ပစ္စေကဗုဒ္ဓါနှင် သမ္မာသမ္ဗုဒ္ဓတို့ မည်ကဲ့သို့ ထူးခြားပါသနည်း၊ ပစ္စေကဗုဒ္ဓါများသည် ပဋိသမ္ဘိဒါလေးပါး ရနိုင်ပါသလား၊ အကယ်၍ ရနိုင်သည်ဆိုလျင် ပဋိဘာနပဋိသမ္ဘိဒါကို ရပါလျက် အဘယ့်ကြောင့် သူတပါးနား လည်အောင် တရားမဟောနိုင်ရပါသနည်း..
ဖြေ။ ။ ပစ္စေကဗုဒ္ဓါနှင့် သမ္မာသမ္ဗုဒ္ဓရဲ့ ထူးခြားချက်တွေထဲက တခုကတော့
ပါရမီဆည်းပူးတဲ့အချိန်ပိုင်း ဟာ ထူးခြားမှု ရှိတယ်၊
သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားအလောင်းတော်တွေကျတော့ အနည်းဆုံး လေးအသင်္ချေနဲ့
ကမ္ဘာတစ်သိန်း၊ လေးအသင်္ချေဆိုတာ မရေမတွက်နိုင်တဲ့ ကမ္ဘာပေါင်းလေးခါ ကြုံရတယ်၊
တချို့က ပြောကြ တယ်၊ လေးလို့ ဆိုရဲ့သားနဲ့ ဘာဖြစ်လို့
အသင်္ချေမရေမတွက်နိုင်ရတာလဲ လို့ ပြောကြတယ်၊ ဒီလိုစဉ်းစား
လေ့ရှိကြတယ်၊မဟုတ်ပါဘူး၊ မရေမတွက်နိုင်တဲ့ကမ္ဘာပေါင်းလေးခါ ကြုံရမယ်လို့
ဆိုလိုတာပါ၊
၁။ ဆိုပါစို့၊ ဒီပင်္ကရာမြတ်စွာဘုရားပွင့်ပြီး ကောဏ္ဍညဘုရား ပွင့်တယ်၊
အဲဒီဘုရားနှစ်ဆူအကြားမှာ ကမ္ဘာပေါင်း ဘယ်လောက်ဆိုတာ မရေမတွက်နိုင်ဘူး၊
အဲဒီလောက် ကြာပြီးမှ ကောဏ္ဍညမြတ်စွာဘုရား ပွင့်လို့ အဲဒါကို တစ်အသင်္ချေလို့
ယူတယ်၊
၂။ ကောဏ္ဍညမြတ်စွာဘုရားပွင့်ပြီးတဲ့အခါမှာ မင်္ဂလဘုရားပွင့်ဖို့
ကမ္ဘာပေါင်းဘယ်လောက်ကြာတယ် ဆိုတဲ့အရေအတွက်မရှိဘူး၊ အဲဒါကို
တစ်အသင်္ချေဆိုတော့ နှစ်အသင်္ချေ လွန်သွားပြီ၊ အဲဒီလို ကမ္ဘာတွေ ကို ပြောတာပါ၊
၃။ မင်္ဂလမြတ်စွာဘုရားနဲ့ နာရဒမြတ်စွာဘုရားရဲ့
ကြားကာလမှာကမ္ဘာပေါင်းဘယ်လောက်ဆိုတာ မရေ မတွက်နိုင်တဲ့အတွက်ကြောင့် အဲဒါကို
တစ်အသင်္ချေပေါ့၊
၎။ နောက် အနောမဒဿီမြတ်စွာဘုရားနဲ့ ပဒုမုတ္တရမြတ်စွာဘုရားကြားကာလမှာလည်း
ကမ္ဘာပေါင်း ဘယ်လောက်ကြာတယ် ဆိုတာ အရေအတွက်မရှိသည့်အတွက်ကြောင့် တစ်အသင်္ချေ
အားလုံးပေါင်းလိုက် တဲ့အခါ လေးအသင်္ချေ၊
