စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ကြက်ခြေနီ ဖခင်ကြီး




  ဒေါက်တာစံစီပိုးဟာ အမေရိကန်နိုင်ငံမှ ဆေးပညာပါရဂူ (MD) ဘွဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ပုသိမ်မြို့မှာ အစိုးရအမှုကို ထမ်းဆောင်နေတယ်။ ရှေးဦးသူနာပြုခြင်း အတတ်ပညာရဲ့ ကျေးဇူးကြီးမားလှပုံကို သိတဲ့အလျောက် ရှေးဦးသူနာပြု အတတ်သင်တန်းတွေ ဖွင့်ပြီး ကိုယ်တိုင်ကိုယ်ကျပ် သင်ကြားပေးတယ်။ ဒါအပြင် ဒေါက်တာစံစီပိုးဟာ `ဒါဏ်ရာရှိသူနာတို့ကို ပဌမကုနည်း´ လို့နာမည်ရတဲ့ `ဂီလာနုပဌက´ ကိုလည်း ရှေးဦးသူနာပြု အတတ်ပညာကျမ်းတစ်စောင် အနေနဲ့ ရေးသားပြုစုခဲ့တယ်။ ၁၉၀၇ ခုနစ် မေလမှာ ပုသိမ်ပုံနှိပ်တိုက်ကနေ ပုံနှိပ်ထုတ်ဝေတယ်။ ကျမ်းစာဟာ ကိုယ်တွေ့ဖြစ်ရပ်များကို အခြေခံထားပြီး ထိုစဉ်က ပလိပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မို့ ပလိပ်ရောဂါအကြောင်းပါ ထည့်သွင်း ဖော်ပြပေးထားတယ်။

ကျမ်းစာအုပ်မှာ လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ အရိုးအဆစ်များ၊ အသားပြင်၊ အာရုံကြော၊ သွေးကြော၊ အဆုတ်၊ ကျောက်ကပ်၊ အရေပြား၊ အစာသစ်အိမ်၊ နှလုံးသား၊ အသည်များအကြောင်း၊ သွေးထွက်ခြင်းအကြောင်းနဲ့ ကုသနည်းတွေ၊ အရိုးအဆစ်လွဲခြင်းအကြောင်းနဲ့ ကုသနည်းတွေ၊ အသားကြေခြင်းအကြောင်း၊ အဆိပ်ရှိတဲ့ ပိုးမွှားကိုက်ခြင်း၊ အပူလောင်ခြင်း၊ မျက်စိနှာခေါင်းအတွင်းသို့ အမှိုက်သရိုက်ဝင်ခြင်း၊ အဆိပ်သောက်ခြင်းတွေကို ပြုစုနည်း၊ ၀က်ရူးထခြင်း၊ အရက်မူးလွန်ခြင်း၊ တက်ခြင်းစတဲ့ သတိမေ့ခြင်းအကြောင်း၊ ရေနစ်ခြင်း၊ ဆွဲကြိုးချခြင်းတို့ကို ပြုစုနည်း၊ ပတ်တီးစည်းနည်း၊ လူနာသယ်နည်း၊ ကျန်းမာခြင်းဆိုင်ရာ ဥပဒေစည်းမျဉ်း၊ ပလိပ်ရောဂါ စတဲ့ အကြောင်းတွေကို အခန်းပေါင်း (၁၁) ခန်း ခွဲပြီး စေ့စေ့စုံစုံ ဖော်ပြထားတယ်။ ဒုတိယအကြိမ် ထပ်မံထုတ်ဝေတဲ့အခါမှာ ကျန်းမာရေး လေ့ကျင်းနည်း အခန်းတစ်ခန်း ပိုလာပါတယ်။



