင်းတယ်။ တူစရာမလိုဘူး။ ပုံကြမ်းပေါ်ရင်တော်ပြီလို့ပြောတယ်။ ပြီးတော့ အရှေ့အနောက်တောင်မြောက်ပြတဲ့ မြားပုံလေးဆွဲခိုင်းတယ်။ အရှေ့ဘက်မှာ တရုတ်ပြည်ဆိုရင် တရုတ်လို့ရေးခိုင်းလိုက်တယ်။ ပြီးတော့ အစဉ်လိုက် မြန်မာနိုင်ငံပတ်လည်က နိုင်ငံတွေကို ပါးစပ်ကလည်းရွတ် လျှောက်ထည့်ခိုင်းတယ်။ မြန်မာနိုင်ငံ အကျယ်အဝန်းကိုတော့ ကျွန်တော်ဆွဲထားတဲ့ မြေပုံ အလယ်တည့်တည့် မှာ ရေးခိုင်းလိုက်တယ်။ ပြီးတော့
“သား အခု မြေပုံပေါ်မှာ ရေးခဲ့တာတွေကို ပြန်ချပြီးရေးကြည့်စမ်း” လို့ပြောလိုက်တယ်။ ကျွန်တော် ခုနက ကျောက်သင်ပုန်းပေါ်မှာ ရေးခဲ့တာတွေကို စိတ်ကူးပုံဖော်ပြီးတောက်လျှောက် ရေးချမိတယ်။ ဆရာမကို သွားပြီး ကျွန်တော်ရေးထားတာပြတော့ ဆရာမက
“ငါ့သားက မညံ့ပါဘူး။ မတော်သေးတာ။ ခုဆိုရင် တော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပြီလား” လို့ ပြုံးပြုံး ကြီးပြောလိုက်တဲ့ ဆရာမမျက်နှာကို ခုထိမမေ့ဘူး။
ကျွန်တော် ဆရာမသင်ပေးလိုက်တဲ့နည်းကို ဆယ်တန်း၊ တက္ကသိုလ်သာမက ဘီအီးဒီအထိ တောက်လျှောက် ကျင့်သုံးခဲ့တယ်။ ကျွန်တော်တို့ခေတ်က ကျူရှင်ဆိုတာမရှိဘူး။ တပည့်တစ်ယောက် စာညံ့တာကို လမ်းဖွင့် ပေးနိုင်တဲ့ ဆရာမ၊ အတားအဆီးလေးဖြစ်နေတာကို ဖယ်ပေးလိုက်ရမှန်းသိတဲ့ ဆရာမ ဒေါ်ပြုံးဝင်းကို ခုထိ ဦးချ ကန်တော့နေလျက်ပါဆရာမ။
၁၂.၉.၂၀၁၅
Credit: Sayar U Tin Nyunt
http://www.searchmyanmar.com/link/comment/cid/53862
No comments:
Post a Comment