စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မပေးသော်လည်း ယူအပ်သည့်အရာ


ရေးသားသူ- သင်းရီ

စင်စစ်တော့ အဲ့ဒါသည် တာဝန်ဖြစ်၏။ တာဝန်ဆိုသည်မှာ ပေးမှယူရသည့် တာဝန်ချည်းသက်သက် ရှိသည်မဟုတ်။ မပေးဘဲလည်းယူအပ်သည့် တာဝန်ရှိလေသည်။ မိမိရောက်ရှိနေသော အရပ်ဒေသနှင့် မိမိထမ်းဆောင်နေသော အလုပ်တို့၌ မပေးသော်လည်း မိမိဘာသာ ဖန်တီးယူအပ်သည့် တာဝန်ဆိုသည်မှာ ရှိလေ၏။ မိမိဘာသာဖန်တီးယူသည့် ထိုတာဝန်သည် မိမိရောက်ရှိနေသော အရပ်ဒေသနှင့် မိမိထမ်းဆောင်နေသော အလုပ်တို့အပေါ်ထားရှိသည့် မိမိ၏မေတ္တာစေတနာတို့၌ မြစ်ဖျားခံလေသည်။

သို့တိုင် အချို့က ထိုတာဝန်ကို ပေါ့ဆကြသည်။ တချို့က မေ့လျော့ကြသည်။ အချို့ကမူ တာဝန်ရှိသည်ဟုပင် ထင်ကြပုံမရကြ ပြောပေါ့ပေါ့၊ လုပ်ပေါ့ပေါ့တွေက များလှသည်။

ဒါကလည်း ကိုယ့်တာဝန်ကိုယ် ဖန်တီးယူရသည် ဆိုခြင်းထက် အမိန့်ပေး အမိန့်ခံဘ၀တွင်သာ ကျင်လည်ခဲ့ရချိန်တွေ၊ ဆယ်စုနှစ်များစွာနှင့်ချီကာ ကြာညောင်းလာခဲ့သဖြင့် မိမိဘာသာ ဖန်တီးယူရသည့် တာဝန်စိတ်ဓာတ် ခြောက်ခန်းသွားခဲ့ကြခြင်းလည်း ဖြစ်ပုံရလေသည်။

မည်သို့ဆိုစေ ထိုသို့သော တာဝန်မဲ့မှုကြောင့် လူ့အသက်တွေ အဟောသိကံ ဆုံးရှုံးခဲ့ရခြင်းများ၊ မြန်မာ့သမိုင်းထဲမှာ ဟောတစ်ခုဟောတစ်ခု ထောက်ပြလို့မကုန်ဆိုသလို ရှိခဲ့ရဖူးသည်။ အသေးဆုံးမှသည် အကြီးဆုံးထိ ရှိခဲ့သည်။ အနမတဂ္ဂ။ အခြားအခြားသော ပညာရေး၊ စီးပွားရေး စသည်ဖြင့် တာဝန်မဲ့မှုကြောင့် နစ်နာဆုံးရှုံးခဲ့ကြရသည်များလည်း အပုံအပင်ရှိလေသေး၏။

ထားတော့။

ယခုပြောလိုသည်က တာဝန်မဲ့မှုကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် မော်တော်ယာဉ်မတော်တဆဖြစ်မှုတွေ သည်နှစ်တွေထဲမှာ ရန်ကုန်လိုမြို့ကြီးပေါ်မှာရော နယ်အဝေးပြေးလမ်းမတွေ ပေါ်တွေမှာရော အများအပြားကြားခဲ့ရသည်။ သတင်းဆိုးတွေချည်းမို့ စိတ်ချမ်းမြေ့ဖွယ်ရာမရှိ။ ဖြစ်လိုက်ပြီဆို ဒင်နှင့်အင်နှင့်။

