စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလွဲခါးခါး

by Nan Athinkhayar on Thursday, May 17, 2012 at 3:06pm ·
              မစားချင်ဘူး ..ဆိုတဲ့ အသံနဲ့အတူ ပန်းကန်ကို ဆောင့်တွန်းလိုက်သံကို ကျမ ကြားလိုက်ရတယ်။ လေးအေးပေးစက်ကအေးမြ
နေတဲ့ အရသာရယ်၊ ခပ်ဖျော့ဖျော့တေးသွားရယ်၊ မီနူးစာအုပ်ထဲက အနည်းဆုံး ငါးထောင်တန်တစ်ရွက်လောက် သုံးမှ၊ အလှစားရမဲ့
(အ၀စားဖို့ကတော့ ဒီ့ထက်များစွာ ငွေကုန်ပါတယ်)အစားအသောက်တွေစာရင်းရယ်၊ တိတ်ဆိတ်ရှင်းသန့်တဲ့ နေရာထိုင်ခင်းရယ်...
ပေါင်းစပ်လိုက်တဲ့အခါ ကျမရောက်နေတဲ့ ဒီဆိုင်ဟာ လူတန်းစားတစ်ရပ်ကိုသာ ကိုယ်စားပြုထားတယ်ဆိုတာ မြင်ရုံနဲ့သိသာလှပါတယ်။
              များသောအားဖြင့် တစ်ယောက်တည်း အတွေးတွေနဲ့တိတ်တဆိတ်နေတတ်တဲ့ ကျမအတွက်တော့ ဒီလိုဆိုင်မျိုးကို နှစ်သက်
မိပါတယ်။ အခုလည်း ကျမစားချင်တဲ့ အစားအသောက်မှာပြီး၊ စာအုပ်လေးထုတ်ဖတ်နေတုန်းမှာ သူတို့ ၀င်လာတာကို တွေ့ရတာပါပဲ။ တကယ်ချစ်စရာကောင်းလှပါတယ်။ ကလေးဆိုပေမဲ့ တန်ဖိုးကြီးအ၀တ်အထည်တွေ ဆင်မြန်းထားပြီး နေရိပ်မိုးရိပ်မရှိတဲ့ လုံခြုံအေးမြရာ မိသားစုမှာကြီးပြင်းလာတယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ မိခင်ဖြစ်သူကလည်း ကျော့မော့သန့်ပြန့်နေတာပါပဲ။ သူတို့ နှစ်ယောက်လည်း စားချင်တာတွေ မှာနေတာ တွေ့ရတယ်။ ခဏနေတော့ စားစရာတွေရောက်လာတဲ့အခါမှာ သားအမိနှစ်ယောက်
တည်း စားမှာထက်ကို ပိုမိုပေါလျှံတဲ့မှာကြားမှုဖြစ်နေတာကိုလည်း သတိပြုလိုက်မိတယ်။ ကလေးဖြစ်သူက ဟင်းခွက်တွေများစွာကို ကြည့်ပြီး ဟိုဟာစားကြည့်လိုက် ဒီဟာစားကြည့်လိုက်နဲ့ ထိထိရောက်ရောက်မဟုတ်လှဘဲ၊ ဆော့နေသလို လုပ်နေပါတယ်။ အမေကတော့ သူမှာတာ သူစားပြီး ကလေးကိုလည်း တစ်ချက်တစ်ချက် ခွံတယ်။ ကလေးမလေးက အမေခွံ့တာတွေကို စားတာလည်း စား၊ မစားတာတွေကိုလည်း ပန်းကန်ကို တွန်းဖယ်ပြီး ဆန္ဒပြနေတယ်။ ကျမလည်း အာရုံဖြတ်ပြီး ကိုယ်စားစရာရှိတာ စားလိုက်တယ်။
