စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တပေါင်းလ (တပေါင်းလပြည့်နေ့ နှင့် ရွှေတိဂုံ ဘုရားပွဲ ပုံရိပ်တချို့ )


တပေါင်းလသည် မြန်မာပြက္ခဒိန်၏ နောက်ဆုံးလ။
တပေါင်းလတွင် ၃၀ ရက်ရှိသည် (ရက်စုံ)။
တပေါင် (တပေါင်း) ခေါ် ဆယ့်နှစ်လမြောက်လသည် ဖေဖော်ဝါရီ၊ မတ် အတွင်း ကျရောက်ပါသည်။ ထန်းပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။
ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်သည်။ ဤလ၏ အထိမ်းအမှတ် ပန်းသည် သရဖီပန်း (Calophyllum amnenum) ဖြစ်ပါသည်။
ပွဲတော်
တပေါင်းလတွင် ထင်ရှားသောပွဲတော်မှာ တပေါင်းပွဲတော် ဖြစ်သည်။
မြန်မာတို့ရဲ့ တပေါင်းလ
မြန်မာလများတွင် ၁၂ကြိမ်မြောက်လသည် တပေါင်းလဖြစ်လေသည်။ ပဌမလ၀က်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလ၀က်သို့ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။
ထို့ကြောင့် တပေါင်းလ သည် ဆောင်းတ၀က် နွေတ၀က်ဖြစ်၍
*** နေ့ ပူလို့ ညချမ်း၊ တပေါင်းလ သရမ်း ***
ဟု လူတို့ဆိုစမှတ် ပြုကြသည်။
၂၇လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်လာခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်းဟူသောစကားမှ ရွေ့လျားလာခြင်းကြောင့်လည်းကောင်း
တပေါင်းလ ဟုခေါ်တွင်သည်ဟုဆိုသည်။
ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။
မိန်ရာသီ၏ အရုပ်မှာ ငါး၂ကောင်ဖြစ်သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရ ဘရဂုဏ္ဏီတည်း။
သရဖီ ကိုရာသီပန်းအဖြစ် အသိအမှတ်ပြုကြသည်။ ယင်းလတွင်မြစ်များ ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များပေါ်ထွန်းသဖြင့်
သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်။
ထိုလ၌ နေထွက်ချိန် ၆နာရီ ၁၀မိနစ်ဖြစ်၍ နေ၀င်ချိန်မှာ ၅နာရီ ၅၀မိနစ်ဖြစ်သည်။
ထို့ကြောင့် နေ့တာ အနည်းငယ်တို၍ ညတာရှည်သည်။
တပေါင်းလသည် ဆောင်ကြွင်း နွေဦးလဖြစ်သဖြင့် လောက သဘာဝအလုံးသည်
သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောင့်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်သာယာလှပေသည်။
မြန်မာစာပေ လောကတွင် ရှေးစာဆိုများသည် တပေါင်းလကို အထူးဖွဲ့ဆိုရေးသားခဲ့ကြလေသည်။ အင်းဝခေတ် ရဟန်းစာဆိုရှင် ဥတ္တမကျော်သည် သူ၏တောလားကဗျာကြီး၌
တပေါင်း၏တင့်တယ် သာယာပုံကို
လေခမြေသက်၊ ဈာန်ဝိတက်သို့၊
သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊
သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊
ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊
တောလုံးလင်းသား ဟု ချီးကျူးဖွဲ့ဆိုခဲ့၏။
ရှင်အုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရှုချင်ဖွယ်ကောင်းပုံကို ဂါထာ၆၀ပျို့ တွင်
ကာဠုဒါယီအမတ် က မြတ်စွာဘုရားအား လျှောက်ထားသည့်ဟန်ဖွဲ့စပ်ဆိုထားခဲ့သည်။ ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီး ဦးကြင်ဥကမူ
ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည်
သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာညွန့်ငယ်တို့ ၊
ဖူးကွန့်ကိုက်စည်။
ဘမရာ ရွှေပိတုန်းငယ်တို့၊
ချွေသုံးကြ၀တ်ရည်၊
ဆွတ်ကြည်ဘွဲ့ဖော် ကွဲ။
ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်ထိုင်မှ၊
ညာဏ်မခိုင် ဈာန်ယိုင်လျောရတယ်၊
ရာသီတွင် ခါညီပြောပေပ၊ ကြော၍သာမြဲ။
ဟု တပေါင်းလ ၏ စာပန်းချီကိုသီကုံးခဲ့ပေသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ မှ....
