စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“တစ္ဆေ..ဟူသည်”

“တစ္ဆေ..ဟူသည်”


                ပါဠိစကား“တဇ္ဇေတိ”ဟူသည်-ခြောက်တတ်၏ဟုအဓိပ္ပါယ်ရပါသည်။ထို“တဇ္ဇေတိ”မှ
“တဇ္ဇေ=တစ္ဆေ”ဟူ၍မြန်မာအခေါ်အဝေါ်စကားဖြစ်လာခဲ့ပါသည်။သို့ဖြစ်ပါ၍တစ်စုံတစ်ဦးသည် အခြားတစ်စုံတစ်ဦးအားကြောက်အောင်ပြုခြင်း-လှန့်ခြင်းကို
တဇ္ဇေ=တစ္ဆေ ဟု ဆိုနိုင်ပါ၏။လူမျိုးအသီးသီး၌ပင်သူ့အယူ၊သူ့အမြင်ဖြင့်“တစ္ဆေ-မကောင်းဆိုးဝါး”ဟူ၍ရှိတတ်ကြပေရာဘာသာအယူဝါဒတစ်ရပ်ပင်ဖြစ်
ပါ၏။တစ္ဆေဟူသည်မြင်နိုင်စွမ်းသောအရာမဟုတ်သည့်အပြင်သေဆုံးပြီးနောက်ဘ၀(ပရလောက)

ကိုဆိုလိုခြင်းဖြစ်ရာသေသည်အခြားမဲ့ဘ၀ကူးပြောင်းပုံအမြင်ဖြင့်အဖြေထုတ်ရန်လိုပါသည်။

တစ္ဆေ ဆို ချို နဲ့လား

           ဘုရားဟူသောအမည်ခံဆရာကြီးများ ဗုဒ္ဓနှင့်အပြိုင်ရှိခဲ့ကြ၏။ထိုသူတို့တွင်“ပူရာဏကဿပ”ဆရာကြီးက-
“ဘာလုပ်လုပ်-ကောင်းမှု၊မကောင်းမှုဟူသည် မရှိ၊ကုသိုလ်-အကုသိုလ်ဟူ၍မဖြစ်၊လုပ်ချင်တာလုပ်၊အကြောင်းတရားမရှိ”ဟု
ဆိုပါသည်။လူမိုက်အားပေး“အကိရိယဒိဠိ”အယူပင်ဖြစ်ပါသည်။

“အဂ္ဂလိဂေါသာလ”ဆရာကြီးကလည်း-“သတ္တ၀ါမှန်သမျှ ကောင်းမှု၊မကောင်းမှု လုပ်ယူ၍မရ၊ကောင်းတာလုပ်လုပ်၊မကောင်းတာလုပ်လုပ်အရှိန်ရှိတုန်းပြေးဦးပေါ့
တစ်နေ့မှာလူလိမ္မာရော၊လူမိုက်ရောမဟာကပ်ရှစ်သန်းလေးသိန်းရှိလျှင်သံသရာအလည်ရပ်၊

ဘ၀ပျက်ကြရပေမည်။သတ္တ၀ါတွေမှာ ဖြစ်ချင်သလိုသာဖြစ်နေကြရသည်”ဟူသော“
အကြောင်းတရားနှင့်အကျိုးတရားပယ်” “အဟေတုကဒိဠိ”အယူဖြစ်၏။

“အဇိကေသကမ္ဗလ”ဆရာကြီးက-
“တမလွန်ဘ၀ဆိုတာမရှိ၊နတ်ပြည်,ငရဲပြည်ဆိုတာမရှိ၊ဘာမျှမရှိသည်ဖြစ်သော ပျော်သလိုသာနေကိုယ့်လူရေ့”ဟုအားပေး
သည့်“နတ္တိက၀ါဒ”နှင့် ဘ၀ပြတ်“ဥစ္ဆေဒ”အယူဖြစ်၏။