ခန္ဓာကိုယ် အစိတ်အပိုင်းတွေအကြောင်း ဖော်ပြရာမှာ လူတိုင်း နားလည်လွယ်အောင် ၀ါကျတွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ၊ မြန်မာစကားပြေ ရိုးရိုးနဲ့ ဥပမာလေးတွေ ညှပ်ပြီး ရေးသားထားတာ အင်မတန်မှ ကောင်းပါတယ်။ ဥပမာ အနေနဲ့ တချို့ကို ကောက်နုတ် တင်ပြလိုက်ပါတယ်။ နှလုံးအကြောင်းကို ဖော်ပြရာမှာ
နှလုံးသားသည် လူ၏ လက်သီးခန့်လောက်ကြီး၏။ သရက်သီးပုပုသဏ္ဌာန်ရှိ၏။ အဆင်းနီ၏။ .... နှလုံး၏ပြင်သားကား ချောမော၏။ အတွင်းသားကား အကြောတို့၏ ပေါင်းစုံရာဖြစ်၍ သပွတ်အူကဲ့သို့ ရှုပ်၏။ နှလုံးသား၏ အခေါင်းအတွင်း၌ ထူထဲ ခိုင်ခံ့သော အမြှေး၊ အပိုင်းအခြား၊ အကန့်ကြက်ခြေခပ်ရှိ၍ တွင်းငယ် ၄ ခု ဖြစ်၏။ ထိုတွင်းငယ်လေးခု၌ ကိုယ်အားလုံးကို သွားလာလျက်နေသော သွေးချိန် ( ၁၂ ကျပ် ၈ ပဲ ) သားခန့်ရှိ၏။ လက်ဝဲဘက်ခြမ်းအခန်း တွင်းငယ် ၂ ခုက တကိုယ်လုံးသို့ သွေးစီးသွန် ပျံ့နှံ့စေသည်။ လက်ျာဘက်ခြမ်း အခန်း ၂ ခုက၊ အဆုတ်ထဲသို့ သွေးစီးသွန် ပျံ့နှံ့စေသည်။
လို့ ရေးသားထားပြီး အဆုတ်အကြောင်းကို ဖော်ပြရာမှာ
အဆုတ်သည် ပင်လယ်ရေမြှုပ် ၂ ခု ပုံသဏ္ဌာန်ကဲ့သို့ ပျော့ပြောင်းသော အရာဖြစ်၍ နှစ်ခြမ်းပိုင်းခြားသည်။ အစဉ်အမြဲ အထည်းတွင်နေရှိ၍ အဆုတ်ထည်းသို့ လေသစ်ဝင်ရန် အသက်ရှူသောအခါ၊ အောက္ကဇီဂျင်ဂတ်စ် ခေါ်သော ဓာတ်ကောင်းအများ ပါဝင်သွားသောကြောင့် နှလုံးလက်ျားဘက်ခြမ်းမှ စီးဝင်လာသော ပြန်သွေးခေါ် သွေးဆိုး၊ သွေးပုတ်များနှင့် ပေါင်းဆုံမိသေအခါ ကာဘိုနစ်အက်စစ် ဂတ်စ်ခေါ် ဓာတ်ငွေ့ဆိုးများကို ထွက်သက် ရှူသောအခါတိုင်း ထုတ်ပစ်လိုက်၍ သွေးနီသွေးကောင်း ဖြစ်ပြီးလျှင် လက်ဝဲဘက် နှလုံးထည်းသို့ တကိုယ်လုံး သွေးပျံ့နှံ့ရန် အဆုတ်က သွင်းပေးပြန်သည်။
လို့ ရေးသားထားတယ်။

တဖန် ရှေးဦးသူနာပြုစုရာမှာ ကြိုတင်သိရှိသင့်တဲ့ အကြောင်းခြင်းရာတွေကို ဖော်ပြရာမှာလည်း ကွက်ကွက်ကွင်းကွင်း ထင်းကနဲ မြင်အောင် ဖော်ပြနိုင်စွမ်းရှိကြောင်း အောက်ပါ ဥပမာအရ သိနိုင်တယ်။
သွေးထွက်ခြင်း သုံးမျိုးရှိသည့်အနက်၊ မည်သည့်အကြောမျိုးက ထွက်လာသည်ဟု ပိုင်းဖြတ်၍ သိခြင်းသည် အလွန်ကျေးဇူးများ၏။
  1. သွေးနီကြောကထွက်သော သွေးသည် တသမတ်တည်းမထွက်။ တငေါက်ငေါက် ပန်း၍ထွက်၏။ အရောင်အဆင်းလည်း ခြင်းခြင်းနီ၏။ နှလုံးခုံချက်နှင့် တပြိုင်တည်း ပန်းထွက်၏။
  2. နှလုံးသို့ ပြန်၍၀င်သော၊ သွေးပုတ်ကြောကထွက်သည့် သွေးမှာ တရှိန်တည်းထွက်၍ အဆင်းရောင်နီညို့ညို့၊ ညစ်ပုတ်ပုတ်ဖြစ်၏။
  3. ကပီကရီ (Capillary) ခေါ် သွေးကြောတို့ကထွက်သော သွေးမှာ အနည်းငယ် တစိမ့်စိမ့်ထွက်၍ နေ၏။
ရှေးဦးသူနာပြုရာမှာ ရေမြေဒေသအလိုက် အလွယ်တကူ ရရှိနိုင်တဲ့ ပစ္စည်းများနဲ့ ဆောင်ရွက်နိုင်ပုံတွေကို ဦးစားပေး ဖော်ပြထားတယ်။ လက်တွေ့အလုပ်ဖြစ်တဲ့ နည်းတွေဖြစ်လို့ အလွန်အသုံးဝင်လှတယ်။ သွေးထွက်လွန်တဲ့ ဒဏ်ရာအတွက် သွေးကြောပိတ်အောင် ပြုစုတဲ့နည်းကို တင်ပြရာမှာ
ကျေးလက်တောရွာ၌ပင် ဖြစ်ငြားသော်လည်း အလွယ်တကူ တိုင်းသူပြည်သားတို့ အသုံးများသော ကျောက်ချဉ်ကို ကြိတ်၍ ဒဏ်ရာပေါ်မှာ အုံပြီးလျှင် အ၀တ်နှင့်စည်းထားရမည်။ ရှားစေး၊ ဘင်္ဂလားဆေးရွက်၊ ထုံး၊ ဤသုံးမျိုးကို အညက်ကြိတ်၍ ဒဏ်ရာထည်းကို သိပ်ပြီးလျှင် အ၀တ်နှင့် စည်းရမည်။ ရှားစေးမရလျှင် ဆေးရွက်နှင့် ထုံး နှစ်မျိုးဖြင့်လည်း ... ပြုလုပ်နိုင်သည်။ ... ပင့်ကူအိမ်ကို ခပ်များများယူ၍ လုံးပြီးလျှင် အနာပေါ်ကို ကြပ်ကြပ်သိပ်လျှင် (သွေး) ရပ်လိမ့်မည်။
လို့ ရေးသားထားပြီး အဆိပ်ရှိသော ပိုးမွှားကိုက်ရာမှာ ပြုစုရာတွင်လည်း
အစွယ်များ၊ အမြီးဆူးဖျားများ၊ အသားထည်းတွင် ကြွင်းကျန်လျှင် ဇာဂနာနှင့် ဆွဲနုတ်ရမည်။ ... ဇ၀က်သာ၊ ထုံး ၂ ဦးကို ရေနှင့်ရော၍ဖြစ်စေ၊ ကြက်သွန်နီကို ဖြစ်စေ၊ အနာထဲသို့ဝင်အောင် ပွတ်၍သွင်းရမည်။
လို့ ရေးသားထားပြီး မီးလောင်၊ ရေနွေးပူ လောင်ခံရသူတွေကို ပြုစုရာမှာလည်း
မီးလောင်သော ဒဏ်ရာတွင် လေမ၀င်စေခြင်းငှာ၊ မြေဖြူမှုံ့၊ အာတာလွတ်ဥ ပေါင်ဒါမှုံ့၊ ဂျုံမှုံ့ တို့ကို ရရာဖြူးရမည်။ သို့မဟုတ် အ၀တ်စကို ထောပတ်ဖြစ်စေ၊ ဆီဖြစ်စေဆွပ်၍ အနာကို ကပ်ရမည်။ နှမ်းဆီ သို့မဟုတ် အုန်းဆီနှင့် ထုံးကြက်တက်ရေကို ဆတူရောစပ် (၍)၊ ... ၎င်းဆီကို သုတ်လိမ်းပြီးလျှင် ဂွမ်းနှင့် ဖုံးအုပ်စည်းထားရမည်။ ငှက်ပျောရွက်နုကို ဆီဆွတ်၍ အနာမှာ ကပ်ရမည်။ ၎င်းပြင် မီးလောင်၍ အလွန်ပူနေလျှင် ငှက်ပျောပင်ကို ခုတ်၍ ကြမ်းသောအခွံများကို ခွာပြီးလျှင် ခပ်နုနု ငှက်ပျောပတ်ရည်ကို အနာပေါ်သို့ ညှစ်ချရမည်။
လို့ ရေးသားဖော်ပြထားပါတယ်