ပြီးတော့မှ ပဒုမုတ္တရမြတ်စွာဘုရားရဲ့ ဒီဘက်ကျတော့မှ ကမ္ဘာပေါင်း တစ်သိန်း၊ အဲဒါကို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်၊
ပစ္စေကဗုဒ္ဓါတွေကျတော့ အဲဒီလောက် ပါရမီဖြည့်စရာမလိုဘူး၊ နှစ်အသင်္ချေနှင့်
ကမ္ဘာတစ်သိန်းဆိုလျင် ပစ္စေကဗောဓိဥာဏ်က ရင့်ကျက်သွားတယ်၊
ပစ္စေကဗုဒ္ဓါဖြစ်နိုင်တဲ့အဆင့် ရှိသွားပြီ၊ အဲဒီတော့ ပစ္စေက ဗုဒ္ဓါ တွေမှာလည်း
ပစ္စေက- ဆိုတာ အသီးအခြား လို့ အဓိပ္ပါယ်ရတယ်၊ သီးခြားဆိုတာ ဘယ်သူ့မှ
ဆရာမတင်ပဲ၊ ဘယ်သူ့ဆီကမှ နည်းမယူဘဲနဲ့ သီးခြားကိုယ်ပိုင်ဥာဏ်နဲ့ ဗုဒ္ဓဖြစ်တယ်
လို့ ဆိုလိုတယ်၊ သူ့လမ်းကြောင်း သူ့ဘာသာ ထိုးထွင်းသိတယ်ပေါ့၊ သို့သော်
ပစ္စေကဗုဒ္ဓါတွေက နောက်ဆုံးမှာ ပဋိသမ္ဘိ ဒါဥာဏ်တွေ ရရှိထား သော်လည်း
သူတို့မရတဲ့ ဥာဏ်နှစ်မျိုး ရှိသေးတယ်၊ အဲဒီဥာဏ်က ဘာတုံးဆိုလျင် ဣန္ဒြိယ
ပရောပရိယတ္တိ ဥာဏ်နဲ့ အာသယာနုသယဥာဏ်ပါ။
ဣန္ဒြိယပရောပရိယတ္တိဥာဏ်ဆိုတာ ဆိုပါစို့ နှိုင်းတော့ မနှိုင်းကောင်းဘူး၊
စာတော့တတ်တယ်၊ စာမသင် တတ်ဘူး၊ တစ်ချို့ ကိုယ်တိုင် တတ်ကြတယ်လေ၊ နားလည်အောင်
မပြောပြတတ်ဘူး၊ ဆရာမလုပ်တတ် ဘူးပေါ့၊ ဆရာလုပ်တယ် ဆိုတာကလည်း
အရည်အချင်းတရပ်ပဲ၊ သူများနားလည်အောင် ပြောတာ အရည်အချင်း တရပ်ပဲ၊
သိတိုင်းလည်း နားလည်အောင်မပြောတတ်ဘူး၊ ဘာဖြစ်လို့ နားလည်အောင် မပြောတတ်လဲ
ဆိုတော့တရားနာတဲ့ ပုဂ္ဂိုလ်များရဲ့ သဒ္ဓါစွမ်းအား၊ ၀ီရိယစွမ်းအား၊
ပညာစွမ်းအားတွေ၊ သမာဓိစွမ်းအားတွေဟာ ရင့်ကျက်ပြီလား၊ မရင့်ကျက်သေးဘူးလား
ဆိုတာ မဆုံးဖြတ်နိုင်ဘူး၊ မဆုံးဖြတ် နိုင်သည့်အတွက်ကြောင့် သူဟောတဲ့တရားဟာ
တည့်ချင်မှ တည့်တယ်၊
နောက်တခုက အာသယာနုသယဥာဏ်ဆိုတာ တရားနာတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်နေသဘောထား
အဲဒီအခြေ အနေ တွေက ဘယ်လိုရှိသလဲ ဆိုတာ မသိဘူး၊ အဲဒီလို သိနိုင်လောက်အောင်
ဥာဏ်မထက်မြတ်ဘူး၊ မထက်မြတ် သည့်အတွက်ကြောင့် ဒီပုဂ္ဂိုလ်ကို ဒီစကားလုံးလေး
