ဒီခေတ်ကြီးမှာ လူများများသိတဲ့လူမှ အောင်မြင်တဲ့လူလို့ ထင်တတ်ကြတယ်။
Facebook ကို ကြည့်လိုက် Friendlist ထဲ ငါးထောင်ပြည့်သွား၊ Follower တွေ အများကြီးရှိနေမှ အောင်မြင်တဲ့သူလို့ အလိုလို သတ်မှတ်နေကြတယ်။ အပေါင်းအသင်းတွေ ကြားထဲလည်း ဒါမျိုးမှ အထင်တကြီး ရှိတတ်ကြတယ်။ Facebook မဟုတ်တဲ့ အပြင်လောကမှာ ဆိုရင်လည်း လူများများသိတဲ့လူမှ ဒီလူက နာမည်ကြီးဆိုပြီး လူသိများမှ အောင်မြင်တယ်လို့ သတ်မှတ်တာ များလာတယ်။
အောင်မြင်တဲ့ လူတချို့ကို လူသိများကြပေမယ့် လူသိတိုင်း အောင်မြင်တာ မဟုတ်ပါဘူး၊ အောင်မြင်တိုင်းလည်း လူသိများချင်မှ များတာမျိုးပါ။
လူသိတာမှာ ကောင်းသောသိခြင်း၊ ဆိုးသောသိခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ လူဆိုးကြီး၊ လူညံ့ကြီးဆိုပြီး လူတွေအများကြီးက ကိုယ့်ကို နာမည်ပျက်ကြီးနဲ့ တောက်လျှောက်တွဲသိနေကြရင် အဖတ်ဆည်ဖို့တောင် မလွယ်ပါဘူး။ ကိုယ့်နောက်ကို ဒီနာမည်ပျက်ကြီးက တစ်သက်လုံး တကောက်ကောက် လိုက်နေရင် ဘာပဲလုပ်လုပ် လူယုံကြည်မှု မရနိုင်တော့ပါ။ အပေါင်းလက္ခဏာနဲ့တွဲပြီး လူသိတာမျိုးမှ ကိုယ့်အတွက် ကောင်းပါတယ်။ လူလိမ္မာ၊ လူတော်၊ ပညာရှိ၊ အများအကျိုးဆောင်သူ ဒါမျိုးမှ ပန်းသတင်း လေညင်းဆောင်မယ်၊ ကိုယ့်ကောင်းသတင်းက ကိုယ်သွားမယ့် နေရာကို အရင်ရောက်နေရင် ဘယ်ကိစ္စမဆို မလုပ်ခင်က ပြီးနှင့်ပြီဖြစ်မှာပါ။
Facebook ဥပမာနဲ့ပဲ ပြောရင်တောင် Facebook Friend ဆိုတာတွေက များတိုင်းကောင်းတာ မဟုတ်ပါဘူး။ တစ်နေ့တစ်နေ့ အရေမရ အဖတ်မရတွေချည်းပဲတင်၊ သတင်းမပါ၊ ဗဟုသုတမပါ၊ ပညာဉာဏ်မပါ၊ တရားမပါတဲ့ Post တွေချည်းတင်နေ၊ Share နေတဲ့ Friend တွေ များနေရင် ကိုယ့်ရဲ့ Facebook Timeline ဟာ အမှိုက်တွေချည်း လာလာပုံတဲ့ လူတွေကြောင့် တစ်နေ့တခြား ကြီးကြီးလာတဲ့ အမှိုက်ပုံကြီး ဖြစ်နေမှာပဲ။ ဒီကြားထဲ စိတ်ညစ်စရာတွေချည်းတင်၊ ဆဲတာဆိုတာတွေချည်း တင်နေကြပြန်ရင် ကိုယ်ပါမဆီမဆိုင် သူ့အပူကူးပြီး ပူရလောင်ရဦးမှာပါ။ ကိုယ့်ရဲ့ Friendlist က လူအတန်အသင့်ပဲ ရှိပေမယ့် တကယ့်လက်ရွေးစင်တွေ၊ စိတ်ထားကောင်းသူ၊ ဉာဏ်ကြီးသူတွေ ဖြစ်နေရင် အရည်အသွေးကောင်းတဲ့ Post တွေ ဖတ်ရ ဗဟုသုတရ စိတ်နှလုံးအေးချမ်းရမှာပါ။
ကျော်ကြားတာနဲ့ အောင်မြင်တာ ရောမချဖို့ လိုပါတယ်။ တကယ်တော့ ကျော်ကြားတိုင်း အောင်မြင်တာ မဟုတ်သလို အောင်မြင်သူတိုင်း မကျော်ကြားပါဘူး။ လူမသိသူမသိ တိတ်တဆိတ် အောင်မြင်နေတဲ့သူတွေ အများကြီးပါ။