ထိုဆရာကြီးများမှာ လူသား၏စိတ်ပိုင်းဆိုင်ရာနှင့်ကံ,ကံ၏အကျိုးကိုလုံးဝပစ်ပယ်သော “ရုပ်ဝါဒီ-MATERIALISM”သက်သက်သာဖြစ်ချေ၏။တစ်ချိန်ကဤနိုင်ငံတွင်“လက်ဝဲ၀ါဒီ”
ဟုဆိုကြသောအစွန်းရောက်ရုပ်ကြမ်းဝါဒီ“VULGAR MATERIALISM”သမားများရှိခဲ့၏။
လူသားတို့၏စိတ်ပိုင်းဆိုင်ရာကိုပစ်ပယ်ကြသူများဖြစ်ရာဖအေအရင်းကိုပင်သားကပြောင်ပြောင်မြောက်မြောက်ဝံ့ဝံ့ကြွား
ကြွားသတ်ပြခဲ့၏။ထိုသို့သော ရုပ်ဝါဒီတို့အဖို့ “တစ္ဆေ ဆိုတာ ချို နဲ့လား”ဟု မေးကြပေလိမ့်မည်။

ဝိညာဉ်-လိပ်ပြာ ဘယ်ကလာ

“မဟာဝီရဘုရား”အမည်ခံ“နိဂဏ္ဍနာဋပုတ္တ”ကမူ သံသရာဝါဒ ကိုလက်ခံသည်။“မဟာဝီရ”မှာ“ဂျိန်းဘုရား”ပင်ဖြစ်၏။သံသ
ရာနှင့်သတ္တ၀ါတို့ဘ၀ကူးပြောင်းပုံ မဟာဝီရအယူအား ဟိန္ဒူဗြဟ္မဏတို့ကလက်ခံထားပေးသည်။
“မဟာဝီရဂျိန်းဘုရား”ကသတ္တ၀ါတို့၌ခန္ဓာကိုယ်နှစ်မျိုးရှိသည်။“သရီရ”ဟုခေါ်သည်။မြင်ရသောအကြမ်းစားရုပ်ခန္ဓာကြီးကို
“ထူလသရီရ”ဟုခေါ်သည်။မမြင်နိုင်သည့်နှုးညံ့သိမ်မွေ့လှသောရုပ်ခန္ဓာကိုယ်တစ်မျိုးကို“သုခုမသရီရ”(သို့မဟုတ်) “လိင်္ဂသရီရ”ဟုခေါ်သည်။


သတ္တ၀ါတို့သေလွန်သောအခါထိုသူ၏“အသက်” “၀ိညာဉ်” “ဇီဝ”ဟုခေါ်သော“အတ္တ”မှာပျက်စီးခြင်းမရှိ။ထို ဇီဝအတ္တမှာဘယ်ခါမှပျက်စီးခြင်းမရှိဘဲအမြဲတည်နေသည်။လူသေ၍“ထူလသရီရ”ရုပ်ခန္ဓာပျက်စီးသောအခါ အတ္တ၀ိညာဉ်မှာမမြင်နိုင်သည့်သိမ်မွေ့နှုးညံ့လွန်းသော“သုခုမသရီရ”(သို့မဟုတ်) “လိင်္ဂသရီရ”ခန္ဓာကိုယ်အားသယ်ဆောင်ပြီးထွက်ခွာသွားတော့
သည်။ထာဝရတည်မြဲနေသောအတ္တမှာမှီတွယ်ရာခန္ဓာဟောင်းကြီးပျက်စီးတိုင်း

အသစ်အသစ်သော“လိင်္ဂသရီရ”ဖြင့်စွန့်ခွာသွား၍ဘ၀သစ်များ ဆက်ခါဆက်ခါ ဖြစ်နေသည်ဟု “မဟာဝီရဂျိန်းဘုရား”နှင့်“ဟိန္ဒူဗြဟ္မဏ”တို့အယူကဆိုသည်။ဤသည်မှာ“သဿတ”အယူပင်ဖြစ်သည်။