ကြိုတင်ကာကွယ်ဆေး ထိုးတဲ့ ဓလေ့ကို အဲဒီအချိန်က မြန်မာတွေ လုပ်လေ့လုပ်ထ မရှိသေးလို့ ကာကွယ်ဆေးထိုးဖို့ ပညာပေးစည်းရုံးရာမှာ အလွန်ပဲ လက်ဝင်ခက်ခဲလှတဲ့ အချိန်ဖြစ်တယ်။ အထူးသဖြင့် ပလိပ်ရောဂါ ကာကွယ်ဆေး ထိုးသင့်ကြောင်းကို လက်တွေ့ဥပမာတွေနဲ့ အများပြည်သူ လက်ခံယုံကြည်လာအောင် ယထာဘူတကျကျ တင်ပြထားတာ အောက်ပါအတိုင်း တွေ့ရလိမ့်မယ်။
အိန္ဒိယတိုင်း၌ တိုင်းသူပြည်သားတို့ကို ပလိပ်ဆေးထိုးစေ၍ မထိုးသေးသောသူများနှင့် ပြိုင်ယှဉ်နှိုင်းစာလျှင် စာရင်း ကောက်ယူသောအခါ အများပင် ပလိတ်ရောဂါကို ကွယ်ကာနိုင်သောကြောင့် ပလိတ်ဆေးထိုးခြင်းသည် အလွန်အကြိုးကြီးကြောင်း သိမြင်ရသည်။ ကျွန်ုပ်တို့ ပုသိမ်မြို့မှာလည်း ၎င်းနည်းတူ ပလိတ်ဆေးထိုးစေ၍ စာရင်း ကောက်ယူရာ အလွန် ကာကွယ်နိုင်ကြောင်းကို တွေ့မြင်ရလေသည်။ ... ကျွန်ုပ်ကိုယ်တိုင် ယုံကြည်စိတ်ချလျက် ပလိတ်ဆေး ထိုးခံပြီးလျှင် ကျွန်ုပ်၏ဇနီး၊ သားသမီး၊ ဆွေမျိုးညာတကာတို့ကို ပလိတ်ဆေးထိုးစေပြီးမှ တိုင်းသူပြည်သားတို့အား ထိုးပေးသည်ဖြစ်သောကြောင့် ပလိတ်ဆေးထိုးသည့်အတွက် ဘေးဥပဒ် အနည်းငယ်မျှ မရှိကြောင်း ၀ံခံနိုင်ပါသည်။

ဒေါက်တာစံစီပိုးရဲ့ `ဂီလနုပဌက´ ရှေးဦးသူနာပြုကျမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ပြုစုခဲ့တဲ့ ကျမ်းဟောင်းတစ်ဆူ ဖြစ်ပေမယ့် ဒီနေ့အထိ ခေတ်မီပြီး အသုံးတည့်သေးတာကို တွေ့ရတယ်။ ရှေးဦးသူနာပြုကျမ်းလို့ ဆိုရပေမယ့် ခန္ဓာဗေဒဆိုင်ရာ ဆေးသိပ္ပံ အချက်အလက်များကိုလည်း ပြေပြစ်ချောမောတဲ့ မြန်မာစကားပြေ သက်သက်နဲ့ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားပါတယ်။ ဒါအပြင် ဒီဂီလာနုပဌကကျမ်းဟာ မြန်မာနိုင်ငံမှာ ကြက်ခြေနီလုပ်ငန်းနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတဲ့ စာပေတွေအထဲမှာ အစောဆုံးတွေ့ရတဲ့ အထောက်အထားတစ်ခု ဖြစ်လို့ မြန်မာ့ ကြက်ခြေနီသမိုင်းအတွက်လည်း လွန်စွာမှ တန်ဖိုးရှိလှပါတယ်။ ဒေါက်တာစံစီပိုးဟာ မြန်မာ့ကြက်ခြေနီဆိုင်ရာ ရှေးဦးသူနာပြုလုပ်ငန်းကို မျိုးစေ့ချခဲ့သူ ကြက်ခြေနီ ဖခင်ကြီးတစ်ဦး အဖြစ်နဲ့ ဂုဏ်ပြုထိုက်လှ ပါပေတော့တယ်။

ဤပို့စ်အား ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ - ဒေါက်တာမျိုးသန့်တင် စာအုပ်မှ ကိုးကား၍ ကောက်နုတ်တင်ပြအပ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...