''အရှင်ဘုရား...။ ဘယ်လိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံမှ ဗုဒ္ဓအလိုကျ ကန်တော့ပွဲလို့ ခေါ်နိုင်မလဲဘုရား။ ဘယ်လိုကန်တော့ပွဲမျိုးကို ငှက်ပျောသီးဘယ်လောက်ထိုးရမယ်။ ကန်တော့ပွဲအမျိုးအစား ဘယ်လောက်ရှိတယ်၊ ကန်တော့ပွဲလုပ်တဲ့အတွက် ဘယ်လိုအကျိုးတွေရမယ်ဆိုတာ သိချင်ပါတယ်ဘုရား'' ဟု ဒကာတစ်ဦးက မေးလာပါသည်။
''ကန်တော့''ဟူသော စကားသည် အပြစ်ရှိလျှင် ကျေစေရန်၊ အပြစ်မရှိလျှင် ကောင်းကျိုးချမ်းသာ ဖြစ်စေရန် ဤရည်ရွယ်ချက်နှစ်မျိုးဖြင့် ရိုသေညွတ်ခ မာန်ကိုချလျက် လက်အုပ်ဦးတင် ရှိခိုးခြင်းကိုပင် ဆိုလိုပါသည်။ အပြစ်ကို ပြေစေလိုရာ၌ ပါဠိလို ''ခမာပေသိ''ဟု ခမ-သဒ္ဒါဖြင့် သုံးနှုန်းပါသည်။ ကောင်းကျိုးရလိုရာ၌ ဝန္ဒတိ၊ နမာမိ စသည်ဖြင့် ဝန္ဒဓာတ်၊ နမုဓာတ်တို့ဖြင့် သုံးနှုန်းပါသည်။ ဗုဒ္ဓသာသနာတော်၌ ကန်တော့ခြင်းနှင့် ပတ်သက်၍ ဤကဲ့သို့ လက်အုပ်မိုး၍ ရှိခိုးခြင်း အမူအရာကိုသာ တွေ့ရပါသည်။ ဤကဲ့သို့ မာန်ချကန်တော့သဖြင့် ''အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း''ဟူသော ကောင်းကျိုးများ ရနိုင်ကြောင်းကိုလည်း ''အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎုာပစာယိနော''အစချီသော ဂါထာကို တွေ့ရပါသည်။
သို့သော် မေးလာသူ ဆိုလိုသည်က ဤကဲ့သို့သော ကန်တော့ခြင်းမျိုးကို ဆိုလိုသည်မဟုတ်။ အုန်းသီး၊ ငှက်ပျောသီးစသည်တို့ဖြင့် ပွဲထိုးထာခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့ အုန်းသီး၊ ငှက်ပျောသီးစသည် တို့ကို အဆောင်သဖွယ်ထား၍ ပွဲထိုးသည်ကိုမူ စာရေးသူကိုယ်တိုင် ပိဋကတ်မနှံ့စပ်ခြင်းကြောင့်လော၊ ပိဋကတ်ထဲတွင် မရှိခြင်းကြောင့်လော မသိ၊ ထေရဝါဒပိဋကတ်တွင် မတွေ့ဖူးပါ။ ထိုဒကာ မေးလိုသော ကန်တော့ပွဲကား ''ဘုရားပွဲ၊ တရားပွဲ၊ သံဃာပွဲ၊ သာသနာပွဲ၊ ဝိဇ္ဇာဓိုရ်ပွဲ၊ မဟာလာဘံလာဘ်ဖွင့်ပွဲ၊ ဓနသိဒ္ဓိပွဲ၊ စန်းလာဘ်ဖွင့်ပွဲ၊ မဟာဇေယျံပွဲ၊ အနေကဇာတင်ပွဲ၊ အနန္တငါးပါးပွဲ''စသည်ဖြင့် များစွာရှိပါသည်။ စာရေးသူ မသိနိုင်သော အခြားနည်းလမ်းများလည်း ရှိနိုင်ပါသေးသည်။