တကယ်တော့ ရန်ကုန်ထဲမှာဖြစ်ဖြစ်၊ အဝေးပြေးလမ်းမှာဖြစ်ဖြစ် ကတ္တရာလမ်းအစပ်မှ ခြေကြွလျက် ကားပေါ်သို့တက်လိုက်မိပြီးပြီ ဆိုကတည်းက ကိုယ့်ဘ၀ကိုယ် မပိုင်တော့ကြောင်း သတိနှင့်နေတတ်သူတိုင်းသိသည်။ ကိုယ့်ဘ၀တစ်ခုလုံးကို ကားဆရာတို့လက်ထဲ ၀ပင်မကွက်ဘဲ လုံးလုံးလျားလျား ထည့်လိုက်ကြရခြင်းသာဖြစ်သည်။ တစ်နည်းဆိုရလျှင် ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲပိုင်ခွင့်တစ်ခုလုံးကို ကားဆရာတို့ထံ အပ်နှံလိုက်ရသလိုသာ ဖြစ်တော့၏။

ရန်ကုန်ရွှေမြို့တော်ကြီးမှာဖြင့် နေရာထိုင်ခင်းမှအစ ကားဆရာကိုကိုတို့သဘော။ ဒီနားနေဆိုနေ။ ဟိုနားသွားဆိုသွား။ အထူးကားဆိုသော်လည်း မထူးကား ဖြစ်သွားတော့လည်း နေလိုက်။ လူမကျပ်သေးလို့ ဒီမှတ်တိုင်မှာ တစ်ညအိပ်မယ်ဆိုတော့လည်း အိပ်ပေါ့။ ဘာတတ်နိုင်တာလိုက်လို့။ ကိုယ့်မှာက ပြောခွင့်မရှိခဲ့တာ ကြာခဲ့ပေါ့။ ပြောကြည့်လေ။ တချို့ အမှီအတွယ်ရှိတဲ့ လိုင်းကြီးတွေက အုံနဲ့ကျင်းနဲ့၊ သံတုတ်လည်းပါသတဲ့။ ဆိုတော့.. “တိတ်တိတ်နေသေခဲ”နှင့်ပဲ နေခဲ့ကြ။ အရေခွံထူခဲ့ပြီးသည့် မြန်မာပြည်သူတွေပဲပ၊ ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနှင့်လည်း မေ့ပစ်လိုက်နိုင်ခဲ့ကြ။

သို့တိုင်လည်း “ရှေ့မှာ ဟိုကောင်အထိုင်ချပြီး တံမြက်စည်းသိမ်းနေတယ် ၀ိုက်ပစ်လိုက်တော့ ဆရာရေ့” ဆိုသည့်အသံ ကြားလိုက်ရပြီးပြီဆိုလျှင်တော့ ကားပေါ်မှာ ဣတိပိသောတွေ၊ သံဗုဒ္ဓေတွေ သောသောညံတော့သည်။ သည်လိုနှင့် ညနေစောင်း ခြောက်နာရီခွဲ ခုနစ်နာရီဆို လူရှုပ်ရှုပ်ရန်ကုန်မြို့တွင်း လမ်းတွေပေါ်မှာ လိုင်းကားကြီးတွေက သူတို့ကိုယ်ပိုင်လိုင်စင်ယူထားသည့် လမ်းတွေလို ထင်တိုင်းကြဲကြသည်။ လမ်းပေါ်မှ လူကိုလည်း ဂရုစိုက်ရကောင်းမှန်းမသိ။ လမ်းတစ်ကြောတည်း ကားငယ်တွေကိုလည်း ညှာတာရကောင်းမှန်းမသိ။ ကားပေါ်မှာ ပါလာသူတွေကတော့ သူ့လက်ခုပ်ထဲကရေပဲ။

သူ့ရှေ့လေကာမှန်ပေါ်တွင် အထင်အရှားရေးထားသည့် စာတန်းကိုတော့ သူကောင်းကောင်းမြင်ပုံရသည်။

“ သင့်သားသမီး၊ ဇနီး၊ မိသားစုများက ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သင်ပြန်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်”တဲ့။

သည်စာတန်းက သိပြီးသား။ အကြောင်းမဟုတ်။ ဖြစ်လာပြီဆိုတော့လည်း ခပ်သုတ်သုတ်ဆင်းပြီး ထွက်ပြေးလိုက်ရုံပ။ စိတ်ကစေစားပြီးသား အသင့်ရှိတတ်ကြ၏။