ဗြဟ္မဏ နှင့် မဟာယန တို့၏အမြင်အစွဲကိုဖယ်ရှား၍မရနိုင်သေးသော“မြန်မာလူမျိုး”အတော်များများပင်“အတ္တကောင်”
“၀ိညာဉ်ကောင်”အစွဲများဖြင့် “၀ိညာဉ်လောက”“နာမ်လောက”သားများရှိသည်ဟု ထင်မှတ်မှားနေကြသည်။ထိုသူတို့မှာလူ
သေလျှင်မမြင်နိုင်သောဝိညာဉ်ကောင်“လိပ်ပြာ”လွင့်ခွာထွက်သွားသည်။ထို“လိပ်ပြာ”ကို“တစ္ဆေ”ဟုဆိုစမတ်ရှိခဲ့သည်။

မြန်မာဗွီဒီယိုသိုက်သမိုင်း၊နာနာဘာဝဇာတ်ကားများ၌ သေဆုံးသူ၏ရုပ်အလောင်းမှ ထိုသူ၏မှုံဝါးဝါးပုံရိပ်သဏ္ဍာန်ခွာထွက်
သွားပုံပြကွက်မှာ “၀ိညာဉ်ကောင်”သဘောဖြစ်ရာ“၀ိညာဉ်လောက”အယူပင်ဖြစ်၏။

ရှေးလူကြီးအစဉ်အလာ၌ သေဆုံးသူ၏ပါးစပ်ထဲမတ်စေ့၊ငါးမူးစေ့စသည်တို့ထည့်ပေးကြသည်။“ကူးတို့ခ”ဟုခေါ်ကြ၏။
သေသူ၏၀ိညာဉ်သုံးစွဲနိုင်ရေးပင်ဖြစ်ရပါမည်။အချို့သူများသည်ရက်လည်ဆွမ်းသွပ်ကြရာ၌ သေသူ၏သချိုင်းပုံကိုသွား၍
အမည်တပ်ခေါ်ယူကြသည်မှာ“၀ိညာဉ်လောက”အယူအမြင်များသာဖြစ်၏။

ဤသို့ဝိညာဉ်လောကယုံကြည်သူတို့မှာ“သဿတ”ဆန်သော“မိစ္ဆာဒိဋ္ဌိအယူ”ပင်ဖြစ်ပါသည်။ဗုဒ္ဓရှင်တော်မြတ်သည်“ဘဝ
ပြတ်(ဥစ္ဆေဒ) နှင့် ဘ၀ဆက်(သဿတ)”နှစ်ခုစလုံးကိုပယ်ခဲ့ပြီးဖြစ်ပါသည်။


ဗုဒ္ဓ၀ါဒ ဘ၀ကူးကြ
ဗုဒ္ဓ၀ါဒနှင့် ဂျိန်း၊ဟိန္ဒူ၊ဗြာဟ္မဏတို့ နောက်ဘ၀ရှိသည်ကို တူညီကြသော်လည်း“သံသရာကူးပြောင်းပုံ”မှာမတူကြပါ။ခြားနား
ပါသည်။

ဗုဒ္ဓ၀ါဒ ၌ လူသေလျှင် ရုပ်ရော၊နာမ်(စိတ်-စေတသိက်ပါ)/ချုပ်ပျက်ပျောက်ကွယ်ပျက်စီးရပါသည်။ယခုဘ၀တွင်ရှိနာမ်တရား
များမှာနောက်ဘ၀ထိ လိုက်ပါသွားခြင်းမဟုတ်ပါ။နာမ်တရားအသစ်ဖြစ်ပေါ်ရပါသည်။သို့သော် ထိုအသစ်ဖြစ်သောနာမ်တ
ရားမှာသီးခြားကင်းလွတ်သည်တော့မဟုတ်ပါ။ယခင်ဘ၀နာမ်တရားကို အကြောင်းခံပြီး အကျိုးတရားဖြစ်လာရာ အ
ကြောင်း၊အကျိုး၊အကောင်းအဆိုး ဆက်စပ်မှုရှိနေပါသည်။