မကြာမီမှာပဲ ..ငွေရှင်းဖို့ သူတို့ ၀ိတ်တာကို ခေါ်လိုက်တယ်။ ကျသင့်ငွေရှင်းပြီးတဲ့အချိန်မှာ သူတို့စားထားတဲ့ ပန်းကန်တွေဟာ ထိရောက်
တဲ့ အရာယွင်းမှု ဘာမှမရှိလှပါဘူး။ ငွေလေးသောင်းနီးပါး ရှင်းလိုက်ရပေမဲ့ တကယ်စားသွားတာ လေးထောင်ဖိုးတောင် ရှိရဲ့လားလို့ ထင်ရလောက်အောင်ပါပဲ။ ဒါပေမဲ့ ..သူတို့အတွက်တော့ ဘာမှမဖြစ်သလို ပျော်ရွှင်မြူးထူးစွာပဲ ဆိုင်ထဲက ထွက်သွားကြတယ်။ အထွက်တံခါးနား ရောက်တော့တောင် မျောက်ရှုံးတဲ့ ကလေးမလေးက ဆိုင်ရဲ့ မှန်တံခါးကို ကစားသလိုမျိုး ကန်ဖွင့်လိုက်သေးတယ်။ ၀ိတ်တာက ပြုံးပြီး ကြည့်နေတယ်။ နာရီဝက်မရှိတရှိမှာ မြင်လိုက်ရတဲ့ မြင်ကွင်းလေးပါပဲ။
                  သစ်သား ခွေးခြေပုလေးတွေခေတ်ကနေ ဆင့်ကဲပြောင်းလဲလာတဲ့ ပလတ်စတစ်ခုံပုလေးတွေနဲ့တန်ဆာဆင်ထားတဲ့၊ ရေနွေး
ကြမ်းဓာတ်ဘူးတစ်ဘူး ချထားတဲ့၊ သီချင်းသံတွေ ဆူညံနေတဲ့၊ ကားလမ်းမက ဖုန်မှုန့်တွေ လွင့်စင်လာတတ်တဲ့ ဒီနေရာကိုလက်ဖက်ရည်
ဆိုင်လို့ အများက ခေါ်ကြတယ်။ လမ်းဘေးမှာဖြစ်တာမို့ မြင်ကွင်းတွေက ဒိုးယိုပေါက်ကျနေတယ်။ ကျမနဲ့ကျမမိတ်ဆွေတချို့ထိုင်ကြ
တယ်။ မုန့်ပန်းကန် ချ၊ လက်ဘက်ရည်က နှစ်ခွက်၊ ကော်ဖီကတစ်ခွက်၊ အစ်မရော ဘာသောက်မလဲ .... ကြားနေကြအသံတွေပါပဲ။
ပူအိုက်အိုက်လေတွေက ကျောပြင်ကို ချွေးစို့လာစေတယ်။
                  သားတို့ ဘာမှမစားရသေးလို့ မုန့်နည်းနည်းကျွေးပါ ......တဲ့။
                  ညစ်ထေးနေတဲ့ စွပ်ကျယ်အဟောင်းလေးကို ၀တ်၊ နှပ်ချေးနဲ့ ချေးနဲ့ရောနေတဲ့ အကွက်တွေက အသားညိုညစ်ညစ်ပေါ်မှာ
ပေပွနေတာပါပဲ။ လက်တစ်ဖက်ကတော့ သူ့လိုပဲ ညစ်နွမ်းနွမ်းနဲ့ အ၀တ်မပါတဲ့ ကလေးငယ်လေးကို ဆွဲကိုင်ခေါ်လာတယ်။ သူ့အသက်က မှန်းခြေ ရှစ်နှစ်ထက်မပိုလောက်သလို၊ သူလက်ဆွဲထားတဲ့ ကလေးလေးကတော့ မပီကလာပီကလာနဲ့ သူ့ သံယောင်လိုက်ပြီး မုန့်စားချင်
တယ်လို့ ပြောတယ်။ အဲဒီ့ကလေးလည်း အလွန်ဆုံးရှိ လေးနှစ်ပါပဲ။ ကျမက အတူထိုင်နေတဲ့ သူငယ်ချင်း မျက်နှာကိုကြည့်လိုက်မိတယ်။ တစ်ခုခု ကျွေးချင်တယ်ဆိုတာမျိုး ..။ ကျမတို့ မုန့်လေးတွေပေးလိုက်ဖို့ လုပ်နေတုန်းမှာပဲ မစောင့်ဆည်းနိုင်လောက်အောင် သူ့လက်က