သုံးပြီးတော့ နားလည်အောင် ဘယ်လိုပြောမယ်၊ ဟိုပုဂ္ဂိုလ်ကိုကျတော့
ဟိုစကားလုံးသုံးပြီး နားလည်အောင် ဘယ်လိုပြောရမယ် ဆိုတဲ့ teacher’s
abilities ဆရာအရည်အချင်း မရှိဘူးပေါ့။
သမ္မာသမ္ဗုဒ္ဓကျတော့ teacher’s abilities က အပြည့်အ၀ရှိတယ်၊
လိမ္မာကျွမ်းကျင်တဲ့နေရာမှာ အသာ ဆုံးဖြစ်တယ်၊ ဒါကြောင့်မို့
အနုတ္တရောပုရိသဒမ္မသာရထိ တဲ့၊ ဆုံးမတဲ့နေရာမှာတော့ အကျွမ်းကျင်
ဆုံးပုဂ္ဂိုလ်လို့ ပြောတာ၊ ဒီပုဂ္ဂိုလ်ကို ဒါနဲ့ တန်တယ်၊ ဟိုပုဂ္ဂိုလ်ကျတော့
ဟိုဟာနဲ့တန်တယ် ဆိုတာ အကုန်သိတယ်၊
ဆင်းတုတော်၊ ရုပ်တုတော် ရှိခိုးခြင်း မဟုတ်ပါ
ဥပမာ ၀က္ကလိလို ပုဂ္ဂိုလ်မျိုးကျတော့ သူက ဘုရားကို
ကြည်ညိုတဲ့သဒ္ဓါကနေပြီးတော့ သဒ္ဓါလွန်ပြီး တဏှာဖြစ်နေတယ်၊ ဘုရားရဲ့
ရုပ်အဆင်းတော်မှာ တပ်မက်တဲ့တဏှာတွေ ဖြစ်လာတယ်၊ ဒါကြောင့်မို့ ၀က္ကလိကို
မြတ်စွာဘုရားက စကားခပ်မာမာပြောခဲ့တာ၊ ကိံ တေ ၀က္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန-
ဒီအစဉ်ထာဝရ မတင့်တယ်ဘဲ ပုပ်တဲ့ခန္ဓာကိုယ်ကြီးကို ကြည့်နေလို့
ဘာအကျိုးရှိမှာလဲ၊ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ- ဓမ္မကို မြင်မှ ငါဘုရားကို
မြင်နိုင်မှာ၊ ဟုတ်တာပေါ့၊ ဘုရားနဲ့ တွေ့နေပေမယ့်
ဓမ္မမသိလိုက်ရတဲ့ပုဂ္ဂိုလ်တွေက ဘာမှ မထူးဘူးလေ၊ တွေ့တာနဲ့ မဆိုင်ဘူး၊
ဥပမာ ပသေနဒီကောသလမင်းကြီးတို့ဆို သာမန်ဒါန သီလလောက်နဲ့ပဲ ပြီးသွားတယ်၊
သောတာပတ္တိမဂ် ဖိုလ်ဆိုတဲ့အဆင့်ကို မရောက်ရှာဘူး၊ အဲဒီတော့ ဓမ္မကို
မမြင်လို့ရှိရင် ခုနက ထူးခြားတဲ့ အသိဥာဏ်မျိုး ရမှာမဟုတ်ဘူး၊ ဒါကြောင့်မို့
ဓမ္မ မမြင်လျင် ငါ့မမြင်တာနဲ့ အတူတူပဲ တဲ့။ ဘုရားလက်ထက်က သာဝတ္ထိမှာ လူတွေ
အများကြီးရှိတာပဲ၊ လူဦးရေ အများကြီးရှိတယ်၊ တချို့ဆို လုံးဝ
မသိတာတွေအများကြီး၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဓမ္မကိုမြင်မှ ငါ့ကို