ယင်းတို့အနက် ထေရဝါဒဗုဒ္ဓသာသနာအတွင်းသို့ တိုက်ရိုက်ဝင်လာ၍ ဘုရားစင်ရှေ့၊ သံဃာတော်များရှေ့တွင် ရဲရဲတင်းတင်း နေရာယူထားသော ပွဲများမှာ ''ဘုရားပွဲ၊ တရားပွဲ၊ သံဃာပွဲ၊ သာသနာပွဲ၊ အနေကဇာတင်ပွဲ၊ အနန္တငါးပါးပွဲ''တို့ပင် ဖြစ်ပါသည်။ ယင်းကန်တော့ပွဲတို့ကိုသာ စိစစ်ရန်လိုပါသည်။ အခြားလောကီအစီအရင်ပွဲများကား သာသနာနှင့် မသက်ဆိုင်သဖြင့် စိစစ်ရန် မလိုပါ။
ဘုရားပွဲတွင် ပါဝင်သော ပစ္စည်းများမှာ ''အုန်းသီးတစ်လုံး၊ ငှက်ပျောသီး သုံးဖီး၊ ကွမ်းယာ၊ သပြေပန်း၊ ဆီမီးတစ်တိုင်၊ ရေတစ်ခွက်နှင့် အခြားလှူဖွယ်များ''ဖြစ်သည်။ ယင်းတို့အနက် အုန်းသီး၊ ငှက်ပျောသီး၊ ဆီမီး၊ သပြေပန်း၊ ရေတို့မှာ ဘုရားရှင်နှင့် အပ်စပ်ပါသည်။ လှူဒါန်းသည့် အနေဖြင့် ပြုလုပ်မူ ကုသိုလ်ရနိုင်ပါသည်။ ကွမ်းယာကိုမူ ဘုရားရှင်အား လှူသင့်မလှူသင့် စဉ်းစားရန် လိုပါသည်။ လှူသည့်အချိန်မှာလည်း ဘုရားရှင်တို့ သုံးဆောင်တော်မူသည့် နံနက်ချိန်သာ ဖြစ်သင့်ပါသည်။ ယခုမူ ထိုသို့ မဟုတ်ပေ။ လှူဒါန်းသည့်အနေဖြင့် ပွဲထိုးခြင်းလည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကန်တော့ပွဲထိုးပြီးသည်နှင့် ငှက်ပျောသီးများ မမှည့်မချင်း ဘုရားရှင်၏ ရှေ့တော်တွင် ချထားလိုက်ကြသည်။ မှည့်လျှင် စွန့်၍ စားကြတော့သည်။ မိမိစားမည့်ငှက်ပျောသီးကို မမှည့်ခင် ဘုရားရှေ့တွင် သိမ်းထားသည်နှင့်သာ တူနေပါသည်။
ထိုမျှသာမက ပွဲထိုးသူတို့သည် အုန်းသီးကိုလည်း ဘုရားရှင်ဘက်သို့ကြွက်မြီးအညှာကို လှည့်ထားရမည်။ ကွမ်းယာကိုလည်း လက်ဝဲဘက်မှ စ,ခေါက်၍ လက်ယာဘက်ဖြင့် ထပ်ရမည်။ ထိုခေါက်ထားသော မျက်နှာပြင်ကို အုန်းသီးဘက်သို့ လှည့်၍ မျက်နှာအုပ်ညှပ်နည်းဖြင့် ညှပ်ရမည်။ သာသနာပွဲထိုးရာ၌ကား အုန်းသီးကို အလယ်တွင်ထား၍ ငှက်ပျောသီး ငါးဖီးကို နံဘေးမှ ပတ်ရံ၍ ထည့်ရသည်။ အနန္တငါးပါး ပွဲထိုးလျှင် အောက်ခြေ၌ ငှက်ပျောသီးနှစ်ဖီးကို အညှာချင်းဆိုင် ထား၍ အုန်းသီးကို အလယ်မှ ထည့်ရမည်။ ထိုငှက်ပျောနှစ်ဖီး၏ အပေါ်တွင် ကျန်ငှက်ပျောသုံးဖီးကို အုန်းသီးအား ပတ်ရံ၍ ထည့်ရမည်။ အုန်းသီး၏ ကြွက်မြီးအညှာကို ဘုရားရှင်ဘက်သို့ လှည့်ထားရမည်။ ကွမ်းယာကိုလည်း မျက်နှာအုပ်ညှပ်ရမည်။ ဤသို့ ထိုးမှသာလျှင် သိဒ္ဓိမြောက်သော ကန်တော့ပွဲဟု ဆိုကြောင်း သူတို့ ယူဆကြပါသည်။ ဤအယူအဆသည် လောကီနည်းအစီအရင်မျှသာ ဖြစ်ပါသည်။ သာသနာနှင့် မည်သို့မျှ မသက်ဆိုင်ပါ။ မည်သည့်သိဒ္ဓိ မြောက်၍ မည်သို့သော ကောင်းကျိုးရနိုင်မည်ကိုလည်း စာရေးသူမသိပါ။ သို့သော် ဗုဒ္ဓသာသနာနှင့် ဆက်နွယ်နေသဖြင့် သာသနာ့အလိုနှင့်ကား ညှိနှိုင်းပြသင့်သည်ဟု ယူဆမိပါသည်။
သာသနာ့အလိုအရ ကန်တော့ခြင်း ပူဇော်ခြင်းမှာ အာမိသပူဇာ=ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်းနှင့် ဓမ္မပူဇာ=တရားဖြင့် ပူဇော်ခြင်းဟု နှစ်မျိုးရှိပါသည်။ ပစ္စည်းဝတ္ထုဖြင့် ပူဇော်လျှင် ဒါနမင်္ဂလာဖြစ်၍ ကောင်းမြတ်ပါသည်။ အပ်စပ်သော ပူဇော်ခြင်းမျိုး ဖြစ်ရန်ကား လိုပါသည်။ သို့မှသာ မိမိပြုသော ဒါနကုသိုလ်ကံ၏ ကောင်းကျိုးကို ရရှိခံစားနိုင်ပါလိမ့်မည်။
အထက်ပါနည်းအတိုင်း ကန်တော့ပွဲထိုးရာ၌ ပါဝင်သော ပစ္စည်းများကို စိစစ်ကြည့်ပါက အုန်းသီး၊ ငှက်ပျောသီးတို့သည် နံနက်ပိုင်းတွင် အလှူခံ၍ ထိုနေ့နံနက်တွင်သာ သုံးဆောင်ကောင်းသော (ယာဝကာလိက) လှူဖွယ်ပစ္စည်းများသာ ဖြစ်ပါသည်။ သို့ဖြစ်၍ ထိုပစ္စည်းများကို လှူလျှင် နံနက်ပိုင်းတွင်သာ လှူသင့်ပါသည်။ နေမွန်းတည့်လျှင် စွန့်ပစ်သင့်ပါသည်။ လှူရာ၌လည်း ဆွမ်းတော်ကပ်သကဲ့သို့ ဘုရားရှင်နှင့် သံဃာတော်များ ဘုဉ်းပေးသုံးဆောင်ရန် အတွက်ဟုသာ အာရုံပြု၍ လှူသင့်ပါသည်။ ထိုသို့လှူမှသာလျှင် အလှူခံကောင်းပါသည်။ သို့သော် အုန်းသီးသည် အပင်ပြန်ပေါက်နိုင်သော (ဗီဇဂါမ်)ပစ္စည်း ဖြစ်သဖြင့် အလုံးလိုက် အလှူမခံကောင်းပေ။ ခွဲစိတ်၍ဖြစ်စေ၊ အပင်မပေါက်နိုင်အောင် ဖျက်ဆီး၍ဖြစ်စေ လှူမှသာ အလှူခံကောင်း ပါသည်။ ဤသည်မှာ ဝိနည်းဒေသနာနှင့်အညီ စိစစ်ပြခြင်းသာ ဖြစ်ပါသည်။