ကျော်ကြားမှ အောင်မြင်တာမျိုးက ပရိသတ်အများကြီး လိုအပ်တဲ့ အလုပ်အကိုင်မျိုးတွေမှာဆို ဟုတ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်လ်၊ စာရေးဆရာ ဒါမျိုးအလုပ်တွေက ကျော်ကြားရင်၊ လူသိရင် ပိုပြီးအောင်မြင်တတ်တာမျိုးပါ။ ဒါပေမဲ့ အဲလိုအလုပ်မျိုးမှာတောင် ကျော်ကြားပြီး ချာနေရင် ပိုဆိုးပါတယ်။ ညံ့ဖျင်းတဲ့ ကုန်ပစ္စည်း လူမသိရင် သူညံ့တာ လူနည်းနည်းပဲ သိတယ်။ လူသိများပြီး ပစ္စည်းအရည်အသွေး ညံ့ရင် ကိုယ့်အထုပ် ကိုယ်ဖြေပြသလို ဖြစ်နေမှာပါ။
လူသိမှ အောင်မြင်တယ်ဆိုရင် အလုပ်အကိုင် သဘာဝကိုက လူသိနည်းရတဲ့ အလုပ်မျိုးဆိုရင် ဘယ်လိုလုပ်မလဲ။
ဥပမာ-ကိုယ့်နိုင်ငံအတွက် သူများနိုင်ငံကို ထောက်လှမ်းရတဲ့ သူလျှိုလိုအလုပ်မျိုး ဆိုရင် လူသိများဖို့ မဖြစ်နိုင်ဘူး။ လူများများသိလေ သူ့အလုပ်တာဝန် ထိခိုက်နိုင်လေလေ၊ ကိုယ့်သေတွင်းနဲ့နီးလေ ဖြစ်မှာပဲ။ အိမ်ရှင်မ တစ်ယောက်အတွက်က သားသမီးတွေကို အကောင်းဆုံး ပြုစုပျိုးထောင်နိုင်ဖို့က သူ့အတွက် အဓိကတာဝန် ဖြစ်နေပါလိမ့်မယ်။ နာမည်ကြီးမကြီးက သူ့အတွက် အဓိကမကျပါဘူး။ ဒီလိုပဲ မြို့ကြီးပြကြီးနဲ့ဝေးရာ တောင်ပေါ်တစ်နေရာက ရွာလေးတစ်ရွာမှာ အမှုထမ်းနေတဲ့ ဆရာဝန်တစ်ယောက်ဟာ ဒီရွာလေးနဲ့ ရွာနီးချုပ်စပ်က လူတွေ ကျန်းမာရေးက သူ့တာဝန်ပဲ။ နာမည်မကြီးလို့ ဒီဆရာဝန် မအောင်မြင်ဘူးလို့ ပြောလို့မရပါဘူး။ ဓာတ်ခွဲခန်းထဲမှာ တကုပ်ကုပ် လေ့လာစမ်းသပ်နေတဲ့ သိပ္ပံပညာရှင်လေးဟာ သူ့ရဲ့ လက်တွေ့စမ်းသပ်မှုလေးဟာ သူ့ဘဝပါပဲ။
အောင်မြင်ရင် ကျော်ကြားလာတတ်ပါတယ်။ ဓာတ်ခွဲခန်းထဲက သိပ္ပံပညာရှင်လေးဟာ တကယ့်ကို ထူးခြားတဲ့ တွေ့ရှိမှုကြီးတစ်ခု တွေ့ပြီး နာမည်ကြီးသွားတာမျိုး ရှိနိုင်သလို ရွာက စေတနာ ဆရာဝန်လေးအကြောင်း ပျံ့နှံ့သွားပြီး မီဒီယာက သတင်းရေးရာက နာမည်ကြီးသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါမျိုး နာမည်ကြီးသွားတာဟာ အင်မတန်ရှားပါးလေ့ ရှိပြီး ဒါမျိုးဖြစ်မလာရင်လည်း စေတနာ ဆရာဝန်လေးကြောင့် လူနာတွေ အများကြီး ပျောက်ကင်းချမ်းသာသွားတယ်၊ သိပ္ပံပညာရှင်လေးဟာ စမ်းသပ်မှုတွေ တစ်ခုပြီးတစ်ခု ပြီးမြောက်သွားတယ်ဆိုရင် သူတို့ဟာနဲ့သူ အောင်မြင်တာပါပဲ။
လူသိမှ အောင်မြင်တယ် ထင်တာဟာ ကိုယ့်အောင်မြင်မှုဟာ သူများပေါ်မှာ မူတည်တယ်လို့ ထင်နေတာလည်း ဖြစ်တယ်။ ဆိုလိုတာက ကိုယ့်ကို သူများက တန်ဖိုးဖြတ်တာကိုပဲ အမှန်လို့ ထင်နေတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးဖြတ်တဲ့နေရာမှာ သူများတွေ ကိုယ့်ကိုတန်ဖိုးဖြတ်တာ တင်မခံဘဲ ကိုယ့်ဘာသာကိုယ်လည်း ဖြတ်ရပါမယ်။ တကယ်က ကိုယ့်ကို ကိုယ့်လောက် ဘယ်သူမှ အချိန်မပေးနိုင်ဘူး၊ ကိုယ့်အပြောင်းအလဲကို ဘယ်သူမှ ကိုယ့်လောက် အသေးစိတ် မသိနိုင်ဘူး။ သူများတန်ဖိုးဖြတ်တဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် ဖြတ်နေရင် ဒုက္ခတွေ့တတ်ပါတယ်။
