စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"၀ါဆို ၀ါကပ်"



"၀ါဆိုလ"ဟူရာ၌ ၀ါ-မှာ ၀ါသ-ဟူသောပါဠိမှဆင်းသက်လာပြီး "နေခြင်း"ဟု အဓိပ္ပါယ်ရသည်။ ဆို-မှာ "ရွတ်ဆိုခြင်း"ဟု အဓိပ္ပါယ်ရသည်။
"၀ါဆိုလ" ၏အဓိပ္ပါယ်အပြည့်အစုံမှာ ရဟန်းတော်များ ၀ါတွင်း(မိုးတွင်း) သုံးလပတ်လုံး မိမိတို့သီတင်းသုံးရာကျောင်း၌နေပါမည်ဟု ရွတ်ဆိုကတိပြုသောလဟု အဓိပ္ပါယ်ရကြောင်း မှတ်သားရပါသည်။

ရှေးအခါက "၀ါဆိုလ" ကို "မြွယ်တာလ" ဟူ၍ခေါ်ဆိုကြောင်း သိရသည်။
မြွယ်-မှာ "လယ်မြေ" ဟူ၍အဓိပ္ပါယ်ရပြီး တာ-မှာ "တိုင်းတာခြင်း" ဟူ၍
အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ၀ါဆိုလကို ရှေးအခါက "မြွယ်တာလ =
လယ်မြေများတိုင်းတာသောလ"ဟူ၍လည်း အဓိပ္ပါယ်ရကြောင်း မှတ်သားရပါသည်။

ဤ၀ါဆိုလတွင် ဗုဒ္ဓဘာသာဝင်ရဟန်းသံဃာတော်များ မိုးတွင်းသုံးလပတ်လုံး မိမိတို့ကျောင်း၌ နေထိုင်ရန် ၀ါဆိုဝါကပ်ကြသည်။ ဗုဒ္ဓဘာသာဝင် ဒါယကာ/ဒါယိကာမတို့သည်လည်း ၀ါဆိုဝါကပ်တော်မူကြသော သံဃာတော် အရှင်သူမြတ်တို့အား မိမိတို့တတ်စွမ်းသည့် ၀ါဆိုသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ရဟန်းသံဃာတော်တို့သည် နှစ်စဉ်နှစ်တိုင်း ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော်မူကြပြီး သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့၌ ၀ါကျွတ်ကြသည်။

ပထမ၀ါဆို၊ ဒုတိယ၀ါဆိုအားဖြင့် ၀ါဆိုလနှစ်လရှိသောနှစ်
(၀ါထပ်သောနှစ်) တွင် ဒုတိယ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော်မူကြရသည်။ အရေးပေါ်ကိစ္စတစ်ခုခုကြောင့် ၀ါဆိုလ၌ ၀ါဆိုဝါကပ်ခြင်းမပြုနိုင်ကြသော ရဟန်းသံဃာတော်များမှာ ၀ါခေါင်လပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော် မူကြရပြီး တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့၌ ၀ါကျွတ်ကြရသည်။ ပုံမှန်ဝါဆိုလ၌ ၀ါဆိုဝါကပ်ခြင်းကို ပုရိမ၀ါဆိုသည်ဟု ခေါ်ဝေါ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ၀ါခေါင်လမှ ၀ါဆိုဝါကပ်ခြင်းကို ပစ္ဆိမ၀ါဆိုသည်ဟု ခေါ်ဝေါ်သည်။

ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ရခြင်းအကြောင်းမှာ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းသံဃာတော်များသည် နွေ, မိုး, ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည်သွားလာကြသည်။ မိုးတွင်းကာလ တောင်သူလယ်သမားတို့ လယ်ယာစိုက်ပျိုး ချိန်တွင် ခရီးလှည့်လည်ကြသော သံဃာတော်တို့ကြောင့် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ ပျက်စီးကြရသည်။ ထိုအခါ ဒကာ/ဒကာမ တောင်သူလယ်သမားများက ခရီးလှည့်လည်သွားလာ
ကြသော ရဟန်းသံဃာတော်များကို ကဲ့ရဲ့ပြစ်တင်ကြသည်။

"သာသနာပတိတ္ထိများသည်ပင် ဤကဲ့သို့မိုးတွင်းကာလ၌ ခရီးမသွားကြ၊ တိရစ္ဆာန်ငှက်များသည်ပင် ဤမိုးတွင်းကာလ၌ အရပ်တပါးသို့ မပျံသန်းကြဘဲ မိမိတို့အသိုက်အတွင်း၌ နေကြသည်။ ဤသာသနာတွင်း၌နေကြသော ငါတို့ကိုးကွယ်ရာ ရဟန်းတော်များသည် မိမိတို့နေရာ၌ အေးအေးဆေးဆေးမနေကြဘဲ မိုးတွင်းကြီး၌ ခရီးလှည့်လည်ကြသည်။ ထို့ကြောင့် ငါတို့စိုက်ပျိုးထားသော
ကောက်ပဲသီးနှံများ ပျက်စီးကြရသည်"။

ဤကဲ့သို့ ပြည်သူ/ပြည်သား ဒကာ/ဒကာမတို့က မိုးတွင်း၌ခရီးလှည့်လည်ကြသော ရဟန်းသံဃာတော်များကို ကဲ့ရဲ့ပြစ်တင်
စကားဆိုကြသည်။ ထိုအကြောင်းကို ဘုရားရှင်ကြားသိတော်မူသောအခါ ရဟန်းသံဃာတော်အားလုံး ၀ါတွင်း(မိုးတွင်း)ကာလ၌ ခရီးလှည့်လည်ခြင်းမပြုဘဲ ၀ါတွင်းသုံးလပတ်လုံး မိမိတို့၏ကျောင်းတိုက်
အတွင်း၌ ၀ါဆိုဝါကပ်ခြင်းပြု၍ ရဟန်းတရားပွားများအားထုတ်ရန် ပညတ်တော်မူသည်။ ထို့ပြင် ၀ါကျိုး ၀ါပြတ် ၀ါမကပ်ကြသော ရဟန်းတော်များအား ဒုက္ကဋ်အာပတ်သင့်စေဟု သိက္ခာပုဒ်ပညတ်တော်မူ
ခဲ့သည်။

ထိုကဲ့သို့ ၀ါဆိုဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များမှာ ၀ါမကျွတ်ခင် ၀ါတွင်း၌ အရေးအကြောင်းကိစ္စမရှိဘဲ အရပ်တပါးသို့ ညဥ့်အိပ်ညဥ့်နေ မသွားရပေ။ အကယ်၍ မဖြစ်မနေသွားရမည့် အရေးကြီးကိစ္စပေါ်လာလျှင် ၀ါပန်ပြီး သွားခွင့်ရှိသည်။ သို့သော် (၇)ရက်ကျော်အောင်နေခွင့်မရှိပေ။ ၀ါပန်သည့်နေ့မှ (၇)ရက်မကျော်မီ မိမိမူလသီတင်းသုံး ၀ါဆိုသည့်ဌာနသို့ ပြန်လာကြရသည်။ ဤသည်တို့မှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ခြင်းနှင့် ၀ါပန်ခြင်း အကြောင်းများ
ဖြစ်သည်။

( ထွန်းလင်းသစ် - ကန့်ဘလူ )
3 Treasures: Buddha, Dhamma & Sangha


https://www.facebook.com/photo.php?fbid=446309345466902&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...