ဤစရိုက်လက္ခဏာကပင် တာဝန်ယူစိတ်နေရာ၌ အောက်တန်းကျစိတ်က ခြေစုံဝင်ရပ်ပြီးသားရှိနှင့်ကြောင်း ပြဆိုလိုက်ခြင်းပင်ဖြစ်သည်။ ရာခိုင်နှုန်းဖြင့်ပြောလျှင် ထင်ရာစွတ်လုပ်လာပြီး ထွက်ပြေးသူက ၈၀ ရာခိုင်နှုန်းကျော်ရှိသည်။ ထိုသို့ ကိုယ့်တာဝန်ကိုယ်ယူရဲသည့် သတ္တိမရှိလျှင် နဂိုကတည်းက ဆင်ခြင်တိုင်းထွာစိတ် ရှိကြဖို့ကောင်းသည်။ သို့သော် နှစ်ခုလုံးမရှိ။

ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်သည့်တိုင် အသည်းနှလုံးထဲ၊ နားထဲတွင် ယနေ့ထက်တိုင် စွဲနေသည့် ရန်ကုန်မြို့ပေါ်မှ ယာဉ်မတော်တဆဖြစ်မှု တစ်ခုရှိသည်။

အချင်းချင်း “ဖိုက်”ကာ သာကေတအ၀ိုင်းကို အတိုင်းအဆမရှိသည့်အရှိန်ဖြင့် ထင်တိုင်းကြဲပြီး ပတ်လာသည့် မီနီဘတ်စ်ကားက တစ်ဖက်ယာဉ်ကြောပေါ်တွင် သူ့ဘာသာသူ အေးအေးဆေးဆေး မောင်းလာသည့် တက္ကစီကားကို ယာဉ်ကြောကိုကျော်လျက် မျက်နှာချင်းဆိုင်မှ ၀င်တိုက်သဖြင့် တက္ကစီပေါ်မှ ယာဉ်မောင်းရော ကားပေါ်တွင်ပါလာသည့် ခရီးသည်သုံးဦးပါ နေရာတွင်ပင် ပွဲချင်းပြီးကြရသည် ဆိုသည့်အခါ မီနီဘတ်စ်မောင်းသူ မည်သို့ခံစားရမည် မသိသော်လည်း ကြားရသူရင်ထဲတွင်ဖြင့် အကြောင်းမဲ့သက်သက် ဖြစ်ရလေတယ်ဟု နင့်နေအောင်ခံစားရသည်။ ယခုထက်တိုင်လည်း ကြမ်းနေရမ်းဆဲ ထိုဘတ်စ်ကားတွေကိုမြင်လျှင် လူသတ်တဲ့ယန္တရားတစ်ခုကို မြင်ရသလို ခါးခါးသီးသီးဖြစ်နေမိသည်။

တကယ်တော့လည်း ထိုသို့သော ဖြစ်ရပ်ဆိုးတိုင်းမှာ စည်းကမ်းမဲ့မှုနှင့် တာဝန်ယူစိတ် ကင်းမဲ့မှုတွေကြောင့်သာ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်လေသည်။

အဝေးပြေးလမ်းမတွေပေါ်မှာလည်း သည်နှစ်တွေထဲမှာ ယာဉ်မတော်တဆဖြစ်မှုတွေ ပိုလို့ပင်များလာသည်။ အထူးသဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာဖြစ်သည်။

နောက်ဝင်သည့် ကားသစ်တွေကလည်း အင်ဂျင်ပါဝါတွေကောင်း၊ လမ်းကလည်းချောသဖြင့် ထင်တိုင်းကြမ်းကြသည့်အခါ ဖြစ်လိုက်ပြီဆို ပိုးစိုးပက်စက်။ တကယ်တမ်းမှာတော့လည်း အဲ့သည် အမြန်လမ်းဆိုသည်ကလည်း အမြန်လမ်းပီပီသသ စစ်စစ်မြစ်မြစ် မဟုတ်တာလားလည်းမသိ။ အမြန်လမ်းအင်္ဂါနှင့် မညီသေးသည့် မည်ကာမတ္တ အမြန်လမ်းဟုလည်း ပြောသံကြားရရဲ့။ သို့သော် လမ်းကကွန်ကရိလမ်းချောဆိုသည့်အခါ သည်လိုလမ်းမျိုး မကြုံဖူးကြသေးသည့် ကားဆရာတို့က သတိကိုလွှတ်၍ မောင်းကြသည့်အခါ ဟောဖြစ်ပြန် ဟောဖြစ်ပြန်ဆိုသလို မကြာခဏ။ ရှေ့ကဖြစ်သွားတာ မကြာသေးလည်း နောက်လူက မဆင်ခြင်ကြ။