မြင်တယ်ဆိုတာ ဟုတ်တယ်၊ အဲဒီလို ၀က္ကလိလိုပုဂ္ဂိုလ်မျိုး ကျတော့ အဲဒီလို
စကားခပ်မာမာပြောမှ သူ့သန္တာန်မှာ ရှိတဲ့ attachment သံယောဇဉ်ကို ဖယ်နိုင်
မှာဖြစ်တယ်။
အဲဒါကို နေရာတကာတိုင်း ယူပြီးတော့ ကြည့်ပါလား ၀က္ကလိကိုတောင်
ငေါက်တယ်ပေါ့၊ ငါဘုရားကို ဖူးမနေနဲ့၊ ဆင်းတုတော်တွေ၊ ရုပ်ပွားတော်တွေကို
ဖူးနေတာ အကျိုးမရှိဘူး လို့ conclution ကောက်ချက်ချလိုက်ရင် မှားလိမ့်မယ်၊
သဒ္ဓါစိတ်နဲ့ ဘုရားဖူးနေတာကို ခုနက တဏှာစိတ်နဲ့ ဖူးနေတဲ့သူကို
ပြောတဲ့စကားနဲ့ သွားပြောလို့မရဘူး၊ မနှိုင်းယှဉ်သင့်ဘူး၊ ဒါဟာ
မှားယွင်းပြီးတော့ သူ့ရဲ့ ကုသိုလ်ရမှုကို ပယ်ဖျက်ရာရောက် တယ်၊
အဟန့်အတားလုပ်ရာ ရောက်တယ်၊ ငရဲကြီးတယ်ပေါ့။ ဒါက သိပ်အရေးကြီးပါတယ်၊
မြတ်စွာဘုရားကျတော့ ဆုံးမတဲ့နေရာမှာ ကျွမ်းကျင်မှုရှိတယ်၊
ပစ္စေကဗုဒ္ဓါကျတော့ အဲဒီလို ကျွမ်းကျင်မှု မရှိဘူး၊ ကျွမ်းကျင်မှု
မရှိသည့်အတွက်ကြောင့် သူတပါးနားလည်အောင် မဟောနိုင်တာဖြစ်တယ်၊
နိုင်ငံခြားက ဘာသာပြန်တဲ့သူတွေကျတော့ ပစ္စေကဗုဒ္ဓ ဆိုတဲ့စကားလုံးကို
ဘာသာပြန်ကျတဲ့အခါ Silent Buddha လို့ ဘာသာပြန်လေ့ရှိကြတယ်၊ Silent Buddha
ဆိုတာ တရားမဟောတဲ့ ဘုရားပေါ့၊ တရားမဟော ဘူး ဆိုတာတော့ မမှန်ဘူး၊
ပစ္စေကဗုဒ္ဓါတွေ ဟောတဲ့တရားတွေ အများကြီး ရှိခဲ့တယ်၊
အရိန္ဒမဇာတ်တို့ ဘာတို့မှာ ကြည့်ရင် သိနိုင်တယ်၊ ပစ္စေကဗုဒ္ဓါက ဥပမာ
ဥပမေယျတွေနဲ့တောင် ဟောသွား တာ၊ မြစ်ထဲမှာ မျောနေတဲ့ ဆင်သေကောင်ကြီးပေါ်မှာ
ကျီးကန်းတစ်ကောင်က ရောက်လာပြီး ဒီဆင်ကောင်ကြီး စားရလျင်တော့ တစ်သက်လုံး
ငါဟန်ကျပြီ၊ အစာရှာစရာ မလိုတော့ဘူး၊ နေစရာလည်း ငါရှိတယ် ဆိုပြီး၊ ဆင်သေ
ကောင်ကြီးပေါ် နားမယ်၊ စားမယ်၊ စားပြီးလျင် ရေသောက်လိုက် မယ်၊ ရေက
လည်းဘေးမှာ အဆင်သင့်ပဲ၊ အစာစားချင်လို့ရှိလျင် ဆင်ကြီးအသားစားလိုက်မယ်၊
