စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမွှေးကံချစ်တော့ အချစ်ကံမွှေးတာပေါ့ (အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ)

အမွှေးကံချစ်တော့ အချစ်ကံမွှေးတာပေါ့ (အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ)

ရနံ့မွေးတဲ့ပန်းတွေ ပူဇော်ခဲ့တဲ့ကောင်းမှု၊ တစ်နည်းအားဖြင့် မွှေးရနံ့တွေ ပူဇော်ခဲ့ရတဲ့ကောင်းမှု ကြောင့် ဘာအကျိုးတွေရသလဲဆိုရင်တော့…တချို့  ဒကာ ဒကာမတွေက မေးလေ့ရှိကြတယ်။ " ဒါလှူရင် ဘာရမလဲ "။ " ဒါလှူရတဲ့အကျိုးတွေက ဘာတွေလဲ"။ သူတို့လှူထားတဲ့ပစ္စည်းလေးတွေ ပြောပြောပြီး မေးကြတာပေါ့။ ဘာပစ္စည်းဝထ္ထုပဲလှူလှူ ၊ အလှူခံပုဂ္ဂိုလ်အတွက် အကျိုးရှိတဲ့ပစ္စည်းဖြစ်မယ်ဆိုရင် ကောင်းမြတ်တဲ့ ကောင်းကျိုးချမ်းသာတွေ အကုန်ရမှာပါပဲ။
ဘာဒါနပဲပြုပြု အနည်းဆုံး သွားကြားထိုးတံပဲလှူလှူ ဒါနမှန်သမျှကတော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့လို့ခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားရယ်၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ အခြံအရံ၊ အကျော်အစောများခြင်း၊ သြဇာအာဏာ အရှိန်အ၀ါကြီးခြင်းဆိုတဲ့ အကျိုးငါးမျိုးရယ်၊ စုစုပေါင်း အကျိုးဆယ်မျိုးကတော့ ဒါနမပြုတဲ့ပုဂ္ဂိုလ်တွေထက် သာလွန်မှာပဲ။ အဲဒီအကျိုး ဆယ်မျိုးမှာ အဆင့်အတန်းမြင့်မားမှာပါပဲ။ ဘာပဲလှူလှူ လူချမ်သာ၊ နတ်ချမ်းသာ၊ ကောင်းတဲ့အကျိုးတွေ ကတော့ ရမှာချည်းပါပဲနော်။
ဆွမ်းလှူလို့ ဖြစ်လေရာဘ၀ အစားအသောက်ပဲ ပြည့်စုံတယ်၊ ၀တ်စရာမရှိဘူးလို့ ရှိပါ့မလား။ မရှိပါဘူး။ သင်္ကန်းလှူလို့ ဖြစ်လေရာဘ၀ အ၀တ်အစားပဲ ပေါတယ်၊ စားစရာမရှိဘူး၊ ငတ်ပြတ်နေတယ် ဆိုတာရောဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။
သွားကြားညပ်နေတဲ့ရဟန်းတစ်ပါးကို သွားကြားထိုးတံလှူလိုက်လို့ ဖြစ်လေရာဘ၀မှာ အစား အသောက်တွေလောက်ပဲ ပေါ၊ ၀တ်စရာမရှိ၊ နေစရာမရှိ ဆိုတာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။ သွားကြားထိုးတံလှူတာ တကယ်တော့ စားစရာလှူတာ မဟုတ်ဘူးနော်။ ဒါပေမဲ့ စားစရာနဲ့ ဆက်စပ်နေလို့ စားစရာပေါတယ်လို့ ပြောလိုက်တာ။ သွားကြားထိုးတံလှူလို့ သွားလှတဲ့အကျိုးပဲ ရမယ်၊ ဘေးရန်အန္တရာယ် ကင်းတဲ့ အကျိုးလောက်ပဲ ရမယ်လို့ ဒီလိုပြောလို့ မရပါဘူး။