လတပေါင်း
ဒီကနေ့ ဟာတပေါင်းလပြည့်နေ့ နှင့်
ရွှေတိဂုံ ဘုရားကြီး၏နှစ် ၂၆၀၀ပြည့်ပွဲတော်ကြီးကျင်းပရာနောက်ဆုံးနေ့  ဖြစ်သဖြစ်
မြန်မာ (၁၂) လရာသီမှ အထူးခြားဆုံးဖြစ်သော တပေါင်းလ အကြောင်းကို စာဖတ်သူများကို မျှဝေခံစားစေချင်စိတ်များ ဖြစ်ပေါ်လာသဖြင့် ရေးသားလိုက်ရပါ သည်။
မြန်မာစာပေသမိုင်းတွင် စာပေစတင် ရေးသားချိန်က တစ်ဆယ့်နှစ်လမြောက် တပေါင်းလကို တပေါင်လဟု ရေးသားခဲ့ကြသည်။
တပေါင်း ဟူသော ဝေါဟာရမှာ “တပ” ဟူသည့် ပါဠိဝေါဟာ၇မှ ဆင်းသက်လာပြီး
“တပ” သည် ပူပြင်းခြင်း အနက်ကို ဟောပေ၇ာ ပူပြင်းခြောက်သွေ့သော လဟုမှတ်ယူနိုင်သည်။
တပေါင်းလ၏ ရာသီရုပ်မှာ ငါးကြင်း၊ ရာသီပန်းမှာ သရဖီပန်းဖြစ်ပြီး နှစ်စဉ်ကျင်းပသော ပွဲတော်မှာ သဲပုံစေတီပွဲတော်ဖြစ်သည်။
တပေါင်းလရာသီရောက်လျှင် ပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ၊ စပါးတို့ ရိတ်သိမ်းပြီးချိန် ဖြစ်သဖြင့် တစ်နှစ်တာအတွက် ခေတ္တအနားယူချိန်လည်းဖြစ်သည်။
တပေါင်းလရာသီသို့ ရောက်လာလျှင် မြန်မာနိုင်ငံတ၀ှမ်းလုံး တောေ၇ာမြို့ပါမကျန် ဆိုင်းသံ၊ ဗုံသံ ခြီမ့်ခြီမ့်ညံကာ အလှူပွဲများ၊
ဘုရားစေတီပုထိုးများတွင် ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပကာ
သံသရာအတွက် လှူကြတန်းကြ ကုသိုလ်ယူကြသည်မှာ ကြည်နူးစရာ ကောင်းလှပါသည်။
သုံးလောကထွတ်ထား မြတ်စွာဘုရားသည် သစ်ပင်တောတောင် ပန်းမန်ရေမြေသဘာဝတို့ဖြင့် ဆွတ်ပျံ့ကြည်နှုးဖွယ် အဆင်းကျက်သရေဆောင်နေသော တပေါင်းလရာသီကို
အထူးတလည် ချီးပင့်လိုသောကြောင့် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ပင့်လျှောက်ချက်အရ ကပိလ၀တ်ပြည်ကြီးသို့ နောက်ပါ ရဟန်းငါးရာနှင့်အတူ ဒေသစာရီကြွချီလာခဲ့သော
ထူးမြတ်သော အခါသမယလည်းဖြစ်ပါသည်။
ထိုအကြောင်းကို အင်းဝခေတ်စာဆိုပညာရှင် ရှင်အုံးညိုက ဂါထာခြောက်ဆယ်ပျို့ဖြင့် တန်ဆာဆင်ရေးဖွဲ့ထားသည်မှာ ကြည်ညိုဖွယ်ကောင်းလှပါသည်။
မြတ်ဗုဒ္ဓသည် တပည့်ရဟန်းတို့အား အမြီုက်ရသာနှင့်ပြည့်ဝကုံလုံသော အသင်္ခတဓာတ်နိဗ္ဗာန်ကို ရေတံခွန်၊ စိမ့်စမ်း၊ ပန်းမန်၊ တောတောင်ရေမြေသဘာဝအလှတို့နှင့် တင့်တယ်လှသည့် တောအုပ်တောတန်းတခုနှင့်ခိုင်းနှိုင်းကာ
“၀နပ္ပဂုမ္ဗေ၊ ယထဖုသိတဂ္ဂေ၊ ဂိမှာနမာသေ၊ ပထမသ္မိဂိမှေ၊ တထူပမံဓမ္မ၀ရံအဒေသယိ၊ နိဗ္ဗာနဂါမိ။ ပရမံဟိတာယ” ဟု ရတနသုတ်တော်တွင် ထည့်သွင်းဟောကြားတော်မူခဲ့သည်။
