စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိအကျဉ်းချုပ်များ‎

စွန်းလွန်းဆရာတော်ဘုရားကြီး ဘဒ္ဒ န္တက၀ိ ထေရုပ္ပတ္တိအကျဉ်းချုပ်
စွန်းလွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တက၀ိသည် မြင်းခြံမြို့နယ် စွန်းလွန်းရွာကြီးတွင် ၁၂၃၉-ခု၊ တပေါင်းလဆန်း ၂-ရက်၊ ( ၄-၃-၁၈၇၈ ) တနင်္လာနေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။ ခမည်းတော် ဦးသန့်+မယ်တော် ဒေါ်တုတ် တို့ဖြစ်သည်။ အမည်မှာ မောင်ကျော်ဒင် ဖြစ်သည်။
မောင်ကျော်ဒင်သည် အရွယ်ရောက်သောအခါ တရွာတည်းနေ မရွှေရည်နှင့် သင့်မြတ်သည်။ သားသမီး ၅-ယောက် ထွန်းကားသည်။ ၀မ်းရေးအတွက် လယ်ယာအလုပ်ကို လုပ်ကိုင်သည်။ တနေ့တွင် ဦးကျော်ဒင်၏ အိမ်ရှေ့၌ မဏ္ဍပ်ထိုး၍ ဘုရားပင့်၊ ၀တ်တက် ပြုလုပ်ကြသည်။ ထိုစဉ် မိတ်ဆွေဖြစ်သူ စတီးဘရားသားစက်မှ စာရေးကြီးဦးစံတင်နှင့် စကားလက်ဆုံကျရင်း လယ်တီဆရာတော်ဘုရားကြီး၏ အာနာပါနအကြောင်းကို ပြောဆိုဆွေးနွေးမိကြသည်။ ဦးကျော်ဒင်က စာမတတ်ဘဲ တရားအားထုတ်၍ ရသလား-ဟု မေးသည်။ ဦးစံတင်က စာတတ်ဖို့ လိုရင်းမဟုတ်၊ သဒ္ဓါနှင့် ၀ီရိယသာ လိုရင်း-ဟု ပြောပြသည်။ ထိုအခါ ဦးကျော်ဒင်သည် အိမ်ဘေးအဖီတွင် အာနာပါနကို စတင်အားထုတ်သည်။ ထို့နောက် အိမ်၌သော်၎င်း၊ မောင်ရင်ပေါ် ချောက်ထဲ၌သော်၎င်း၊ သဒ္ဓါ ၀ီရိယ သန်သန်ဖြင့် အဆက်မပြတ် အားထုတ်ခဲ့သည်။
၁၂၈၂-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၅-ရက် ( ၁-၉-၁၉၂၀ ) တွင် လယ်ထွန်ရာမှ နွား ၂-ကောင်နှင့် ထွန်တုံးကို ဖြုတ်၍ထားခဲ့ကာ ဘုန်းတော်ကြီး ဦးဝီရိယထံတွင် ကိုရင်ကြီးဝတ်သည်။ ရှင်က၀ိ ဘွဲ့ကို ခံယူခဲ့သည်။ ၁၂၈၂-ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂-ရက် ( ၄-၄-၁၉၂၁ ) သက်တော် ၄၃-နှစ်တွင် မိတ္ထီလာမြို့ ရေလယ်ကျောင်းတိုက်၌ ရဟန်းဝတ်သည်။ တရားကို အဆက်မပြတ် အားထုတ်ရာ ကမ္မဋ္ဌာနာစရိယ ဆရာကြီးတပါးအဖြစ်သို့ ရောက်တော်မူခဲ့သည်။
ဆရာတော်ဘုရားကြီးသည် ၃၂-နှစ်တိုင် တပည့်ပေါင်းများစွာအား စွန်းလွန်းဝိပဿနာရှုနည်းတရားကို ညွှန်ပြတော်မူပြီးနောက် ၁၃၁၄-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉-ရက်နေ့ ( ၁၇-၅-၁၉၅၂ ) သက်တော် ၇၆-တွင် မြင်းခြံမြို့ စွန်းလွန်းဂူကျောင်း၌ ပျံလွန်တော်မူခဲ့သည်။
တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ ထေရုပ္ပတ္တိအကျဉ်းချုပ်
တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသသည် သာသနာ့အာဇာနည် ရဟန်းထူး၊ ရဟန်းမြတ်တပါး ဖြစ်သည်။ ဆရာတော်ကြီးသည် ပထမဦးဆုံး ပေါ်ထွက်ခဲ့သော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်ရ အရှင်မြတ်ဖြစ်သည်။ ၁၉၅၃-ခုနှစ် သက်တော် ၄၂-နှစ်၊ သိက္ခာတော် ၂၂-၀ါတွင် တိပိဋကစာမေးပွဲကြီးကို အောင်မြင်တော်မူခဲ့သည်။ ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာဇာတိ ဖြစ်သည်၊ ခမည်းတော်မှာ သူကြီးဦးဆုံ၊ မယ်တော်မှာ ဒေါ်ဒေါ်ဆင် ဖြစ်သည်။ ၁၂၇၃-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက် ဗုဒ္ဓဟူးနေ့ (၁-၁၁-၁၉၁၁) တွင် ဖွားမြင်တော်မူသည်။
ဆရာတော်လောင်းလျာသည် အသက် ၇-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ထို့နောက် ၁၂၉၂-ခုနှစ်တွင် ရဟန်းပြုတော်မူသည်။ သက်တော် ၆၈-နှစ် (၁၉၇၉)တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် သက်တော် ၇၃-နှစ် (၁၉၈၄)တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ခံရသည်။ သက်တော် ၈၀-ပြည့် (၁၉၉၁)တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခံရပြန်သည်။ သက်တော် ၈၁-နှစ်အရောက် ၁၃၅၄-ခုနှစ် (၁၉၉၃)တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ကြီးပြုစုခဲ့သော ကျမ်းများတွင် မဟာဗုဒ္ဓ၀င် ကျမ်းကြီးသည် ထင်ရှားကြီးကျယ်ခိုင်ခံ့လှသည်။ အတွဲပေါင်း ၆-တွဲ (အုပ်ရေရှစ်အုပ်) ရှိသည်။ ယင်းကို ဆရာကြီးဦးကိုလေး (ဇေယျာမောင်)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ဆရာတော်ကြီးသည် ပြည်ပနိုင်ငံများက ပင့်ဖိတ်ရာတွင် လိုက်ပါခြင်းမပြုခဲ့ပေ။ သို့ရာတွင် ပြည်တွင်း၌မူ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းခရီးများဖြင့် ကြွရောက်၍ မြို့နယ်၊ ကျေးရွာအနှံ့ သာသနာပြုတော်မူခဲ့သည်။

ထွဋ်ခေါင်ဆရာတော်ကြီး အရှင်ဉာဏ၀ံသ ထေရုပ္ပတ္တိအကျဉ်းချုပ်

ထွဋ်ခေါင်ဆရာတော်ကြီးသည် ဘကြီးတော်မင်းတရားလက်ထက်မှ မင်းတုန်းမင်းလက်ထက်အထိ ထင်ရှားသော ရဟန်းထူး ရဟန်းမြတ်ကြီး ဖြစ်သည။် ဟင်္သာတခရိုင် လေးမျက်နှာမြို့အနီး မြင်းကုန်းရွာဇာတိဖြစ်သည်။ ၁၁၆၀-ပြည့်နှစ်တွင် ဖွားမြင်တော်မူသည်။ ဘွဲတော်မှာ အရှင်ဉာဏ၀ံသ ဖြစ်သည်။
ဆရာတော်ကြီးသည် ပရိယတ္တိ၊ ပဋိပတ္တိနှစ်ဖြာ ဆည်းပူးကျင့်ကြံပွားများ အားထုတ်သော ရဟန်းမြတ်ဖြစ်သည်။ မင်းဝံတောင်ရိုးပေါ်၌ တည်ရှိသော ရတနာထွဋ်ခေါင်စေတီတော်မြတ်အနီး၌ သီတင်းသုံးတော်မူခဲ့သည်။ ယင်းကို အစွဲပြု၍ ရတနာထွဋ်ခေါင်ဆရာတော်၊ အလွယ်အားဖြင့် ထွဋ်ခေါင်ဆရာတော်-ဟူ၍ အမည်တွင်ခဲ့သည်။
