မကောင်းသောအမှုကို ဘာတစ်ခုမှ မပြုကျင့်ဘဲနေရမည်။ (သဗ္ဗပါပဿ အကရဏံ)
၁။ သဗ္ဗပါပဿအရ မကောင်းမှုဆိုသည်မှာ သတ္တဝါတို့အား မကောင်းသောလမ်းသို့ တွန်းပို့ပစ်ချပေးတတ်သည့် ဒုစရိုက်တရားများတည်း။
ဒု- မကောင်းသော သူတစ်ပါးတို့လည်း စက်ဆုပ်တတ်သော၊ စရိတ- အကျင့်များ၊ ဒုစရိတ-မကောင်းအကျင့်ဆိုး၊ အကျင့်ပျက်၊ အကျင့်မှား ဒုစရိုက်တရားများ၊ ယင်းဒုစရိုက် တရားတို့မှာ ဆယ်မျိုးပင်ပြားချေ၏။
က။ ၄င်းဆယ်မျိုးကား
၁။ သူ့အသက် သတ်ဖြတ်ခြင်း၊
၂။ ပိုင်ရှင်သည် ကိုယ်နှုတ်နှစ်ပါး တစ်ပါးပါးဖြင့် ခွင့်မပြုသည်တို့ကို ယူငင်ခြင်း၊ ကျော်နင်းခြင်း၊
၃။ အုပ်ထိန်းသူများ၏ သဘောကြည်ဖြူစွာ ခွင့်ပြုချက်မရသူနှင့် ကာမရမ္မက် စပ်ယှက် လွန်ကျူးမိခြင်း။
ဤကား ကိုယ်ထိလက်ရောက် ပြုမူမိသည့် မကောင်းသောအကျင့်ဆိုး၊ အကျင့်ပျက်သုံးမျိုးတည်း။
မှတ်ချက်။ ။ အထက်ပါသုံးချက်နှင့် ဆက်သွယ်နေသော ချောင်းမြောင်းလျှက် ခိုးကြည့်ခြင်း၊ တစ်ဖက်ခွင့်မပြုဘဲ ပြောင်ခိုးကြည့်ခြင်း၊ နားထောင်ခြင်း၊ နမ်းရှုတ်ခြင်း၊ ကိုင်တွယ်ခြင်းတို့မှာလည်း ဘုရားရှင် မေထုန်ငယ်အဖြစ်ဖြင့် ဟောကြားထားသဖြင့် ဤ၌သွင်းယူပါလေ။
ခိုးမှု၌လည်း နေရာပြောင်းခြင်း၊ စာရင်းလိမ်ခြင်း၊ စာရင်းဖျောက်ခြင်း စသည့် နှစ်ဆယ့်ငါးမျိုး တို့ကိုလည်း ဤ၌ပင် သွင်းယူပါလေ။
ခ။ စကားဖြင့် မိုက်မှားခြင်း
၁။ မမှန်စကား မုသားဆိုခြင်း။
၂။ တစ်ဦးနှင့်တစ်ဦး အထင်လွဲမှားစေသည့် ကုန်းချောစကား မုသားဆိုခြင်း။
၃။ ဆဲရေးတိုင်းထွာမှုဖြင့် မုသားဆိုခြင်း။
၎။ မဂ်ဖိုလ်အပြီး အချည်နှီးစကား လောကီအကျိုး လောကုတ်အကျိုး နှစ်မျိုးမပြီး အချည်းအနှီးစကား၊ ရယ်စရာစကား၊ ပုံပြင်စကား ပြောကြားလျက် မုသားဆိုခြင်း။ ဤကားနှုတ်ဖြင့်ပြုမူသည့် အကျင့်ပျက် လေးမျိုးတည်း။
မှတ်ချက်။ ။ အထက်ပါလေးမျိုးတို့နှင့် ဆက်နွယ်နေသော မိမိက လိမ်ညာလိုသော စေတနာ မပါသော်လည်း မိမိတပ်အပ် ထင်ထင်၊ မသိမြင်ပါဘဲလျှက် တစ်ဖက်သား အကျိုးနည်းစေသည့် အလွဲမှားမျိုးပြောဆိုမိပါကလည်း ဤ၌ပင် သွင်းယူပါလေ။