ထေရ၀ါဒ ဗုဒ္ဓသာသနာကို ကိုးကွယ်ဆည်းကပ်ခွင့်ရသော မြန်မာတို့သည် အတုမရှိသော ဘုန်းတော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ကြည်ညိုသက်ဝင်ရာမှ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် အမွမ်းတင် ချီးကူးတော်မူခဲ့သည့် တပေါင်းလကို (၁၂) လရာသီထဲတွင် အမွန်မြတ်ဆုံး၊ အတင့်တယ်ဆုံးသော လထူးလမြတ်အဖြစ် အသိအမှတ်ပြုခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။
တပေါင်းလတွင် မြတ်ဗုဒ္ဒနှင့်ပတ်သက်သောထူးခြားသည့်ဖြစ်ရပ်များမှာ
မြတ်စွာဘုရားသည်ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့်မဂဓတိုင်းသားများကိုတရားရေအေးတိုက်ကျွေးလျက်ရှိပါသည်။
ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ
ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန်ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။
နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။
မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်းဖြစ်ကုန်ကြပါသည်။
ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄-ဂါထာ သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်းလျှောက်ထားလေသည်။
ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည်
ရဟန္တာပေါင်း ၂-သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာမျှ)ဒေသစာရီကြွချီတော်မူပါသည်။
ကာဠုဒါယီမထေရ်ကကပိလ၀တ်နေပြည်တော်သို့ကြွရောက်တော်မူရန်လျှောက်ထား
သည်ကို အကြောင်းပြု၍တန်ပေါင်းလပြည်နေ့ကိုပြည်တော်ဝင်အခါတောနေ့အဖြစ်ကျင်း
ပသည်။
တပေါင်းလ၏ရာသီပွဲတော်သည်သဲပုံစေတီပွဲတော်ဖြစ်သည်။
သဲများကိုစုပုံ၍ စေတီအသွင်တည်ကာသဗ္ဗညုမြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။
မြန်မာနိုင်ငံတွင်တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌
ရေစစ်ကာသဲခုံသောင်ခုံဖြူဖြူဖွေးဖွေးများပေါ်ထွန်းလာလေ့ရှိသည်။
တောင်သူဦးကြီးတို့သည်လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။
ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှသည်ကျေးလက်တောရွာများအထိခြိမ့်ခြိမ့်သဲဆင်ယင်ကျင်းပခဲ့ကြသည်။
သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။
မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။
ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။
*** ရှေးယခင်က ဥက္ကလာပတိုင်းဟုခေါ်တွင်ခဲ့သော ဒဂုံမြို၏တွင်
ရွှေတိဂုံစေတီစတင်တည်ထားခဲ့သည့်အချိန်မှာ တပေါင်းလဖြစ်သဖြင့်
တပေါင်းလပြည့်နေ့တွင်ရွှေတိဂုံဘုရားပွဲတော်ကျင်းပ သောအလေ့စတင်ခဲ့သည်။***
ရွှေတိဂုံဘုရားနှင့်သမိုင်းနှင့်ပတ်သက်၍အကျဉ်းမျှကိုဖေါ်ပြရမည်ဆိုလျင်....