၁၂၁၄-ခုနှစ်တွင် မင်းတုန်းမင်း ဘုရင်ဖြစ်လာသောအခါ ထွဋ်ခေါင်ဆရာတော်အား ရွှေနန်းတော်သို့ ပင့်သည်။ ရာဇဂုရု ခပ်နှိပ်သော မင်းဆရာတံဆိပ်တော်ကို လှူဒါန်းရာ ဤတံဆိပ်တုံးကြီးကို ခေါင်းအုံးနံဘေး ချထားမည်ကို ငါရှက်လှသည်-ဟု ပယ်တော်မူ၍ ကျောင်းသို့ပြန်ကြွခဲ့သည်။ သို့လင့်ကစား မင်းတုန်းမင်းကြီးသည် အလွန်မြတ်နိုးကြည်ညိုလှသဖြင့် ပစ္စည်းလေးပါးအလို့ငှါ ၀တ်မိုးဝတ်မြေ များကို လှူတော်မူသည်။ ဘုရင်သာမက မိဖုရား၊ မှူးမတ်ကြီးငယ်တို့ကလည်း ဆရာတော်ကြီးကို အလွန်ကြည်ညိုလှသည်။
ဆရာတော်ကြီးသည် မိမိသတင်းသုံးရာ ဓမ္မိကချောင်၌ လူသူလေးပါးတို့နှင့် ရောပြွမ်းထွေးယှက် ၀င်ထွက်သွားလာခြင်းတို့ကို မနှစ်သက်သဖြင့် ထိုချောင်မှ မင်းကွန်းရွှေမြင်တင်တောင်သို့ ကြွရောက်၍ ၀ါကပ်တော်မူသည်။ ၀ိပဿနာတရားကို အားစိုက်၍ အားထုတ်တော်မူသည်။ ဆရာတော်ကြီးသည် ၀ိပဿနာတရားကို ကျင့်ကြံပွားများ အားထုတ်တော်မူရာမှ ၁၂၄၂-ခုနှစ် (သက်တော် ၈၂-နှစ်) တွင် ခန္ဓာကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။
ဆရာတော်ကြီးသည်ကျမ်းပေါင်း ၁၃-ကျမ်း၊ ရေးသား ပြုစုတော်မူခဲ့သည်။ ပျံလွန်တော်မူသောအခါ အချို့ကျမ်းများ ပျောက်ဆုံးကုန်သဖြင့် ကျမ်းပေါင်း ရှစ်ကျမ်းသာ ထင်ရှားကျန်ရှိသည်။ ရှင်လူအများတို့သည်ကား ကမ္မဋ္ဌာန်းလင်္ကာမျှလောက်ကိုသာ သိကြရသည်။

ဓားမကူးဆရာတော် (ခေါ်) တောင်ဖီလာဆရာတော်ကြီး ထေရုပ္ပတ္တိအကျဉ်းချုပ်

တောင်ဖီလာဆရာတော်ကြီးသည် ညောင်ရမ်းသုံးဆက်မြောက်ဖြစ်သော သာလွန်မင်းတရားကြီး ကိုးကွယ်သည့် ဆရာတော်ဖြစ်သည်။ သက္ကရာဇ် ၉၄၀-ပြည့်နှစ်၌ စလင်းမြို့တွင် ဖွားမြင်သည်။ ထိုနှစ်တွင် ပျံလွန်တော်မူသော ဆီးတောဆရာတော်ဝင်စားသော ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုကြသည်။ ဆရာတော်လောင်းလျာသည် ၁၃-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ဘွဲ့တော်မှာ ရှင်မုနိန္ဒဃောသ ဖြစ်သည်။ ငါးဆူဒါယကာ၏ သားတော် သတိုးဓမ္မရာဇာဘွဲ့ခံ မင်းကြီးနှောင်းပင့်၍ ပြည်မြို့သို့ရောက်သည်။ မင်းကြီးနှောင်း ကိုးကွယ်သော အရှင်ဘိသင်္ကေတသာရထံတွင် ဆည်းကပ်၍ စာပေပိဋကတ်သင်ကြားသည်။ ၉၅၅-ခုနှစ် အသက် ၁၅-နှစ်အရွယ်တွင် ဝေဿန္တရာပျို့ကို ဖွဲ့ဆိုစီရင်ရာ လောကဓမ္မနှင့် ပြည့်စုံလှသောကြောင့် သာမဏေကျော်ဟု ထင်ရှားလာသည်။ ထူးချွန်လှသဖြင့် ပဉ္ဇင်းကျော်ဟု ထင်ရှားပြန်သည်။