ယခုပြုလုပ်နေကြသော ကန်တော့ပွဲများသည် တစ်ခါပြင်ပြီးသည်နှင့် ငှက်ပျောသီးမမှည့်မချင်း၊ အုန်းသီးမခြောက်မချင်း ဘုရားရှေ့တွင် ချထားလိုက်ကြသည်။ ငှက်ပျောသီးမှည့်လျှင် ဘုရားကို ကပ်ဖို့ပင် သတိမရတော့။ စွန့်၍စားကြတော့သည်။ ချက်ချင်းစား၍မရသည့် ငှက်ပျောသီးစိမ်းများကို ဘုရားရှေ့တွင် ပြန်ချထားကြပြန်ပါသည်။ ဤပုံစံဖြင့်သာ လှူပါက ဘုရားရှင်ကလည်း အလှူခံတော်မူမည် မဟုတ်ပေ။
တစ်ခါက ဆတ္တာသည်ဘဝမှ သင်္ကန်းဝတ်လာသော သုဘဒ္ဒရဟန်းသားအဖသည် ဘုရားရှင်အား ဆွမ်းကပ်ရန် ရဟန်းဘဝဖြင့် ဆတ္တာသည်အလုပ် လုပ်၍ ငွေရှာ၏။ ထိုငွေဖြင့် ဘုရားရှင်နှင့် သံဃာတော်များအား ဆွမ်းကပ်၏။ ဘုရားရှင်သည် ထိုသုဘဒ္ဒသားအဖလှူသော ဆွမ်းကို အလှူမခံသည့်အပြင် ''မောဃ ပုရိသ=အလကားကောင်''ဟုပင် ရှုတ်ချတော်မူခဲ့ပါသည်။ မအပ်စပ်သော လှူဖွယ်ဝတ္ထုများကို ဘုရားရှင်တို့ အလှူခံတော်မမူသည်ကို သတိပြုသင့်ပါသည်။
ထိုသို့ကန်တော့ပွဲထိုးခြင်းမျိုးသည် စားချိန်တန်မှ စွန့်ပစ်သဖြင့် ဘုရားရှင်အား လှူရာလည်း မရောက်နိုင်ပေ။ လှူရာမရောက်သဖြင့် ဒါနကုသိုလ်ကံမဖြစ်နိုင်၊ လှူသည့်လှူလည်း ဒါနအကျိုးကို မရနိုင်ပေ။ ဘုရားရှင်ဘက်သို့ အုန်းသီးအညှာကို လှည့်ထားသဖြင့် ဘုရားရှင်အတွက် အနှောင့်အယှက်ပင် ဖြစ်နိုင်ပါသေးသည်။ ထို့ကြောင့် ဗုဒ္ဓအလိုကျ ကန်တော့ပွဲမျိုးဖြစ်လိုလျှင် အပ်စပ်သော အချိန်၌ အပ်စပ်သော ပစ္စည်းဝတ္ထုဖြင့်သာ လှူဒါန်းပူဇော်ရပါမည်။ ယနေ့ပြုလုပ်နေသော ကန်တော့ပွဲမျိုးကား ဘုရားပွဲ၊ တရားပွဲ၊ သံဃာပွဲ၊ သာသနာပွဲဟုသာ ဆိုသော်လည်း သာသနာနှင့်မဆိုင်၊ လောကီပညာသက်သက်သာလျှင် ဖြစ်ပါသည်။ ထို့ကြောင့် သာသနာနှင့် ပတ်သက်သော ကုသိုလ်ကောင်းမှုအကျိုးကား မျှော်မှန်းသလောက် မရနိုင်ပါ။ လောကီအကျိုးရမည်မရမည်မှာမူ မိမိနှင့်မဆိုင်သဖြင့် ဤနေရာတွင် ချန်ထားလိုက်ပါတော့သည်။
http://theravadaessencial.blogspot.com
စာရေးသူ ဆောင်းပါးပေါင်းချုပ် ``ဖယ်ရှားပါ တွယ်ထားပါ´´ တွင် ရေးသားခဲ့သည့် ဆောင်းပါးကို အကျဉ်းချုပ်၍ တင်ဆက်ခြင်း ဖြစ်ပါသည်။
No comments:
Post a Comment