ဆိုပါတော့။ ပန်းလေးတစ်ပွင်လှူလို့ နတ်သမီးလေးဖြစ်သွားတယ်။ နတ်သမီးဘ၀မှာ ပန်းလှူတဲ့ ကောင်းမှုကြောင့် လှပဲလှတယ်။ စားစရာမရှိ၊ ၀တ်စရာမရှိဆိုတာ ဖြစ်ပါ့မလား။ မဖြစ်ဘူးနော်။ ပန်းလှူရင် လှတယ်လို့ အကြောင်းအကျိုးအရ ပြောရပေမယ့် လှတဲ့ အကျိုးတစ်ခုတည်း ရတာတော့ မဟုတ်ပါဘူး။
အခု မွှေးရနံ့လှူတဲ့နေရာမှာလည်း ဒီလိုပါပဲ။ ကောင်းမြတ်တဲ့၊ လူသားတွေ နှစ်သက်မြတ်နိုး တောင့်တတဲ့ ကောင်းကျိုးချမ်းသာတွေ အကုန်ရနိုင်တာပါပဲ။ နတ်ပြည်ဆိုရင်လည်း နတ်တွေ နှစ်သက် မြတ်နိုးတောင့်တတဲ့ကောင်းကျိုးချမ်းသာတွေ အကုန်ရနိုင်တာပါပဲ။
ဒါပေမဲ့ ထူးခြားတာလေး ပါလာတယ်။ မွှေးရနံ့လှူရခြင်းကြောင့်၊ နံ့သာလှူရခြင်းကြောင့် ရနိုင်တဲ့ ကောင်းကျိုးချမ်းသာတွေ သူတို့ပြောပြတဲ့အထဲမှာ ထူးထူးခြားခြား နှစ်ချက်ပါပါတယ်။
တစ်အချက်က လူချစ်လူခင်၊ နတ်ချစ်နတ်ခင်ပေါများပါတယ်။ အများရဲ့  ချစ်ခင်မြတ်နိုးမှုကို ခံယူ ရပါတယ်။ ဒုတိယအချက်က ကိုယ်ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘယ်တော့မှ ခွဲခွာကွေကွင်းရခြင်း မရှိပါဘူးတဲ့။ ကဲ - ဒီအကျိုးနှစ်ခုက ထူးခြားမနေဘူးလား။
ဘယ်သူမဆို ချစ်သူခင်သူ မြတ်နိုးသူတွေ ၀ိုင်းဝိုင်းလည်ချင်ကြတာချည်းပါပဲ။ မြင်မြင်သမျှ လူတိုင်းက ကိုယ့်ကို ချစ်ခင်ကြတယ်ဆိုရင် သဘောကျကြတာပဲပေါ့။ လူတိုင်းလူတိုင်း အချစ်ကံကောင်းချင် ကြပါတယ်။ ဒါကြောင့်မို့ ပီယဆေး စွမ်းသတဲ့ဆိုရင် ဆောင်ကြတာပေါ့။
ဘယ်သူမဆိုပါပဲ။ ကိုယ့်ကို အများက ချစ်ခင်မြတ်နိုးစေချင်ကြပါတယ်။ ချစ်တယ်ဆိုတာက သမီးရည်းစားသဘောမျိုးချစ်တာ၊ ဖိုမဆိုင်ရာသဘောမျိုး ချစ်တာကို ဆိုလိုတာမဟုတ်ပါဘူး။ အမေအရွယ် ပုဂ္ဂိုလ်တွေကလည်း ကိုယ့်ကို သားသမီးလိုချစ်မှာပေါ့။ သားသမီးအရွယ်တွေဆိုရင်လည်း ကိုယ့်ကို မိဘလို ချစ်မှာပေါ့။