စာရင်းဇယားအရဆို ထိုအမြန်လမ်းမကြီးပေါ်မှာတွင်ပင် ၂၀၀၉ မှ ၂၀၁၂ အထိ ၃ နှစ်တာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၅၄ ကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၁၈၆ ဦး၊ ဒဏ်ရာရသူ ၅၆၆ ဦးရှိခဲ့သည်။ ထိုအဖြစ်အပျက် ၃၅၄ ကြိမ်၏ ဖြစ်ရခြင်းအကြောင်းရင်းများကို စူးစမ်းသည့်အခါ ယာဉ်မောင်း၏ ပေါ့ဆမှုကြောင့်ဖြစ်ရခြင်းက ၂၅၈ ကြိမ်ဖြစ်ကြောင်း တွေ့ရလေသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှလွဲလျက် မြန်မာပြည်တွင်း လမ်းတွေဆိုသည်က ၄ လမ်းသွား မဟုတ်သည်ကများသည်။ မျက်နှာချင်းဆိုင် ၂ လမ်းသွားပင် ခပ်ကျဉ်းကျဉ်း။ လမ်းချောသည့် ရန်ကုန်-ပြည်လမ်းသည်ပင် ပွတ်ကာသီကာနှင့် အတော်ကျဉ်းသည်။ တရုတ်မော်တော်ဆိုင်ကယ်တွေ ဈေးပေါပေါနှင့် ခေတ်ထလာခဲ့သည်မှာ ကြာပြီဖြစ်၍ လမ်းပေါ်မှာ သူတို့တွေကလည်း ရှုပ်ရှုပ်ထွေးထွေး ရှိလှသည်။ ပြီး သူတို့လေးတွေက လမ်းစည်းကမ်းရယ် ဘာရယ်နှင့် လေးလေးပင်ပင်မရှိတတ်။ တချို့ကဆို ဖြစ်ကာမှဖြစ်။ ထီမထင်။ သည်လိုလမ်းမျိုးပေါ်မှာ မောင်းရသည့် ကားဆရာတော့ ဘယ်လိုနေမည်မသိ။ ကားပေါ်တွင်ပါလာသည့် ခရီးသည် ကိုယ်ကဖြင့် သည်းတထိတ်ထိတ် အူတယားယားရှိလှ၏။

မကြာသေးခင် ရက်ပိုင်းထဲမှာ ပြည်-တောင်ကုတ်လမ်းပေါ်မှ ယာဉ်မတော်တဆ သတင်းဆိုးတစ်ခု ပူပူလောလော ကြားလိုက်ရသေးသည်။ ရခိုင်ရိုးမပေါ်မှ တောင်ကုတ်ဘက်သို့ ဆင်းလာသည့် ခရီးသည် ၄၀ ကျော်ကို တင်ဆောင်လာသော ခရီးသည်တင် လေအိတ်ဘတ်စ်ကားကြီးတစ်စီး ပေတစ်ရာကျော်နက်သည့် ချောက်ကြီးထဲသို့ ထိုးကျသွားသည်တဲ့။ နံနက်အစော ၃ နာရီဝန်းကျင် ညဥ့်အမှောင်ပိန်းပိန်း ဆောင်းဒဏ်အေးအေးကြီးထဲမှာ အော်သံ ညည်းသံ ငိုယိုသံ ကူကြပါ ကယ်ကြပါ အော်ဟစ်အကူအညီတောင်းခံသံတွေ ရခိုင်ရိုးမကြီးပေါ်မှာ အပူမီးတွေ လောင်နေခဲ့လေသတဲ့။