နေစရာဆိုလျင် လည်း ဟောဒီဆင်ကြီး ပေါ်မှာပဲနေမယ် ဆိုပြီးတော့
ဒီလိုအေးအေးဆေးဆေးနေသွားတာ၊ ဆင်သေကောင်ကြီးက ပင်လယ်ထဲရောက် သွားတဲ့အခါ
လှိုင်းလုံးတွေပုတ်တော့ ကျီးကန်းဟာ ရပ်တည်မှု မရတော့ဘူး၊ဟိုဟိုဒီဒီ
ပျံတော့လည်း ကမ်းမတွေ့လို့ ပင်လယ်ထဲမှာပဲ သူဟာ အသက်ဆုံးရတယ်ပေါ့။
အဲဒီဇာတ်လမ်းကို ပစ္စေကဗုဒ္ဓါက ဟောခဲ့တာ၊ အရိန္ဒမမင်းကြီးကို အဲဒီဥပမာပြပြီး
ကာမဂုဏ် အာရုံတွေထဲမှာ နစ်မြုပ်နေမယ် ဆိုလျင် မင်း ကျီးမိုက်လို
ဖြစ်လိမ့်မယ် လို့ ဟောခဲ့တာ။
အဲဒီတော့ ပစ္စေကဗုဒ္ဓါက Silent Buddha တော့ မဟုတ်ဘူး၊ တရားအကျွတ်ရအောင်
မဟောနိုင်တာ၊ တရားထူး တရားမြတ်ရအောင် မဟောနိုင်တာက အာသယာနုသယဥာဏ်တော်နဲ့
ဣန္ဒြိယပရောပရိယတ္တိ ဥာဏ် မရသည့် အတွက်ကြောင့် သတ္တ၀ါတွေရဲ့ စရိုက်ကို
မသိနိုင်ဘူး၊ မသိသည့်အတွက်ကြောင့် ဟောတော့ဟောတယ်၊ မထိရောက်ဘူး လို့
မှတ်ရပါမယ်၊ ဒါဖြင့် အရှင်သာရိပုတ္တရာတို့ အရှင်မောဂ္ဂလာန် တို့ ဟောတာကျတော့
ကျွတ်တမ်းဝင်ကြတယ်၊ ပစ္စေကဗုဒ္ဓါ ဟောတာကျတော့ ဘာကြောင့် မကျွတ်နိုင်တာ လဲ
ဆိုတော့ အရှင်သာရိ ပုတ္တရာတို့က ကိုယ်ပိုင်နည်းစနစ် မဟုတ်ဘူး၊ ဘုရားရှင်ဆီက
ရတဲ့နည်းနဲ့ ဟောတာ၊ ဘယ်သူဟောဟော ဘုရားရဲ့ တရားပဲ၊ ဘုန်းကြီးတို့
အခုဟောနေတာကလဲ ကိုယ်ပိုင်တရား မဟုတ်ဘူး၊ ဘုရားဆီက နည်းယူပြီး
ဟောတာတွေချည်းပဲ၊ ကိုယ်ပိုင်တရား မဟုတ်ပါဘူး၊
အဋ္ဌကထာတစ်နေရာမှာ ပစ္စေကဗုဒ္ဓါကို ဥပမာလေးတစ်ခု ပေးထားတယ်၊
ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေဟာ ကိုယ်ပိုင်တရားထူး တရားမြတ် သိထားပေမယ့်
စကားမပြောတတ်တဲ့လူ အိပ်မက် မက်ထားသလိုပဲ၊ ပြန်မပြောတတ်ဘူး လို့ ဆိုတယ်၊
ဒီဥပမာကတော့ နည်းနည်းလေး လွန်သွားတယ်လို့ ထင်ပါတယ်၊ ဒါက အဋ္ဌကထာထဲမှာ ပါတာလေး
ရှိတယ်၊ တင်စားလိုက်တာကတော့ ကျွတ်တမ်းဝင်အောင် မဟောနိုင်တဲ့ သဘောလောက်ကို