၉၇၀-ပြည်နှစ်တွင် အနောက်ဘက်လွန် မင်းတရားကြီးသည် ပြည်မြို့ကို လုပ်ကြံအောင်မြင်ပြီးသောအခါ ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို အင်းဝမြို့သို့ ပင့်ဆောင်ကိုးကွယ်သည်။ အနောက်ဘက်လွန် မင်းတရားကြီးသည် ပြည်မြို့ကို အောင်မြင်စဉ် ငါ ပြည်ကိုလုပ်ကြံသည်ကား ရှင်တဆူ၊ လူတယောက်သာ ရသည်-ဟု မိန့်ဆိုခဲ့သည်။ ရှင်တဆူဟူသည် တောင်ဖီလာဆရာတော်လောင်း ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို ဆိုလိုသည်။ လူတယောက်ဟူသည်မှာ ငထင်ငယ်ကို ဆိုလိုသည်။ ၉၉၁-ခုနှစ်တွင် အင်းဝမြို့၌ သာလွန်မင်းတရားကြီး အထွဋ်အထိပ်သို့ရောက်သောအခါ ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို မင်းဆရာတင်မြှောက်၍ တိပိဋကာလင်္ကာရ ဘွဲတံဆိပ်အပ်နှင်းသည်။ ၉၉၆-ခုနှစ်တွင် အရှင်မုနိန္ဒဃောသသည် မင်းရဲကျော်စွာ ဆောက်လုပ်သော စစ်ကိုင်းတောင်အနီး ဧရာဝတီမြစ်နားရှိ လေးထပ်ကျောင်းတွင် သီတင်းသုံးသည်။ ထိုစဉ် အရှင်မြတ်သည် စက်တော်ရာသို့ ကြွတော်မူ၍ တော်ချုံဖုံးအုပ်နေသော စက်တော်ရာနှစ်ဆူကို ရှာဖွေရာ တွေ့ရှိတော်မူသည်။ ဤသည်မှစ၍ လူဒါယကာတို့သည် စက်တော်ရာဒေသသို့ လူသူအရောက်အပေါက် လွယ်ကူစေရန် ခုတ်ထွင်ရှင်းလင်းခဲ့ ကြသည်။
အရှင်မုနိန္ဒဃောသသည် စက်တော်ရာမှ အပြန်တွင် ပခန်းကြီးရွှေဥမင်ဆရာတော် အရှင်ဇမ္ဗုဓဇထံတွင် ၀င်ရောက်ဖူးတွေ့သည်။ ရွှေဥမင်ဆရာတော်သည် ခေါင်လှသောအရပ်ဒေသတွင် လူသူတော်တယောက်နှင့်သာ ခေါင်းပါးစွာနေတော်မူသည်။
ဤတွင် အရှင်မုနိန္ဒဃောသ က လူသူနည်းပါး လှသည်။ ကြောက်တော်မမူပါလော-ဟု မေးတော်မူသည်။ ရွှေဥမင်ဆရာောတ်က ကြောက်၍ပင် ပရိသတ်အနည်းနှင့် နေပါသည်-ဟု မိန့်တော်မူသည်။ ထိုအခါ အရှင်မုနိန္ဒဃောသ က ငါသည် မကြောက်တတ်သူ ဖြစ်ခဲ့ပြီ ဟု တရားသံဝေဂ ရမိသည်။ ထို့နောက် အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်အား မေးမြန်းရာ ၀ိနည်းပါဠိတော် ငါးကျမ်းနိဿယကို စီရင်ပြီးကြောင်း သိရှိသွားသည်။ ကျမ်းပြုသက္ကရာဇ်ကိုကြည့်သောအခါ မိမိစီရင်ပြီးသား ကျမ်းပြုသက္ကရာဇ်ထက် ဦးသောကြောင့် မိမိစီရင်ထားသော ၀ိနည်းပါဠိ ငါးကျမ်းနိဿယကို ဌာပနာသွင်း၍ စေတီတည်သည်ဟု ဆိုသည်။ အချို့ကမူ အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်၏ နိဿယနှင့် မိမိစီရင်သော နိဿယကို ယှဉ်ကြည့်၍ နိဿယနှစ်စောင်ကြောင့် နှစ်နည်းရှိနေပြီ။ ဘုရားနှစ်ဆူ ပြိုင်၍ပွင့်သော် သူ့ဘုရားသာသည်။ ငါ့ဘုရားသာသည်ဟု အငြင်းအခုံဖြစ်ကြ၍ အကျိုးမရှိဖြစ်လေတော့မည်ဟု ဆင်ခြင်ကာ မိမိစီရင်အပ်သော နိဿယကို စေတီရင်ပြင်မှာ မီးပူဇော်သည် ဟု ဆိုကြသည်။ အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်နှင့် တွေ့ဆုံပြီးနောက် အလွန်သံဝေဂရသဖြင့် မိမိသီတင်းသုံးရာ လေးထပ်ကျောင်းသို့ မပြန်တော့။ မင်းဝံတောင်ရိုး အရှေ့ချောက်ကြား၌ တောထွက်တော်မူသည်။ တောထွက်သည့်နေ့ရက်ကား ၁၀၀၀ ပြည့်နှစ် တပေါင်းလပြည့်နေ့ဖြစ်သည်။ သက်တော် ၆၀ ပြည့်တွင် ဖြစ်သည်။