ဂ။ ကိုယ်နှုတ်တို့အား အမိန့်ပေးကြိုးကိုင်နေသော စိတ်မိုက်များ
အထက်ပါ ခုနစ်မျိုးတို့ဖြင့် ဆိုင်ရာ(တစ်ဖက်ရှိ) ဝတ္ထုအာရုံအပေါ် လွန်ကျူးမှု အထမြောက် အောာင်မြင်သွားစေရန် အတွင်းမနောမှနေ၍
၁။ သွေးထိုးလှုံ့ဆော်ပေးခြင်း။
၂။ ဦးဆောင်လမ်းပြပေးခြင်း။
၃။ အရသာခံယူကာ မှတ်ချက်ချပေးခြင်း
ထိုသုံးမျိုးတို့ဖြင့် ကြိတ်ပုန်းလွန်ကျူးလျက်ရှိသော မနောပြစ်အကျင့်ဆိုးသည်လည်း သုံးမျိုးပင်ရှိပါချေ၏။ ၄င်းတို့မှာ
၁။ တစ်ဖက်ရှိ ဝတ္ထုအာရုံတို့၏ အပေါ်၌ ထိုတစ်ဖက် ကာယကံရှင်မသိစေဘဲ ဆာလောင်ပြင်းပြစွာ ပြစ်မှားနေသည့် အကြံဆိုးကတစ်မျိုး။
၂။ ၄င်းဝတ္ထုအာရုံတို့ကို ဆိုင်ရာကိုယ်နှုတ်များက လွန်ကျူး၍ မပေးမချင်း အလိုမကျ၊ အားမရစိတ်ဖြင့် ပူဆာနေတတ်သည့် အကြံဆိုးကတစ်မျိုး။
၃။ ကိုယ်ကြိုက်က အကောင်းထင်၊ ကိုယ်မကြိုက်အဆိုးမြင်ကာ မှောက်မှောက်မှားမှား ပြစ်မှားနေသည့် အကြံဆိုးကတစ်မျိုးတည်း။ ထိုသုံးမျိုးတို့တွင်အဘိဇ္ဖျာခေါ် အလိုကြီးခြင်း ရမ္မက်ထန်ပြင်းခြင်းသည်ကား တစ်ဖက်သားအား ကိုယ်နှုတ် နှစ်မျိုး တစ်မျိုးမျိုးဖြင့် ပြစ်မှားပေးရန်အမြဲပင် ပူဆာတတ်ချေ၏။ ထိုစိတ်ပြစ်မှားမှုကို တစ်ဖက်သား သိရှိရန်မှာ မလွယ်ကူချေ။ သို့ကြောင့်လျှင် စိတ်ဖြင့်သာ လွန်ကျူးနေသော မုဒိန်းမှုကိုလည်းကောင်း၊ စိတ်ဖြင့်သာ လွန်ကျူးနေသောခိုးမှုကိုလည်းကောင်း၊ စိတ်ဖြင့်သာ လွန်ကျူးနေသော လူသတ်မှုကိုလည်းကောင်း၊ မည်သည့်အစိုးရကမျှ မဖမ်းဆီးနိုင်ကြပြီ။ မည်သည့်ကာယကံရှင်ကမျှလည်း တိုင်တန်းရကောင်းမှန်းမသိနိုင် ကြပြီ။
ထို့အတူ အလိုမကျ အားမရလေတိုင်း ဗျာပါဒစိတ်ဖြင့် စော်ကားနေသော လူသတ်မှု စသည်များကိုလည်းကောင်း၊ ကိုယ်နှုတ်မပါ လွဲမှားစွာ မြင်သိမှုတစ်ခုတည်းဖြင့် ဖိနှိပ်ကြိတ်ကြံနေသော တော်လှန်ပုန်ကန်မှု စသည်များကိုလည်းကောင်း၊ မည်သည့် အစိုးရမျှလည်း မတတ်နိုင်ရာပြီ။ မည်သည့်ကာယကံရှင်မျှလည်း မတတ်နိုင်ရာပြီ။ စင်စစ် တိုင်ပြည်အုပ်ချုပ်ရသူအစိုးရသည် ပြည်သူတို့၏ ကိုယ်နှုတ်မျှကိုသာ ပိုင်ဆိုင်ကြရာ၏။ စိတ်ကိုကား ကာယကံရှင်သော်မျှ မပိုင်ရာပြီ။ ဤကား စိတ်ဖြင့်သာ ပြုမူသည့် အကျင့်ပျက်သုံးမျိုးတည်း။