သို့ဖြစ်ရာ ဗုဒ္ဓဘာသာအယူ ၌သေဆုံးလျှင်ဘ၀သစ်ကကူးသည်ဆိုခြင်းမှာ ယခုဘ၀၊နောက်ဘ၀နှစ်ခု ကြောင်းကျိုးဆက်စပ်
သွားခြင်းသာဖြစ်ပေသည်။ဗုဒ္ဓ၏ အနတ္တ၀ါဒမှာ ဗြာဟ္မဏ တို့၏အတ္တ၀ါဒနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ခဲ့ပေပြီ။


တစ်ဖန် ဗုဒ္ဓ၀ါဒ ၌ သတ္တ၀ါသည်ဤဘ၀သေဆုံးသည်နှင့်တစ်ပြိုင်နက်ဘ၀င်စိတ်မခြားအခြားဘ၀သစ်တစ်ခု၌ ပဋိသန္ဓေဖြစ်
ရပါသည်။တစ်နည်းအားဖြင့် လူတစ်ယောက်၏နောက်ဆုံးစုတိစိတ်နှင့်ဘ၀သစ်ပဋိသန္ဓေစိတ်သည် လက်ဖျောက်တစ်ချက်
တီးချိန်ကို ကုဋေတစ်သိန်းလောက်စိတ်လျှင်တစ်စိတ်လောက်သာကြာ၏ဆိုပါသည်။ဤသဘောမှာ ဘ၀ဟောင်းတစ်ခုကစု
တေရသည်နှင့်တစ်ပြိုင်နက်ပင်ဘ၀သစ်မှာ ဖြစ်ရတော့သည်ဟု ဆိုလိုပါသည်။

သို့ဖြစ်ရာ ဗုဒ္ဓ၀ါဒအရ ဘ၀ဟောင်းနှင့် ဘ၀အသစ်တို့အတွင်း၌ဘ၀တစ်ခုကြားခံရှိနိုင်ပါဦးမည်လော၊၀ိညာဉ်ကောင်၊လိပ်ပြာ
ကောင်ဆိုသည်မှာရှိနိုင်ဦးမည်လော။

ခေတ်အဆက်ဆက်တွင် သေသူ၏လိပ်ပြာကိုခေါ်ယူမေးမြန်းပေးမည်။သေသူမှာ မကျွတ်သေးဘူး၊ဥစ္စာစောင့်ကလိပ်ပြာလာ
နှုတ်မည်ကို မန်းမှုတ်ပေးမည်။ စသည်ဖြင့် ဗုဒ္ဓ၀ါဒကိုရေရေရာရာမသိ နားမလည်သူများအား လိမ်ညာစားနေကြသောဂိုဏ်း
ဆရာကြီးအမည်ခံများကို သတိပြုပါလေ။


ရှိတယ်- မရှိဘူး
ခြောက်လှန့်ခြင်း၊ကြောက်အောင်ပြုခြင်းကို“တစ္ဆေ”ဟု ဆိုနိုင်ပါသည်။သို့ဖြစ်ရာ ခြောက်လှန့်သူရှိက“တစ္ဆေ”ရှိရပါမည်။
ဘုရားရှင်ကိုပင် တစ္ဆေခြောက်ခံရဖူးပါသည်။(သုစိလောမဘီလူး)။မေတ္တာသုတ်၊အာဋာနာဋိကသုတ်တော်တို့မှာ တစ္ဆေများ
အကြောင်းပြုပြီး ဖြစ်ပေါ်လာခဲ့ရသည်။