ရည်ညွှန်းတာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ပစ္စေကဗုဒ္ဓါတွေ ကျတော့ သူတို့က
ကိုယ်ပိုင် တရားအနေနဲ့ တခြားဆီကလည်း နည်းယူစရာ မရှိသည့်အတွက်ကြောင့်
အာသယာနုသယဥာဏ်ရယ် ဣနြ္ဒိယပရောပရိယတ္တဥာဏ်လို့ ခေါ်တဲ့ ဗုဒ္ဓစက္ခုမျိုး
မရှိကြလို့ပဲ၊ ဒီအချက်တွေမှာ ထူးခြားတယ် လို့ ပြောနိုင်ပါတယ်၊
မြတ်စွာဘုရားက တရားဟောပြီဆိုရင် ဗုဒ္ဓစက္ခုနာ လောကံ ဝေါလောကေတိ-
ဗုဒ္ဓစက္ခုဖြင့် လောကကြီးကို ကြည့်တယ်လို့ ဆိုတယ်၊ ဘယ်သူ့ကို
ဘာတရားဟောရမလဲ၊ဘယ်စကားလုံး သုံးသင့်သလဲ၊ ဘယ်သူကတော့ ပါရမီရင့်ကျက်နေပြီ၊
ဘယ်အမျိုးအစားတရားကို ဟောလိုက်ရမလဲ၊ ဒီလူက အရင်အတိတ် ဘ၀တွေကဘာအထုံဓလေ့တွေ
လုပ်ခဲ့တယ်၊ ဒါကြောင့် ဘယ်လိုတရားကို ဟောပေးလိုက်ရင် တရားထူး
သိသွားနိုင်တယ် ဆိုတဲ့ အရည်အချင်းတွေ ကြည့်ပြီး ဟောနိုင်တယ်၊ ဒါကြောင့်မို့
ဘုရားရှင်က ဆရာကောင်းတစ်ယောက်နဲ့ တူတယ်၊ တပည့်တွေရဲ့ အရည်အချင်းကို သိတယ်၊
ဒီတပည့်တွေကို ဘယ်လိုသင်ရမယ် ဆိုတာ ကောင်းကောင်းသိတယ်၊ အဲဒီလို
သိပြီးတော့ သင်တတ်တဲ့ ဆရာလိုပါပဲ။ ပစ္စေကဗုဒ္ဓါကျတော့ သိတော့သိ တယ်၊ ပြန်လည်
မသင်ပေးတတ်တဲ့ဆရာနဲ့ တူတယ်၊ အဲဒီလို ကွဲပြားခြား နားမှု ရှိပါတယ်။
ယသ- သတို့သားနှင့် ဖခင်ကြီးတို့အား တရားထူးရစေရန် အနုပုဗ္ဗိကထာ(၇) ပါးတရားကို ဟောတော်မူခဲ့ သည်
ပဉ္စ၀ဂ္ဂီငါးဦးတို့အား သောတာပန်ဖြစ်စေရန် ဓမ္မစကြာတရားတော်ကို
ဟောခဲ့ပြီး ရဟန္တာဖြစ်စေရန် အနတ္တလက္ခဏသုတ်တော်ကို တဖန် ဟောကာ
ကျွတ်တမ်းဝင်စေရန် ချေချွတ်တော်မူတတ်သည် ကား သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏
တုနှိုင်းမရသော ဥာဏ်တော်များပါပေ..
မေတ္တာဖြင့်
ဓမ္မနန်းတော်
Date.9.Jun.2012
Rf. ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ မင်္ဂလာဗျူဟာ ဓမ္မသင်တန်းသားတို့ အမေးကို ဖြေဆိုခြင်း
No comments:
Post a Comment