အသက်အရွယ်အားလျော်စွာ ညီအကိုအရင်းလို၊ ညီအမအရင်းလို၊ မောင်နှမအရင်းလို၊ တူ-တူမ အရင်းလို၊ မြေးအရင်းလို ချစ်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ ချစ်သူချစ်နဲ့ပဲချစ်ချစ်၊ မိသားစုချစ်နဲ့ပဲ ချစ်ချစ်၊ မိတ်ဆွေချစ်နဲ့ပဲချစ်ချစ်၊ ကိုယ့်ကိုချစ်သူတွေ များတယ်ဆိုရင် လူတိုင်းကြိုက်တာပါပဲ။
လူချစ်လူခင်ပေါများတယ်ဆိုတာ မကောင်းဘူးလား။ ကောင်းတာပဲ။ အဲဒီတော့ လူချစ်လူခင် ပေါများချင်တယ်ဆိုရင် ဘာကောင်းမှုလုပ်ရမှာတုံး။ ရနံ့မွှေးတဲ့ပန်းတွေ ပူဇော်ရမှာပေါ့။ ရနံ့မွှေးတဲ့ပန်းတွေနဲ့ ဘုရားကိုပူဇော်မယ်။ ရဟန်းသံဃာကို လှူဒါန်းမယ်။ ဒါမှမဟုတ်လည်းပဲ ကိုယ့်မိတ်ဆွေကို ရေမွှေး လက်ဆောင်ပေးမယ်ဆိုရင် ဒါ မွှေးရနံ့လှူတာပဲ မဟုတ်ဘူးလား။
ရနံ့မွှေးတဲ့ပန်းပဲဖြစ်ဖြစ်၊ ရေမွှေးပဲဖြစ်ဖြစ် အမွှေးနံ့သာတစ်ခုခုကို လှူမယ်ဆိုရင် ဖြစ်လေရာ ဘ၀တိုင်းမှာ လူချစ်လူခင် ပေါများပါတယ်။ ချစ်သူခင်သူ မြတ်နိုးသူတွေ ၀ိုင်းဝိုင်းလည်နေတတ်ပါတယ်။ ချစ်သူချစ် အချစ်ကံရော၊ မိတ်ဆွေချစ် အချစ်ကံရော အချစ်ကံကောင်းပါတယ်။ ဒါကလည်း အကြောင်းအကျိုး ဆက်စပ်ပြီး စဉ်းစားကြည့်ရင် သဘာဝကျပါတယ်။
နံစော်နေတဲ့သူနဲ့ မွှေးကြိုင်နေတဲ့သူ ဘယ်သူ့နားကပ်ချင်တုံး။ မွှေးကြိုင်နေတဲ့သူနားပဲ ကပ်ချင်တာ ပေါ့။ ဒါသဘာဝပါပဲ။ ရနံ့လေး မွှေးကြိုင်နေတယ်ဆိုရင် မွှေးကြိုင်နေတဲ့ပုဂ္ဂိုလ်ကို ချစ်ခင်တဲ့စိတ်လေး ဖြစ်တာပေါ့။ ဟိုလို ချစ်ခင်တာကို ဆိုလိုတာမဟုတ်ဘူးနော်။ သူငယ်ချင်း အချင်းချင်း ဆိုရင်လည်း ရနံ့လေးမွှေးနေတဲ့ သူငယ်ချင်းအနားပဲ ကပ်ချင်တာပေါ့။
အဲဒီတော့ မွှေးရနံ့ဟာ တစ်ဖက်သားရဲ့  ချစ်ခြင်းကို ဆွဲဆောင်ခေါ်ယူတတ်တဲ့သဘော ရှိတယ်နော်။ " ကြည်ချင်ရင် ဖီလင်ကို ဆွတ်ပါ " တဲ့။ ဖီလင်ရေမွှေးရဲ့  ကြော်ငြာစာသားလေးရှိတယ် မဟုတ်လား။ ဖီလင်နဲ့ ကာရန်ကိုက်အောင် လုပ်ထားပေမယ့် ဘယ်ရေမွှေးမဆို ဒီသဘောပါပဲ။ " ကြည်ချင်ရင် ဆွတ်ပါ " ပေါ့နော်။
ဘယ်ရေမွှေးမဆိုပါပဲ။ ရေမွှေးအသစ် မိတ်ဆက်ပြီဆိုရင် မဂ္ဂဇင်းတို့၊ ဂျာနယ်တို့မှာ တွေ့တာပဲလေ။ " ဒီရေမွှေးက ဆွဲဆောင်မှု အပြည့်ရှိတယ်။ စွဲလမ်းမှုကို ဖြစ်စေတယ်။ လူတစ်ဖက်သားရဲ့  စွဲမက်မှုကို အပြည့်အ၀ သိမ်းကျုံးယူနိုင်တဲ့ ရေမွှေးလေးပါ " ဆိုပြီးတော့ ရေမွှေးကို ကြော်ငြာကြတယ်။