သို့သော် ဗုဒ္ဓဘာသာဝင်တို့၏(၃၁)ဘုံ ၌ “တစ္ဆေဘုံသား”လုံးဝ မရှိပါ။တစ္ဆေဟုဆိုကြသော နာမ်လောက၊၀ိညာဉ်လောကဟူ
၍ကာမဘုံ(၁၁)ဘုံ ၌လုံးဝ မရှိပါ။ တိတိကျကျဆိုရပါလျှင် “အရူပဘုံ”နှင့်“အသညသတ်ဗြဟ္မာ့ဘုံ”တို့ကလွဲ၍ကျန်ဘုံသား
အားလုံး၌ရုပ်ရော၊နာမ်ပါ (ရုပ်နာမ်နှစ်ပါးစလုံး)ရှိကြသည်သာတည်း။သတ္တ၀ါတို့မှာ ကွယ်လွန်လျှင်မိမိတို့ပြုကြသောကံအား
လျှော်စွာဘုံဘ၀တစ်ခုခု ၌လားကြရပါသည်။

မကောင်းမှုအကုသိုလ်ကံကြောင့်အပါယ်ဘုံသို့ လားကြရာ၌“ပေတဘ၀”(ပြိတ္တာဘုံ)ရှိပါသည်။

            ပေတပြိတ္တာအမျိုးမျိုးတို့မှာသီးခြားဘုံဟူ၍ မရှိပါ။လူ့လောက လူသားတို့တည်ရာ၌မှီ၍ နေတတ်ကြပါသည်။ထို ပြိတ္တာ ကို ပါဠိစကားအားဖြင့်-“ဘူတ-ဘုတ်-ဖုတ်”ဟူ၍လည်းခေါ်ကြပါသည်။(မြန်မာအဘိဓါန်၊မြန်မာစာအဖွဲ့)
ထို ပေတလောကသားများမှာ မြို့ထဲ၊ရွာထဲ မနေ၀ံ့ဘဲ လူသွားလူလာနည်းပါးသော သချိုင်း၊တောတောင်အတွင်း၌သာနေတတ်ကြပါသည်။သူတို့၏ဘ၀မှာအစဉ်သဖြင့် ငတ်မွတ်နေကြသည်။လူတို့စွန့်ပစ်သောစားကြွင်းစားကျန်များ၊တံတွေး၊နှပ်
စသည်တို့ကိုရှာဖွေစားသောက် နေကြရသည်။ပြိတ္တာတို့၏ရုပ်သွင်သဏ္ဍာန်မှာဆိုးဝါးကြောက်မက်

ဖွယ်ကောင်းလှ၍ဘ၀ပေးတန်ခိုး(ကမ္မဇိဒ္ဓိ)၏အစွမ်းသတ္တိဖြင့်လူမမြင်
အောင်ကာကွယ်ထားရသည်ဟု ကျမ်းစာပေများ၌ဆိုပါသည်။အစာရေစာရှာဖွေစားသောက်ရေးအတွက်လူတို့နေထိုင်ရာအ
နီးအပါးသို့ ကပ်လာရပါသည်။


ထိုအခါမျိုး ၌ သက်ဆိုင်ရာပုဂ္ဂိုလ်အား အနံ့ပေးခြင်း၊အရိပ်အယောင်ပြခြင်းရှိတတ်ရာ သူတို့က တမင်ခြောက်လှန့်သည်မဟုတ်သော်လည်း ရံဖန်ရံခါ ကံအားလျှော်စွာ သူတို့၏ပကတိရုပ်ကိုမြင်ကြရသော လူတို့မှာ ကြောက်လန့်ကြကုန်၏။ထို့ကြောင့် ပေတ(ပြိတ္တာ) ကိုပင် ခြောက်လှန့်သကဲ့သို့ရှိနေ၍“တဇ္ဇေတိ=တဇ္ဇေ=တစ္ဆေ”ဟု ပြောဆိုလာကြသည်ဟု “ပေတ၀တ္ထုပါဠိတော် မြန်မာပြန်”၌တွေ့ရပါသည်။
သို့ဖြစ်ရာ-“တစ္ဆေ”ဟူ၍သီးခြားဘ၀ မရှိပါ။“ပေတ”(ပြိတ္တာဘုံသား)ကို တစ္ဆေဟုမှတ်ယူနေကြပါသည်။ဤသည်ကို ထင်ရှား
သော ဆရာတော်ကြီးနှစ်ပါး၏အမေးအဖြေ ဖြင့်တင်ပြရပါလျှင်-