ဤအကြောင်းကိုကြားလျှင် သာလွန်မင်းတရားနှင့် ညီတော် စလင်းစား မင်းရဲကျော်စွာတို့သည် ဆရာတော်ကို သူ့ထက်ငါဦး ရှာကြသည်။ စလင်းစားသည် ဆရာတော်ကို အလျင်တွေ့သဖြင့် တောင်ဖီလာချောင်၌ ဇေတ၀န်ကျောင်းဆောက်၍ လှူသည်။ သာလွန်မင်းတရားကြီးကား မဟာတိပိဋကာလင်္ကာရဟူသော တံဆိပ်တော်ကို လှူတော်မူသည်။ ထိုအခါမှစ၍ တောင်ဖီလာဆရာတော်ဟု တွင်လေသည်။
သာလွန်မင်းတရားကြီးသည် မိမိ၏ဆရာတော်၊ တောင်ဖီလာဆရာတော်၏ သီလ၊ သမာဓိကို အထင်အရှားသိစေလိုသဖြင့် နန်းတွင်းသူမတဦးကို ဆရာတော်ကျောင်းသို့ ၀င်စေသည်။ ဆရာတော်အား ဖြားယောင်းစေသည်။ ဆရာတော်သည် မာတုဂါမက တညလုံး ဖြားယောင်းပါသော်လည်း သိက္ခာပုဒ်ကို ထိန်းသိမ်းသည်။ တညလုံးမအိပ်မစက်၊ ရူပါရုံ၊ သဒ္ဒါရုံတို့၌ အာရုံမထားဘဲ ဓားမဖြင့် မိမိခြေသလုံးသားကို လှီးသည်။ ထိုမှဖြစ်လာသော ဒုက္ခဝေဒနာကိုသာ ခံစားလျက် တရားမလွတ်၊ မချွတ်မယွင်း တရားရှုမှတ်လျက် မိုးလင်းအောင် နေတော်မူသည်။ နံနက်သို့ရောက်သော် အချို့က ဆရာတော်ဘုရားသည် ခရီးသွားမိန်းမနှင့် ညက မှားယွင်းလေသည်ဟု ဆိုကြ၍ အင်းဝမြို့တမြို့လုံး၌ ကောလာဟလဖြစ်လေ၏။ ထိုအခါ ဆရာတော်သည် သူ၏ခြေသလုံးသားကို လှီးသော ဓားမကို သက်သေထူ၍ အဓိဋ္ဌာန်ဖြင့် ရေကန်တွင်မျှောလေရာ ထိုဓားမသည် ရေ၌ ကူးလေသည်ဟု ဆိုရိုးစကားရှိ၏။ ဤအကြောင်းကိုရည်၍ တောင်ဖီလာဆရာတော်ကို ဓားမကူးဆရာတော် ဟု ခေါ်ဝေါ်ကြသည်။
တောင်ဖီလာဆရာတော်ကြီးသည် အဋ္ဌသာလိနီကျမ်းဦးအဖွင့် ၀ီသတိဝဏ္ဏနာကျမ်း၊ ယသ၀ဍ္ဎန၀တ္ထု၊ ၀ိနယာလင်္ကာရဋီကာ စသည်ဖြင့် ကျမ်းပေါင်းများစွာကို ပြုစုတော်မူခဲ့သည်။ ဆရာတော်ကြီး၏လက်ထက်တွင် အင်းဝနေပြည်တော်၌ ကျောက်ရောဂါကျရောက်ရာ ဆရာတော်ကြီးသည် ပြည်သူအများကို လျစ်လျူရှုတော်မမူ။ ကျောက်ရောဂါကာကွယ်ရေးကျမ်းကိုလည်း ပြုစုစီရင်ခဲ့သည်။ တောင်ဖီလာဆရာတော်ကြီးသည် ရှင်သာမဏေဘ၀တွင် သာမဏေကျော်၊ ရဟန်းဖြစ်စတွင် ပဉ္ဇင်းကျော်၊ မင်းဆရာဘ၀တွင် တိပိဋကာလင်္ကာရအကျော်၊ တောထွက်တော်မူလျှင် တောင်ဖီလာဆရာတော်၊ သီလအရာတွင် စင်ကြယ်မြင့်မြတ်သဖြင့် ဓားမကူဆရာတော်ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။ ဆရာတော်ကြီးသည် ၁၀၁၂-ခုနှစ် သက်တော် ၇၂-နှစ်တွင် ပျံလွန်တော်မူသည်။
ပထမ လယ်တီ ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိအကျဉ်းချုပ်
