စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရုပ်လှချင်ရင် (ရဝေနွယ်-အင်းမ)

ရုပ်လှချင်ရင် (ရဝေနွယ်-အင်းမ)
(ရုပ်ချောစေတဲ့ လွယ်ကူပေမယ့် အများမသိသေးတဲ့ ကောင်းမှုလေးတစ်ခု)

          ရိပ်သာမှာ တံမြက်စည်းလှည်းနေရင်း အတွေးတစ်ခုကြောင့် ဘာသာ ပြုံးလိုက်မိပါတယ်။ မိမိရဲ့ အပြုံးကို အနားကဖြတ်သွားတဲ့ သူငယ်ချင်းက မြင်ဖြစ်အောင်မြင်သွားတော့ " ဘာပြုံးတာလဲ " တဲ့။ မိမိကလည်း " ဘာမှမဟုတ်ပါဘူး " လို့ ပြုံးပြီး ပြန်ပြောလိုက်ရပါတယ်။ ဒီတော့ သူငယ်ချင်းဖြစ်သူက " စာရေးဆရာရယ်လို့ မပြောရဘူး၊ တော်တော်စိတ်ကူးယဉ် " လို့ ပြောပြီး ရှေ့ ဆက်လျှောက်သွားပါတယ်။
တကယ်တော့ မိမိပြုံးရခြင်းရဲ့ အကြောင်းမှာ အဖြေက သီးသန့်ရှိပြီးသားပါ။

    သူငယ်ချင်းကို ပြောမပြဖြစ်ခဲ့ပေမယ့် ချစ်တဲ့စာဖတ်ပရိသတ်ကိုတော့ တကူးတကကို ပြောပြချင်ပါတယ်။
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ရုပ်အလွန်လှတဲ့သူ နှစ်ဦးရှိခဲ့ဖူးပါတယ်။ တစ်ဦးက အရှင်အဘယလို့ အမည်ရတဲ့ ရဟန်းငယ်ဖြစ်ပြီး တစ်ဦးကတော့ အမတ်ကြီးရဲ့ သားပါ။ သူတို့နှစ်ဦး ဘယ်လောက်ထိ ရုပ်လှကြသလဲဆိုရင် တခြားတခြားပုဂ္ဂိုလ်တွေ ကုသိုလ်ကောင်းမှုပြုပြီး ဆုတောင်းကြရင်တောင် ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သားလို ရုပ်လှရပါလို၏လို့ ဆုတောင်းကြတဲ့အထိပါပဲ။

      ဒီနေရာမှာ ပုထုဇဉ်တို့ပီပီ ရဟန်းငယ်နဲ့ အကျွမ်းