စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ (7,8,9,10)





7. Peter Van Agtmael, Taxes. USA

ဓာတ်ပုံဆရာ Peter Van Agtmael က အီရတ်နဲ့ အာဖဂန်နစ်စတန် တို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကို သွားပြီး နှစ်ပေါင်းများစွာ ဓာတ်ပုံရိုက် မှတ်တမ်းတင် ခဲ့သူပါ။ ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက ဟူစတန်လေဆိပ်နဲ့ မိုင်အနည်းငယ် အကွာမှာရှိတဲ့ မိုတယ်တစ်ခုက ရေကူးကန်မှာ အီရတ် စစ်ပြန်တစ်ဦး ဖြစ်သလို လူရွှင်တော် တစ်ဦးလည်းဖြစ်တဲ့ Bobby Henline ကို သူရိုက်ယူထားတဲ့ ဓာတ်ပုံပါ။
အဲ့ဒီနေ့က အရမ်းပူအိုက်ပြီး ရေကူးကန်ကိုလည်း အလင်းရောင် မှိန်ဖျဖျလေးသာ ပေးထားပါတယ်။ Bobby က ရေထဲမှာ ပက်လက်လှန်ပြီး ပေါလောကြီး မျောနေတာကို သူတွေ့ရပါတယ်။ သူက ဒီပုံရိပ်ကို ဟိုတယ်ရဲ့ လေသာဆောင်ကနေ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။ Bobby ရဲ့ လှုပ်ရှားမှုတိုင်းက သူ့အတွက် အဓိပ္ပာယ် ရှိနေတယ်လို့ Peter ကဆိုပါတယ်။ မိုတယ်အတွင်းက လူတချို့က လေသာဆောင်ကို ထွက်လာကာ ဘီယာသောက်ရင်း Bobby ကို ကြည့်နေကြပေမယ့် သူကတော့ ဂရုမစိုက်ပါဘူး။ 
 
အဲ့ဒီအချိန်မှာ မိုတယ်က စာရေးတစ်ဦးက ရေကူးကန်ကို ၉ နာရီမှာ ပိတ်ရမယ်လို့ ပြောပါတယ်။ Peter နဲ့ Bobby က ပုံကောင်းရဖို့ ခဏနေပါရစေလို့ ပြောပေမယ့် စာရေးက လက်မခံ ပါဘူး။ မိုးလေး တဖွဲဖွဲလည်း ကျလာတဲ့အတွက် သူတို့နှစ်ယောက်သား ဓာတ်ပုံ ရိုက်တာကို လက်စသတ်ပြီး ဘီယာသောက်ဖို့ ထွက်လာခဲ့ကြတယ်လို့ Peter ကပြောပါတယ်။
 
 

ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ

8. Mosa,ab Elshamy Cairo, Egypt

၂၀၁၃ ခုနှစ် ဇူလိုင်လ၂၇ ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာရှိတဲ့ Rabba Adaweya ရင်ပြင်မှာ စစ်တပ်ရဲ့ ဖယ်ရှားခြင်းခံရတဲ့ အီဂျစ်သမ္မတဟောင်း Mohamed Morsi ကို ထောက်ခံသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက တိုက်ခိုက်နေတဲ့အကြောင်း သိရတဲ့အချိန်မှာ ဓာတ်ပုံဆရာ Mosa,ab Elshamy က အဲ့ဒီနေရာကို သွားခဲ့ပါတယ်။ သမ္မတဟောင်း Morsi ကို ထောက်ခံတဲ့သူတွေက အဲ့ဒီနေရာမှာ စခန်းချနေတာ နှစ်လလောက် ရှိပါပြီ။ 
 