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်၊ နတ်တော်လဆန်း ၁၃ရက်၊ အင်္ဂါနေ့တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာ၌ ဖွားမြင်တော်မူခဲ့သည်။ ခမည်းတော်မှာ ဦးထွန်းသာဖြစ်၍ မယ်တော်မှာ ဒေါ်ကြုံး ဖြစ်သည်။ ငယ်မည်မှာ မောင်တက်ခေါင် ဖြစ်၍ အသက် ၁၅ နှစ်အရွယ်၌ ရှင်သာမဏေပြုရာ ဘွဲ့အမည်မှာ ရှင်ဉာဏဓဇ ဖြစ်သည်။ ဆရာတော်လောင်းလျာသည် စာကြည့်ဝါသနာပါ၍ သာမဏေဘ၀ကပင် ရတုကဗျာနှင့် ကျမ်းစာများ ရေးသားပြုစုခဲ့ပေသည်။
သက္ကရာဇ် ၁၂၂၈ ခု၊ ကဆုန်လဆန်း ၆ ရက်နေ့တွင် စိုင်ပြင်၇ွာ ကျောင်းမကျောင်း ခဏ္ဍသိမ်၌ ဆရာတော် အရှင်နန္ဒကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ထို့နောက် မန္တလေး ရတနာပုံနေပြည်တော် စံကျောင်းတိုက်၌ သီတင်းသုံး၍ ၀ိနည်း ပါဠိတော် အဋ္ဌကထာများနှင့် အဘိဓမ္မာ အဋ္ဌကထာ ၃ကျမ်းကို သင်ယူတော်မူသည်။
၁၂၄၈ ခုနှစ်တွင် မုံရွာမြို့အနီး လယ်တီတောအုပ်ကြီး၌ ကျောင်းတိုက်တည်ထောင်၍ ရဟန်းသာမဏေများအား စာပေပို့ချခဲ့သည်။ ဆရာတော်ကြီးသည် ပါရမီဒီပနီ အပါအ၀င် ဒီပနီကျမ်းပေါင်း များစွာကို ရေးသားပြုစုခဲ့၍ ပရမတ္တဒီပနီ လယ်တီဋီကာကို မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်းတွင် စာပေမှတ်တိုင် တစ်တိုင်အဖြစ် သုတေသီတိုင်းက အသိအမှတ်ပြုခံရ၏။
ဆရာတော်ကြီးသည် လယ်တီတိုက် တည်ထောင်၍ စာပေပို့ချတော်မူပြီးနောက် ၁၂၅၇ ခုနှစ်လောက်မှစ၍ မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ကြွရောက်တော်မူပြီး ၀ိပဿနာတရား ဟောကြားတော်မူခဲ့သည်။ နွားမေတ္တာစာရေး၍ နွားသားရှောင်ကြဉ်ရေး ဟောပြောတော်မူခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်သို့သာမက ၁၂၇၅ ခုနှစ်တွင် နိုင်ငံခြား ဗုဒ္ဓသာသနာပြု အသင်းကြီးတည်ထောင်၍ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ဗုဒ္ဓသာသနာတော် ပျံ့နှံ့ရောက်ရှိရေးအတွက် ကြိုးပမ်းခဲ့ပြန်သည်။
ဤကဲ့သို့ သာသနာတော်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်တော်မူခဲ့သဖြင့် ၁၂၇၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် နေ့တွင် မြန်မာနိုင်ငံအစိုးရ၏ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းခြင်းခံရ၏။
၁၂၈၃ ခုနှစ် နတ်တော်လတွင် မြန်မာပြည်ဘုရင်ခံက စာပေပါရဂူ (ဒီလစ်) ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းသည်ကို ခံယူရရှိတော်မူသည်။
၁၂၈၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၁၅ရက် (လပြည့်) ဗုဒ္ဓဟူးနေ့ ၂နာရီ ၃၀ မိနစ်အချိန်တွင် ပျဉ်းမနားမြို့၌ သီတင်းသုံးတော်မူစဉ် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၏ တစ်ဘ၀သံသရာ ဖြစ်စဉ်အကျဉ်းချုပ်

၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်းသူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၀က်လက်မြို့နယ် သရိုင်ရွာ ဦးဇောတိ၊ ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၄) ရက် (၁၉၀၀ ပြည့်၊ ဖေဖော်ဝါရီ ၂၇ ရက်) အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။
၂။ ၁၂၆၆ ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
၃။ ၁၂၇၅ ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
၎။ ၁၂၇၉ ခုနှစ်၌ သက်တော် ၁၈ နှစ်အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင်တော်မူသည်။
၅။ ၁၂၈၀ ပြည့်နှစ် တပေါင်းလပြည့်နေ့၌ ပထမအကြိမ်၊ ၁၂၈၁ ခုနှစ် နယုန်လပြည့်နေ့၌ ဒုတိယအကြိမ်၊ ၁၂၈၁ ခုနှစ် တပေါင်းလပြည့်နေ့၌ တတိယအကြိမ် ရဟန်းအဖြစ်ကို ခံယူတော်မူသည်။
၆။ ၁၂၈၃ ခုနှစ် ကဆုန်လဆန်း ၁ ရက်နေ့၌ ပခုက္ကူဆရာတော်ကြီးများ၏ ပခုက္ကူစာချ အဖြစ် တင်မြှောက်မှုကို ခံယူတော်မူရသည်။
၇။ ၁၂၈၇ (၁၉၂၆) ခုနှစ်၌ ပဋ္ဌမကျော် အောင်မြင်တော်မူသည်။
၈။ ၁၂၈၉ ခုနှစ်၌ သကျသီဟ ခေါ် ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဘွဲ့ ရရှိအောင်မြင်တော်မူသည်။
၉။ ၁၃၀၃ ခုနှစ် ၀ါဆိုဦး (၁၉၄၁-၁၉၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ၀င်ရောက်သိမ်းပိုက်မည့်နှစ်တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူသည်။ ပြောင်းရွှေ့လာခဲ့စဉ်က သံဃာတော် ငါးပါးမျှသာရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်းသုံးလျက်ရှိသည်။
၁၀။ (လွတ်လပ်ရေးရရှိပြီးနောက်) ၁၃၁၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၏ (ရှေးဦးစွာ) အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူတော်မူရသည်။
၁၁။ ၎င်းနှစ်မှာပင် နိုင်ငံတော် စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်းစာများကို ရေးသားတော်မူခဲ့သည်။
၁၂။ ၁၃၁၅ ခုနှစ်၌
(က) ဆဋ္ဌသံဂီတိသြ၀ါဒါစရိယသံဃနာယက
(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက
(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက
(ဃ) ဆဋ္ဌသံဂီတိသြသာနသောဓေယျပတ္တ
ပါဋ္ဌကအဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူရသည်။
၁၃။ ၁၃၃၃ ခုနှစ် ပဲခူးမြို့၌ ကျင်းပအပ်သော ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးက ရွှေကျင်ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယသာသနာပိုင်) အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူရသည်။