ဒဏ္ဍာရီအဆိုအရ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ထားခဲ့ပါတယ် လို့ပြောကြပါတယ်။
ဗိသုကာပညာရှင်တွေကတော့ စေတီတော် ရဲ့ Stupa လက်ရာတွေအရ
၆ ရာစု နဲ့ ၇ ရာစုကြားက မွန်တွေ တည်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။
(မှတ်ချက်။ အမှန်က ယခုဖူးမြင်နေရသော ဥာဏ် တော်အမြင့် ၃၂၀ ပေကျော်မှာ မွန်မိဘုရားကြီးရှင်စောပု လက်ထက်က တည်ထားခဲ့ခြင်းဖြစ်သည်။
အပြင်ပန်း နှင့် ဓါတ်တော်သမိုင်းကို ခွဲခြားသိရန်လိုသည်။)
ရှေးပညာရှိများနှင့် ကျမ်းဂန်အထောက်အထားများအရ
ဗုဒ္ဓပရိနိဗ္ဗာန်မပြုခင်ကာလ (BC 486) ကတည်းက တည်ထားခဲ့ကြောင်း သိရပါတယ်။
ဒီစေတီရဲ့ မူလအစကတော့ ရာမညတိုင်းမှ ကုန်သည်နှစ်ဦးဖြစ်တဲ့ တဖုဿ နှင့် ဘလ္လိက ညီနောင်တို့ကို မြတ်ဗုဒ္ဓက ဆံတော်ရှစ်ဆူ ပေးသနားခြင်းမှစခဲ့ပါတယ်။
*** ညီနောင်နှစ်ပါးဟာ ဥက္က လာပမင်းကြီးရဲ့ အကူအညီနဲ့ သိဂုတ္တရတောင်ပေါ်မှာ ဆံတော် (၄) ဆူကို ရှေးရှေးသော ဘဒ္ဒကမ္ဘာမှ ဘုရား ၃ ဆူရဲ့ ဓါတ်တော်များကိုပါ စုပေါင်းပြီး ရွှေတိဂုံစေတီတော်အတွင်း ဠာပနာသွင်း လှူဒါန်းတည်ထားခဲ့ပါတယ်။***
ဓါတ်တော်ကြုတ်ကနေ ဠာပနာဖို့ ဆံတော်ကိုယူတဲ့အခါမှာ မယုံနိုင်သော ထူးခြားဆန်းကြယ်မှုတွေ ဖြစ်ခဲ့ပါ တယ်။
ဗုဒ္ဓ၏ မြင့်မြတ်တဲ့ ဆံတော်ကနေထွက်လာတဲ့ ရောင်ခြည်တော်တွေဟာဆိုရင်ဖြင့် အထက်ဘ၀ဂ်မှအောက်န ရက်၊ ငရဲပြည်အထိတိုင်အောင်ပါဘဲ။ြ
မတ်ဗုဒ္ဓ၏ တန်ခိုးတော်အစွမ်းသတ္တိတွေကြောင့် မျက်မမြင်တွေ စက္ခု အလင်းပြန်ရခဲ့ကြတယ်။ နားပင်သူတွေ ကြားနိုင်ကြသလို ဆွံ့အသူတွေလည်း ပြန်ကောင်းလာကြပါတယ်။ ကမ္ဘာမြေကြီးသိမ့်သိမ့်တုန်အောင် တုန်လှုပ်ခဲ့ပြီး
လေပြင်းမုန်တိုင်းတွေ ပင်လယ်ပြင်မှာ ကျရောက်ခဲ့ပါတယ်။
မေယုတောင်ကြီးတခုလုံး တုန်လှုပ်ခဲ့ပြီး လျှပ်စီးတွေလက်ပါတယ်။