တစ်ယောက်တည်း တရားကျင့်တဲ့ သူတော်စင်ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တိုးတက်လဲ အကဲဖြတ်နိုင်ပါတယ်။ ကိုယ့်နားကို လာဆည်းကပ်တဲ့သူတွေဟာ ကိုယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အပြင် အနှောင့်အယှက်တောင် ဖြစ်တတ်တယ်။ ဒါကြောင့် တရားကျင့်တဲ့သူတွေဟာ သုသာန်လို၊ တောကြီးမျက်မည်းလို လူသူအရောက်အပေါက်နည်းတဲ့ နေရာမျိုးကို ရွေးပြီး တရားကျင့်ရပါတယ်။ ဒါမှ စိတ်အာရုံ ထွေပြားတာနည်းပြီး တရားပေါက်တာ မြန်နိုင်လို့ပါ။ ပရိသတ်လိုတဲ့ စာရေးဆရာလိုဟာမျိုးမှာလည်း ကိုယ့်ဘာသာကိုယ် အခန်းတံခါးပိတ်၊ ဖုန်းပိတ်ပြီး စာရေးနိုင်မှ တကယ့် စာကောင်းပေကောင်းတွေ ထွက်တာပါ။ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုရှင်တွေ အတွက်လည်း ကိုယ်တစ်ယောက်တည်း အသံလေ့ကျင့်ခန်း လုပ်တာ၊ အမူအရာတွေ လုပ်တာမျိုးတွေ နာရီပေါင်းများစွာ တစ်နေ့တစ်နေ့ လုပ်ဖို့ လိုပါတယ်။
လူများများ သိသွားတဲ့အခါမှာ အဲဒါကို ကိုယ်က သာယာသွားရင် လမ်းချော်ပြီး မူရင်းအလုပ် ထိခိုက်ပါတယ်။ တင်းနစ်မှာ အောင်မြင်ပြီး ကမ္ဘာ့အဆင့် ရောက်လာတဲ့ တင်းနစ်မယ်လေး တစ်ယောက် ကိုကိုကာလသားတို့အကြိုက် မော်ဒယ်လ်လိုလို ရုပ်ရှင်မင်းသမီးလိုလို စိတ်ယောင်သွားရှာပြီး မူရင်းဖြစ်တဲ့ တင်းနစ်မှာ ကျဆင်းရာက တဖြည်းဖြည်း မြုပ်သွားလိုက်တာ ခုဆို အသံတောင် မကြားရတော့ပါဘူး။
စနစ်တကျ နိုင်ငံရေးကို ဝေဖန်နိုင်လို့ နာမည်တက်လာတဲ့ နိုင်ငံရေးသုံးသပ်သူဟာ ပရိသတ်တွေအကြိုက် လိုက်ပြီး ဝေဖန်ရင်၊ ကိုယ့်ပရိသတ် မကြိုက်မှာစိုးပြီး သူ့အမြင်ကို မထုတ်ဖော်ရဲရင် သူ့သုံးသပ်ချက်တွေ ကျဆင်းလာမှာပါ။ ဒီလိုပဲ လူငယ်ခြေတက် ဘောလုံးသမားဟာ ပရိသတ်တွေ အားပေးမှုမှာ သာယာပြီး အခြေခံဘောလုံးလေ့ကျင့်မှုမှာ အားနည်းရင် တဖြည်းဖြည်း ခြေစွမ်းပျောက်ပြီး ပရိသတ်အားပေးမှုလည်း သုညထိ ရောက်သွားမှာပါ။
အောင်မြင်တဲ့ လူပုဂ္ဂိုလ်တွေ အများကြီး နယ်ပယ်အစုံမှာ ရှိသလို အောင်မြင်ပုံ အောင်မြင်နည်းတွေကလည်း မျိုးစုံရှိနေနိုင်ပါတယ်။ လူသိရှင်ကြား အောင်မြင်သူတွေ ရှိသလို ကိုယ့်ဘာသာကိုယ် တိတ်တဆိတ်လည်း အောင်မြင်လို့ ရပါတယ်ခင်ဗျား။
The Voice
http://www.searchmyanmar.com/link/comment/cid/54050
No comments:
Post a Comment