ပန်းကန်ထဲရောက်လာပြီး မုန့်တစ်ခုကို ဆတ်ကနဲ ကိုင်လိုက်တယ်။ ကျမတို့တွေ အံ့အားသင့်သွားတယ်။ ကျမသူငယ်ချင်းတစ်ယောက်က ဟဲ့ ..လို့ ထအော်တယ်။ ဆိုင်ရှင်က လှည့်ကြည့်ပြီး မြင်တော့ သူတို့ကို မောင်းထုတ်တယ်။ စားပွဲထိုးတွေက ဆဲတယ်။ ပေစောင်းစောင်းနဲ့ ထွက်သွားကြတယ်။ ဆိုင်ရှင်က ကျမတို့ကို အတန်တန်တောင်းပန်ပြီး ခုနက သူ့လက်နဲ့ထိထားတဲ့ မုန့်ပန်းကန်ကို သိမ်းသွားပြီး အသစ်
လဲပေးတယ်။ ခုနက မုန့်တွေကိုတော့ ဆိုင်နဲ့မနီးမဝေးမှာ ပြေးနေတဲ့ ခွေးတစ်အုပ်နားကို မေ၇ာက်တစ်ရောက် လှမ်းပစ်ကျွေးလိုက်တယ်။ အဲဒီ့အချိန်မှာ ဘယ်နားက ချောင်းနေမှန်းမသိတဲ့ သူတို့ နှစ်ယောက်ထွက်လာပြီး ခွေးတွေနဲ့ အပြိုင် မုန့်ကို ပြေးလုတယ်။ လက်ထဲကို မုန့်ရောက်သွားတာနဲ့ တပြိုင်နက် သူကပါးစပ်ထဲကို အတင်းထိုးသိပ်ထည့်တယ်။ ဘေးက သူ့ထက်ငယ်တဲ့ကလေးကိုတဖဲ့လောက်ပေး
လိုက်တယ်။ ကလေးက ငိုတယ် ထပ်တောင်းတယ် ..ငါ...မသားကြီး ငါ့ကိုလည်းကျွေးလို့ ... မပီမသနဲ့ဆဲတယ်။
သူက ကလေးလက်ကို ဆောင့်ဆွဲပြီး တရွတ်တိုက်မတတ်ခေါ်သွားတယ်။ လမ်းချိုးကွေ့တစ်ခု အဆုံးမှာ သူတို့ မြင်ကွင်းထဲကပျောက်
သွားတယ်။ ကျမ လိုက်ကြည့်ချင်လိုက်တာ .....။ သူတို့ဘယ်သွားတာလဲ။ မိဘတွေ ဘယ်မှာလဲ။ လက်ဖက်ရည်ဆိုင် ပိုင်ရှင်က သူတို့
ကိုကြည့်ပြီး ပြစ်ပြစ်နှစ်နှစ်ဆဲနေတယ်။ အကျင့်ပျက်လေးတွေ အောက်တန်းစားလေးတွေ သူတောင်းစားလေးတွေ ..ဒီလောက် ဆဲထား
တာတောင် ရောက်ရောက်လာတယ်။ နောက်တစ်ခါဆို မြင်တာနဲ့ ရိုက်ထုတ် ....ဆိုင်ရှင်က စားပွဲထိုးတွေကို အမိန့်သဘောမျိုးနဲ့ သတိ
ပေးနေတယ်။ နာရီဝက်မရှိ တရှိ မြင်ကွင်းလေးပါပဲ ...။
                 တစ်ခုခုတော့ လွဲနေတယ်။ တစ်နေ့တစ်ခြား ပိုပိုလွဲလာတယ်။ နောက်ထပ် ..ဘယ်လောက်အထိ လွဲနေဦးမလဲ တွေးမိတယ်။
တကယ်တော့ ဘာမှမလုပ်ပေးနိုင်ဘဲ...ထိုင်တွေးနေမိတဲ့ ကျမကိုယ်တိုင်လည်း လွဲနေပါသေးတယ်။           ။


နန်းအသင်္ခယာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...