ကာယကံရှင်တွေ မည်မျှခံစားကြရမည်မသိ။ ကြားရသူပင် ရင်ထဲမှာနင့်သည်။ တောင်ကုတ်မှ ကယ်ဆယ်ရေးတွေ အလောတကြီးရောက်လာကြပေမင့် နေရာတွင်ပင် ခရီးသည် ၁၄ ဦး အသက်ဆုံးရှုံးကာ ၃၃ ဦး ဒဏ်ရာရသည်တဲ့။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်ဆိုသည့် တစ်ဒင်္ဂလေးအတွင်း
သတိလက်လွတ်ဖြစ်ခဲ့ရသည့်အဖြစ်။ နေရာတွင်ပင် ကွယ်လွန်သွားခဲ့ရသည့် ကားမောင်းသူဒရိုင်ဘာသာလျှင် ဘယ်သူ့အပြစ်လဲ၊ လမ်းအပြစ်လား၊ ကားအပြစ်လား၊ မိမိကိုယ်တိုင်၏ အပြစ်ပေပဲလား သိနိုင်ပေတော့မည်။ ဘာပဲဖြစ်ဖြစ် ပြဿနာတစ်ရပ်ဖြစ်ပြီးကာမှ ဘယ်သူ့အပြစ်လဲ ရှာရသည်ထက်
လူ့အသက်ပေါင်း ၄၀ ကို တာဝန်ယူသယ်ဆောင်လာခဲ့သည့် မိမိ၏အလုပ်အပေါ်တွင် အစောကတည်းကပင် မေတ္တာနှင့်စေတနာ အရင်းခံသော တာဝန်ယူလိုစိတ်ကသာလျှင် ပို၍ပဓာနကျမည်ထင်သည်။

၂၀၁၁ ခုနှစ်ထဲတုန်းက မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးတွင် ဖြစ်ပွားခဲ့သည့် ယဉ်မတော်တဆဖြစ်မှုတစ်ခု အကြောင်းကလည်း မေ့ပစ်နိုင်စရာမရှိခဲ့။

ဘုရားဖူးယာဉ်တစ်စင်းနှင့် အဝေးပြေးယဉ်လိုင်းမှ အမြန်ယာဉ်ကြီးတစ်စီး တိုက်မှုဖြစ်ခဲ့ရာ အမြန်ယာဉ်ပေါ်တွင်ပါလာသည့် ခရီးသည်တွေက ဘေးမသီ ရန်မခရှိကြသော်လည်း ဘုရားဖူးကားပေါ်တွင်ပါလာသည့် ခရီးသည် ၇ ဦး သေဆုံးခဲ့ရလျက် ၁၈ ဦး ဒဏ်ရာရသွားခဲ့ကြရသည်။

ထိုသို့ လူ့အသက်တွေ ပက်ပက်စက်စက် ဖြစ်ပွားခဲ့ရသည့် ယာဉ်တိုက်မှုတွင် အဝေးပြေးမှန်လုံအမြန်ယာဉ်လိုင်းမှ တာဝန်ရှိသူများက ၎င်းတို့နှင့်ဖြစ်ပွားခဲ့ရသော ထိုအဖြစ်အပျက်အပေါ် မျက်နှာလွှဲခဲပစ် လျစ်လျူရှုခဲ့ကြသည်တဲ့။ သတင်းတစ်ပုဒ်တွင် ဖတ်ရသည်။

ထိုသတင်းမျိုးကို ဖတ်ရသည့်အခါ ဟုတ်မှဟုတ်ပါလေရဲ့လား မယုံကြည်နိုင်။ မေတ္တာတရား၊ စေတနာတရားတွေ ခြောက်ခန်းကုန်ကြပြီလား။ တာဝန်ယူတတ်မှု ဆိုသည်ကို သိမှသိကြပါတော့ရဲ့လား စိတ်ထဲမှာ နင့်နင့်ခါးခါး ခံစားရသည်။

ဘာပဲဖြစ်ဖြစ် ယာဉ်မတော်တဆဖြစ်မှုတစ်ခု ဖြစ်လာလျှင် ထိုမော်တော်ယဉ်ကိုမောင်းနှင်သည့် ယဉ်မောင်းတွင်တော့ အဓိကတာဝန်အရှိဆုံးဖြစ်သည်။