ရနံ့မွှေးတဲ့ အရာဝထ္ထုဟာ တစ်ဖက်သားရဲ့  ချစ်ခြင်းမေတ္တာကို သိမ်းကျုံးယူငင်နိုင်တဲ့သတ္တိရှိပါတယ်။ ဒါ့ကြောင့် ချစ်ခြင်းကို ဖြစ်စေတတ်တဲ့ အမွှေးရနံ့ကို လှူရတဲ့ကုသိုလ်ကြောင့် အဲဒီကုသိုလ်ပိုင်ရှင်ကလည်း ဖြစ်လေရာဘ၀တိုင်း တစ်ဖက်သားရဲ့  ချစ်ခြင်းမေတ္တာကို လက်ခံရရှိပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ကံကောင်းပါတယ်။
နောက်တစ်ချက်က ချစ်တဲ့သူတွေနဲ့၊ ချစ်ခင်နှစ်သက်တဲ့ပုဂ္ဂိုလ်တွေနဲ့ ဘယ်တော့မှ မခွဲခွာ မကွေကွင်းရဘူး။ " ပိယေဟိ ၀ိပ၌ယောဂဒုက္ခ " ကင်းတယ်ပေါ့။
ကိုယ်ချစ်တဲ့ မိဘတို့၊ ညီအစ်ကို မောင်နှမတို့၊ ဆွေမျိုးမိတ်ဆွေတို့ ၊ အပေါင်းအသင်း သူငယ်ချင်း တို့နဲ့ မခွဲခွာရဘူး၊ မကွေကွင်းရဘူး၊ မဝေးရဘူး ဆိုတာလည်း မကောင်းဘူးလား။ ကောင်းတာပဲ။ ဘယ်သူမှ ကိုယ်ချစ်တဲ့သူတွေနဲ့ မခွဲခွာချင်ကြပါဘူး။
မွှေးရနံ့ဟာ ရနံ့ရတဲ့ပုဂ္ဂိုလ်ကို ချစ်လည်းချစ်စေတယ်၊ စွဲလည်း စွဲစေတယ်။ မွှေးရနံ့လေး ရတယ်ဆိုရင် ရတဲ့သူက မွှေးတဲ့သူအပေါ်မှာ ချစ်ရုံတွင် မကဘူး၊ စွဲလည်းစွဲသွားတယ်။ စွဲမနေဘူးလား။ သူ့သဘာဝကိုပြောတာလေ။ စားမ၀င် အိပ်မပျော် စွဲလမ်းနေတာမျိုးကို မဆိုလိုဘူးနော်။ ချစ်စိတ် ခိုင်မြဲသွားတာကို ပြောတာ။
မွှေးရနံ့ဟာ တစ်ဖက်သားရဲ့  ချစ်ခြင်းမေတ္တာကို ရေရှည်လည်း ထိန်းထားနိုင်တဲ့အတွက်ကြောင့် ချစ်ခြင်းကို ရေရှည်ထိန်းထားနိုင်တဲ့ မွှေးရနံ့ လှူရတဲ့ ကုသိုလ်ကောင်းမှုပိုင်ရှင်ဟာလည်း ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘယ်တော့မှ မခွဲခွာ မကွေကွင်းရပါဘူး။
အမွှေးကံချစ်တော့ အချစ်ကံမွှေးတာပေါ့။ မွှေးရနံ့သင်းတဲ့ပစ္စည်းဝထ္ထုတွေ ပေးလှူဖို့ ၀ါသနာပါတာ၊ ၀ါသနာပါတဲ့အတိုင်းလည်း လှူနေ၊ ပေးနေတာဟာ အမွှေးကံချစ်တာပါ။ ချစ်ခင်သူတွေများတာ၊ ချစ်ခင် သူတွေနဲ့ မခွဲခွာ မကွေကွင်းရတာဟာ အချစ်ကံမွှေးတာပါ။ အမွှေးကံချစ်ရင်တော့ အချစ်ကံမွှေးမှာပါပဲ။
ဒီလိုပြောလိုက်လို့ ကိုယ့်ကိုချစ်အောင်၊ ကိုယ့်ကိုစွဲအောင်ဆိုပြီး ရေမွှေးတွေ နင်းကန်မဆွတ်ကြနဲ့ ဦးနော်။ ရေမွှေးအရမ်းဆွတ်ရင်လည်း ချစ်စရာမကောင်းတော့ဘဲ မုန်းစရာကောင်းသွားလိမ့်မယ်။ မွှေးလွန်းသည့်ပန်း မနမ်းဝံ့ပါကိုး။ မွှေးလွန်းတော့လည်း နံသွားတာပဲ။