တစ်ညလုံးလုံး စခန်းရဲ့ ရှေ့မျက်နှာစာကို ပြေးလိုက်၊ ဆေးရုံသဘောမျိုးအဖြစ် လုပ်ထားတဲ့ အခန်းနဲ့ သေဆုံးတဲ့သူတွေကို ထားတဲ့အခန်းကို တစ်လှည့်စီ သွားလိုက်နဲ့ ဓာတ်ပုံရိုက်မှတ်တမ်း တင်ခဲ့ပါတယ်။ စခန်းမှာက ဆေးရုံ လူနာတင် ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ပြည့်နှက်နေပြီး ဥသြသံတွေ၊ ကြောက်လန့်တကြား အော်သံတွေနဲ့လည်း ညံစီနေပါတယ်။ လေထဲမှာလည်း မျက်ရည်ယိုဗုံး အသုံးပြုရာကနေ ထွက်လာတဲ့ မီးခိုးတွေနဲ့ ပြည့်နှက်နေတယ်လို့ ဓာတ်ပုံဆရာ Mosa က ပြောပါတယ်။
ဆယ့်နှစ်နာရီလောက် အဲ့ဒီနေရာမှာ နေပြီးတဲ့ အချိန်မှာတော့ ပင်ပန်းလာတဲ့အတွက် ကင်မရာကို သိမ်းပြီး သူအိမ်ပြန်ခဲ့ပါတယ်။ 
 
လမ်းမှာ ဆူဆူညံညံ အသံကြားရပြီး လူအုပ်တစ်အုပ်ကို သူတွေ့လိုက်ပါတယ်။ ယောက်ျားကြီး နှစ်ယောက်က ခေါင်းမှာ သေနတ်မှန်ပြီး သေဆုံးနေတဲ့ လူငယ်တစ်ယောက်ကို သယ်လာတာသူ တွေ့ရပြီး လူငယ်ရဲ့ ညာဘက်က ယောက်ျားကြီးက လူငယ် သေဆုံးနေပြီဆိုတာ မသိတဲ့အတွက် ဆေးကုပေးဖို့အတွက် အော်ဟစ် တောင်းဆိုနေပြီး ဘုရားသခင်ကိုလည်း တိုင်တည်နေတာကို သူတွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းကို သူကကင်မရာ ထုတ်ပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီပုံက အဲ့ဒီနေ့ ဖြစ်စဉ်မှာ သူနောက်ဆုံး ရိုက်ယူခဲ့တဲ့ ဓာတ်ပုံဖြစ်ပေမယ့် အခုချိန်အထိ အမှတ်ရ နေတုန်းပါပဲလို့ သူကပြောပါတယ်။
 
 
 ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ

9. Phillipe Lopez, Tolosam, Leyte, the Philippines

ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှု ဖြစ်စဉ်အပြီး မြင်ကွင်း တစ်ခုကို ဓာတ်ပုံဆရာ Phillipe Lopez က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံက ကြည်လင် ပြတ်သားတဲ့အပြင် မြင်ကွင်းကလည်း စိတ်ထိခိုက်စရာ ကောင်းနေတဲ့အတွက် လူတွေက ဒီဓာတ်ပုံရဲ့ ညှို့ငင်မှုကို ခံလိုက်ရတာ ဖြစ်မယ်လို့ ထင်ကြောင်း ဓာတ်ပုံဆရာက သူ့ရဲ့အမြင်ကို ဖွင့်ဟပါတယ်။
 
 
 
ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ

10. Emin Ozmen, Keferghan, Syria

ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် သြဂုတ်လတုန်းက ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ မြို့လေးတစ်မြို့မှာ အယ်လ်ကိုင်းဒါးတွေနဲ့ ဆက်သွယ်မှုရှိတဲ့ ISIS စစ်သွေးကြွတွေက လူတစ်ယောက်ကို သတ်ဖြတ်ခါနီး အချိန်လေးမှာ Emin Ozmen က ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။ အဲ့ဒီနေ့က ISIS စစ်သွေးကြွတွေက လူလေးယောက်ကို သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို ရွာစဉ် လှည့် သယ်ဆောင်ကာ ပြသခဲ့ပါတယ်။ Emin Ozmen ရိုက်ယူခဲ့တဲ့လူက အဲ့ဒီနေ့က နောက်ဆုံး သတ်ခံရတဲ့သူပါ။ 
 
ဒီဓာတ်ပုံကို ရိုက်ကူးတဲ့ အချိန်တုန်းက ကင်မရာကို လွှတ်မချမိအောင် သူကြိုးစား ခဲ့ရပါတယ်လို့ ဓာတ်ပုံဆရာက ပြောပါတယ်။ ဒါဟာ စစ်ပွဲတစ်ပွဲ ဖြစ်ပြီး သူကတော့ စစ်ပွဲရဲ့ မနှစ်မြို့စရာ ကောင်းတဲ့ အခိုက်အတန့် တစ်ခုအတွင်းမှာ ရောက်ခဲ့တာပါလို့ Emin Ozmen ကဆိုပါတယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...