ပြောကြရလျှင်
လောကတွင် တစ္ဆေ ရှိသတဲ့
ဆွေ သိငဲ့သား။

သိပါချင်
ရှိပါလျှင် တစ္ဆေ ဆိုတဲ့
သည်ပုဂ္ဂိုလ် ကောင်သရုပ်ကို
ကျမ်းအုပ်လို့ ကြား။ ။
ဤမေးခွန်းကို“သတပဒိကပုစ္ဆာကျမ်း”၌“မန်လည်ဆရာတော်ဘုရားကြီး”ကမေးခဲ့ပါသည်။
ပြောကြလျှင်
လောကတွင် တစ္ဆေ ရှိသည်ဟု
နှံ့သိကျော်ကြား။
မျိုးထွေထွေ
သည် တစ္ဆေ ရှိသည် ဟုတ်ပါ့ဘူး
မြေဘုတ် ကို တစ္ဆေ ပြောကြတယ်
လောက လူများ။ ။

ဖြေကြားသည့်ပုဂ္ဂိုလ်မှာ“မင်းကွန်းအလယ်တောရဆရာတော်ဘုရားကြီး”ဖြစ်ပါသည်။အဖြေမှာရှင်းပါ၏။တစ္ဆေမျိုးဟူ၍သီး
ခြားမရှိ၊“မြေဘုတ် ပြိတ္တာ”ကိုပင်ခြောက်တတ်သကဲ့သို့ရှိခြင်းကြောင့် တစ္ဆေ ဟုခေါ်ကြသည်ပင်ဖြစ်ပါ၏။

ဤမျှ ဆိုလျှင် “တစ္ဆေပြဿနာ”ရှင်းပါပြီ။
သို့သော်-
အမှတ်တမဲ့ မမြင်ကြသည့် “ဖုံးကွယ်တစ္ဆေ”များရှိနေပါသည်။လူသားတို့အားအယူအမြင်မှားစေပြီးကြောက်လန့်စေသော၊
ဥပါဒါန်အစွဲကြီးစွဲအောင်ပြုလုပ်ပေးသည့် “လောကီအယူမင်္ဂလာ”ဆိုသည်များ နှင့်-
ကောင်းကျိုးတော့ မပေးနိုင်၊ဆိုးကျိုးတော့ပေးနိုင်သည်ဟု အဓိပ္ပါယ်မဲ့ ကြောက်လန့်နေကြသည့်(၃၇)ဦး ဆိုသည်တို့မှာ
လည်း“တစ္ဆေ”များပင် မဟုတ်ပါလား။

(၁၉၉၆၊အောက်တိုဘာလ၊ ဓမ္မရံသီဓမ္မမဂ္ဂဇင်း၊အမှတ်စဉ်(၈၂)၊ မှ မောင်ဝိဘဇ္ဇ၏(တစ္ဆေ)ဆောင်းပါးကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)

မှတ်ချက်။ ။ ဤဘလော့ဘ်ပို့စ်အား မဖတ်ရသေးသူများ၏ဗဟုသုတအကျိုးငှာရည်ရွယ်၍မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်။
ဖတ်ပြီး, သိပြီးသူများ ,အတွက်အနူးအညွတ်တောင်းပန်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...