နီးနီးနားနား အိန္ဒိယနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၁,၉၁၁,၂၂၄ မှု ဖြစ်ပွားခဲ့လျက် လူပေါင်း ၃၆၂,၇၁၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ထိုဖြစ်စဉ်များကို ဆန်းစစ်သည့်အခါ ယာဉ်မောင်းသူ၏ မဆင်ခြင်မှားယွင်းမှုကြောင့် ဖြစ်ပွားရခြင်းက ၇၈ ဒသမ ၅ ရာခိုင်နှုန်း ရှိလေသည်။

မြန်မာနိုင်ငံနှင့်အိန္ဒိယ နှစ်နိုင်ငံ၏ ယာဉ်မတော်တဆ ဖြစ်မှုနှုန်းများကို ကြည့်ရှုလေ့လာသည့်အခါ ယာဉ်မောင်း၏ အဆင်ခြင်မဲ့မှု၊ မှားယွင်းမှုများကသာ ပြဿနာ၏အဓိကရင်းမြစ် ဖြစ်လေသည်။

စင်စစ်မူ မော်တော်ယာဉ်တစ်စီးပေါ်တွင် စီးနင်းလိုက်ပါလာကြသည့် ခရီးသည်တွေဆိုသည်က ယဉ်မောင်းသူတစ်ဦးတည်း၏ အပေါ်တွင်သာ မိမိတို့၏ အသက်ခန္ဓာနှင့် ဘ၀များကို ပုံအပ်ထားကြရသူတွေ ဖြစ်သည်။ ယာဉ်မောင်းတစ်ချက်တိမ်းလျှင် ဘ၀ပေါင်းများစွာအတွက်က တွေးရဲစရာမရှိ။

ထိုအကြောင်းကို ယာဉ်တစ်စီးလုံးကို ဦးဆောင်မောင်းနှင်လာသည့် ယာဉ်မောင်းနှင်သူက ရင်နှင့်အမျှ သိဖို့လိုသည်။ အသက်ပေါင်း ဘ၀ပေါင်းများစွာသည် သူ့လက်ခုပ်အတွင်းမှာရှိကြောင်း ရင်ထဲဦးနှောက်ထဲမှာ စွဲနေဖို့လိုသည်။ ခရီးစဉ်အစမှသည် ခရီးစဉ်အဆုံးထိ ကြီးမားသော တာဝန်ကြီးတစ်ရပ်ကို ထမ်းဆောင်လာကြောင်း သတိမြဲဖို့လိုသည်။ ထိုတာဝန်ကို ဦးထိပ်ပန်ဆင်လိုစိတ်လည်း ရှိဖို့လိုလေမည်။

မိမိရောက်ရှိနေသော အရပ်ဒေသနှင့် မိမိထမ်းဆောင်နေသော အလုပ်တို့၌ မပေးသော်လည်း မိမိဘာသာ ဖန်တီးယူအပ်သည့် တာဝန်ဆိုသည်မှာ ရှိအပ်သည်။ ထိုတာဝန်သည် မေတ္တာတရား၊ စေတနာတရား၌ မြစ်ဖျားခံလေသည်။

အကယ်စင်စစ်တွင်တော့ ယာဉ်မောင်းသည့် နေရာတွင်သာမဟုတ် ဦးတည်ရာရည်မှန်းချက်တစ်ခုခုသို့ ဦးတည်ချီတက် လျှောက်လှမ်းကြသည့် လမ်းခရီးတွင်လည်း ဦးဆောင်ဦးရွက်ပြုသူသည်သာမက ပါဝင်သူအသီးသီးတို့ကပါ မိမိကို နှင်းအပ်လာသည့် တာဝန်မဟုတ်သည့်တိုင် ခရီးစဉ်တစ်ခုလုံးအပေါ် သန့်ရှင်းသော မေတ္တာစေတနာတို့၌သာ အခြေခံလျက် မိမိကိုယ်တိုင် ဖန်ဆင်းယူအပ်သည့် တာဝန်တစ်ရပ်ကို ဦးလည်မသုန် ထမ်းရွက်နိုင်ကြပါစေကုန်....ဟု။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...