မှတ်ချက်။ ။ အထက်ပါ အကျင့်ပျက်ဆယ်မျိုးတို့နှင့် ယှက်နွယ်နေကြသော
က။ မိမိသူတစ်ပါး နှစ်ဦးသားတို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲစေပြီး လောကုတ်လောကီ နှစ်လီသောအကျိုးလည်းဆုတ်ယုတ်စေ၊
ခ။ မိမိသူတစ်ပါး နှစ်ဦးသားလုံးပင် ပစ္စုပ္ဗန်သံသရာ ထိုနှစ်ဖြာတို့၌ အတုံ့အလှည့်လည်း ဖြစ်ပေါ်စေ။ ဤအချက်နှစ်ချက်နှင့်ပြည့်စုံခိုင်လုံနေသည့် ကိုယ်ပြစ် နှုတ်ပြစ် စိတ်ပြစ်အားလုံးကိုလည်း ဤဒုစရိုက်အုပ်စုတို့အတွင်း၌သာ သွင်းယူကြပါလေ။
မကောင်းမှုအသက်ဝင် မကောင်းသော အသက်ရှင်ခြင်းပင်
ထိုဆယ်မျိုးတို့သည် အကုသလကမ္မပထဟူ၍လည်း အမည်တွင်ပါချေ၏။ အကုသလ ကမ္မပထဟူသည် အကုသိုလ်ကံ အကြံအောင်၍ အထမြောက်သွားသည်ကို ဆို၏။ ထိုသို့အထမြောက်လေသောအခါ
က။ ပြစ်မှုအားလျော်စွာ အစွဲစိတ်က မိမိနောက်သို့ ခြေရာခံလျက်က လိုက်နေခြင်း။
ခ။ ပြစ်မှုအားလျော်စွာ မကောင်းကျိုးများကလည်း ကြံပြော လှုပ်တိုင်း အငုတ်မှ အတက်ပေါက်လာခြင်း။
ဤအင်္ဂ`ါနှစ်ပါးစုံ အကုန်ဝင်လာရချေတော့သည်သာ။ ထိုအင်္ဂ`ါနှစ်ပါးစုံဖြင့် ကြံစည်ခြင်း၊ ပြောဆိုခြင်း၊ လှုပ်ရှားခြင်း ကံသုံးမျိုးတို့ကိုကား ဒုရာဇီဝ အမည်ရ၏။
ဒု- မကောင်းကံစု မကောင်းမှုဖြင့်။
အာဇီဝ- အသက်မွေးဝမ်းကျောင်းခြင်း။
ဒုရာဇီဝ- မကောင်းသော အကျင့်ဆိုး အကျင့်ပျက်များဖြင့် အသက်မွေးခြင်း။ ထိုသို့ စွဲစိတ်ခိုင်းရာ ကိုယ်လိုက်ပါလျက်ကကိုယ်ကလည်းလှုပ်၊ နှုတ်မှလည်း ဖွင့်၊ စိတ်ဖြင့်လည်း ကြံစည်လျက်က အသက်ရှင်နေသူကား မကောင်းသော အသက်ရှင်ခြင်းပင်။ အဘယ့်ကြောင့်ဟူမူ သူတစ်ပါးများထံမှ ဝဋ်တုံ့ဝဋ်လှည့်များစွာကို အကြွေးယူစားနေသောကြောင့်တည်း။ ထိုအကုသလကမ္မပထတို့၏ လက်သည်တရားခံကား မသိမှု အဝိဇ္ဖာပင် ဖြစ်ချေတော့သည်။
ကိုးကား။ ။ ဝနဝါသီဥေယျဓမ္မသာမိထေရ်၏ ဓမ္မောဝါဒကထာ။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
ဝီရဓမ္မ
https://www.facebook.com/photo.php?fbid=709427922431182&set=a.572785052762137.
No comments:
Post a Comment