အထူးသဖြင့် ဘုန်းကြီးကျောင်းသွားတဲ့အခါ၊ ဆရာတော်သံဃာတော်တွေဆီ သွားတဲ့အခါမျိုးမှာ ရေမွှေးကို လွန်လွန်ကဲကဲ ဆွတ်သွာတာမျိုး ရှောင်ကြဉ်ရမယ်။ ရေမွှေးနံ့က ပြင်းလွန်းတော့ မွှန်ပြီး အနံ့ မခံနိုင်တော့ဘူး။ မမွှေးတော့ဘဲ နံနေတော့တာ။ ရေမွှေးနင်းကန်ဆွတ်ထားတဲ့လူမျိုးလာရင် ဦးဇင်းတို့ ကတော့ မြန်မြန်ပြန်စေချင်နေတော့တာပဲ။ အနံ့မခံနိုင်လို့။ သည်းခံပြီး ခံမယ်ဆိုရင်တော့လည်း ရတာပေါ့ လေ။ ဒါပေမဲ့ ဒီအနံ့က ကျန်းမာရေးအတွက်လည်း လုံးဝမကောင်းလို့ပါ။
ထားပါတော့လေ။ ဒါကတော့ တစ်ပိုင်း တစ်ကဏ္ဍပြောရမှာပေါ့။ ရေမွှေးဆွတ်ထားတဲ့ကိစ္စက ရှုထောင့်အမျိုးမျိုးကနေ ချဉ်းကပ်ရမှာပါပဲ။ သူ့နေရာနဲ့သူ ပြောလည်း ပြောခဲ့ပြီးပါပြီနော်။ ရေမွှေးနံ့ဆိုတာ မာယာရနံ့ပဲ…ဘာညာနဲ့ သံဝေဂရှုထောင့်ကနေ အစွဲကင်းအောင် ပြောခဲ့ပြီးပါပြီ။
တချို့  တရားပွဲတွေမှာ တရားဟော ပလ္လင်ရဲ့  နောက်မှီမှာ ရွှေပန်းတွေ ချိန်ဆွဲထားတတ်တယ်။ အနံ့ပြင်းလွန်းတဲ့အတွက် တရားဟောရတာ သမာဓိပျက်ပါတယ်။ ဦဇင်းတို့တော့ အဲဒီလိုမျိုးတွေ့ရင် တရားမဟောခင် အမြဲဖြုတ်ခိုင်းပါတယ်။ ပလ္လင်နောက်မှီမှာရော၊ ပလ္လင်ရှေ့  ပန်းအိုးတွေမှာရော၊ မိုက်ခရိုဖုန်းမှာရော ရွှေပန်းတို့လို အနံ့ပြင်းတဲ့ပန်းတွေ လုံးဝမသုံးသင့်ပါဘူး။
အနံ့မပြင်းတဲ့ပန်းတွေကိုလည်း လွန်လွန်ကဲကဲ အများကြီး မသုံးသင့်ပါဘူး။ များလွန်းသွားရင် အနံ့ပြင်းသွားတာပါပဲ။ တရားဟောပလ္လင်နဲ့ အနီးကပ်ကို ပြောတာပါနော်။ တရားဟောဆရာတော် စိတ်အနှောင့်အယှက်မဖြစ်အောင်လို့ပါ။ တရားဟောပလ္လင်နဲ့ အနီးကပ်မဟုတ်တဲ့နေရာတွေ၊ တရားဟော စင်မြင့်တို့၊ လျှောက်လမ်းတစ်လျှောက်တို့ …စတဲ့ နေရာတွေမှာတော့ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလို ဆန္ဒရှိသလောက် ပူဇော်နိုင်ပါတယ်။
ပန်းအလှပြင်တယ်လို့ သဘောမထားဘဲ တရားတော်ကို ပန်းနဲ့ပူဇော်တယ်လို့ သဘောထားရင် ပူဇော်နိုင်လေ အကျိုးကြီးလေပါပဲ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...