၁၄။ ၁၂၉၁ ခုနှစ် သက်တော် ၃၀ မှစ၍ ကျမ်းစာများကို စတင်ပြုစုတော်မူခဲ့ရာ ၁၃၃၉ ခုနှစ် နတ်တော်လဆန်း (၁၃) ရက် (၂၁-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ (၅) ရက်အထိ ကျမ်းစာပေါင်းများစွာကို ရေးသားပြုစုတော်မူခဲ့ပါသည်။
၁၅။ ၁၃၃၉ ခုနှစ် သက်တော် ၇၈ နှစ်အရောက် နတ်တော်လပြည့်ကျော် ၂ ရက် (၂၇-၁၂-၇၇) အင်္ဂါနေ့ ညနေ (၄:၃၀) နာရီတွင် တစ်ဘ၀အတွက် ငြိမ်းတော်မူသည်။
သက်တော်ရှည် စံကင်းဆရာတော်ကြီး ထေရုပ္ပတ္တိအကျဉ်းချုပ်
ကျေးဇူးတော်ရှင် စံကင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒာဘိဝံသသည် စစ်ကိုင်းမြို့ လင်းယဉ်ရွာဇာတိ ဖြစ်သည်။ ခမည်းတော်ဦးအိုင်၊ မယ်တော် ဒေါ်မင်းထပ်တို့ဖြစ်သည်။ ၁၂၃၂-ခုနှစ် နတ်တော်လဆုတ် ၆-ရက် အင်္ဂါနေ့ (၁၃-၁၂-၁၈၇၀) တွင် ဖွားမြင်တော်မူသည်။
၁၂၄၂-ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေပြု၍ ၁၂၄၈-ခုနှစ်တွင် ဒုတိယအကြိမ် ရှင်သာမဏေပြုသည်။ ၁၂၅၁-ခုနှစ်တွင် ရဟန်းဖြစ်သည်။ ၁၂၆၄-ခုနှစ်၌ မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်တွင် စာချနာယက ဖြစ်တော်မူသည်။ ဆန္ဒောမဉ္ဇရီ၊ ဆပ္ပစ္စယဒီပနီ စသော ကျမ်းတို့ကို ရေးသားပြုစုတော်မူခဲ့သည်။ ကမ္မဋ္ဌာန်းတရားကိုလည်း ကောင်းစွာ အားထုတ်တော်မူခဲ့သည်။
၁၂၆၆-ခုနှစ်၌ ဓနုဖြူမြို့ အရှေ့ဘက်ကမ်း စံကင်းရွာဓမ္မာရုံကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည်။ ထိုအချိန်မှစ၍ စံကင်းဆရာတော်ဟု အမည်တွင်သည်။ ၁၂၈၆-ခုနှစ်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်၌ နာယကအဖြစ်ဖြင့် သီတင်းသုံးစဉ် ထိုနှစ်မှာပင် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီး၏ ဓမ္မာစရိယဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူတော်မူသည်။ ၁၂၉၁-ခုနှစ်၌ မဟာဝိသုဒ္ဓါရုံတိုက်ကြပ်ဆရာတော် ဖြစ်တော်မူသည်။ ၁၃၁၃-ခုနှစ်၌ ရွှေကျင်နိကာယ ဥက္ကဋ္ဌ သာသနာပိုင် ဖြစ်တော်မူသည်။ ၁၃၁၅-ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို ခံယူတော်မူခဲ့သည်။
ဆရာတော်ဘုရားကြီးသည် ၁၃၃၄-ခုနှစ် ပထမ၀ါဆိုလဆုတ် ၁၀-ရက် (၅-၇-၁၉၇၂) သက်တော် ၁၀၂-နှစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်။
ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိအကျဉ်းချုပ်များ‎
အားးး GOOGLE မှရှာဖွေကာ စုဆောင်းတင်ပြလိုက်ပါသည်။
အောင်အောင်(မကစ)
www.ledimyethar.com
www.depelyin.co.cc

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...