ဒူးထိနစ်အောင်မိုးတွေရွာသွန်းပြီး အချိန်ရာ သီမဟုတ်ဘဲ ဟိမ၀န္တာတောင်တန်းမှ ပန်းပေါင်းစုံ၊ သစ်သီးမျိုးစုံ ဖူးပွင့်၊ သီးလာကြပါတော့တယ်။
သမိုင်းကိုပြန်ကောက်ရရင် မွန်ဘုရင်ဘုရားဦး မတိုင်ခင် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကဆိုရင် စေတီတော်ဟာ ယိုယွင်းလာခဲ့ပါတယ်။
ယခင်ဥာဏ်တော်ဟာ (၁၈) မီတာ ( ပေ ၆၀ ) သာ ရှိခဲ့ပါတယ်။
ခေတ်အဆက်ဆက်ပြု ပြင်မွမ်းမံခဲ့ရာ....
ယခုဖူးမြင်နေရသော ဥာဏ်တော်အမြင့် ( ၉၈ မီတာ ) ( ပေ ၃၂၀ ) ဟာ ၁၅ရာစုကမှဖြစ်ပါတယ်။
မွန်ဘုရင့် နိုင်ငံတော်ခေတ်မှာကြီးမားတဲ့ စေတီတော်ကြီး နှစ်ဆူဖြစ်တဲ့
ရွှေတိဂုံ နှင့် ရွှေမော်ဓော စေတီတော်ကြီးများကို ပြန်လည်မွမ်းမံတည်နိုင်ခဲ့ကြပါတယ်။
ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီဟာ အစပထမက ၂၇ ပေသာ ဥာဏ်တော်အမြင့်ရှိခဲ့ရာမှ မွန်ဘုရင်ဗညားဦးက ၁၃၆၂ မှာ ဥာဏ်တော် ၆၆ ပေထိ မြှင့်တင်တည်ခဲ့ပါတယ်။ ဓမ္မစေတီမင်း ရဲ့ ဆွေတော်မျိုးတော်ကြီးဖြစ်တဲ့ ယောက္ခမတော် ကြီး မိဖုရား ရှင်စောပု ( ၁၄၅၃-၇၂) က ဥာဏ်တော်အမြင့် မီတာ ၄၀ ( ပေ ၁၂၉ ) ကို မြှင့်တင်ခဲ့ပါတော့တယ်။
၁၄၇၂ မှာ မိဖုရားကြီးရှင်စောပု က ဓမ္မစေတီမင်းကို နန်းအပ်ပြီး အငြိမ်းစားယူရန်
ဒဂုံ ( ယ္ခု ရန်ကုန် ) ကို ဆင်း လာခဲ့ပါတယ်။
သူမ မသေခင်ခေါင်းချရာနေရာကနေ ရွှေရောင်တ၀င်းဝင်းနဲ့
မြင့်မြတ်တဲ့စေတီတော်ကြီးကို ဖူး မြင်လိုစိတ်ရှိခဲ့ပါတယ်။
၁၆ ရာစုနှစ်မှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ
မြန်မာနိုင်ငံအတွင်း လူသိအများ ဆုံး ဘုရားဖူးနေရာဖြစ်လာပါတော့သည်။
*** ရွှေတိဂုံ ဘုရားပွဲ ပုံရိပ်တချို့  ***





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...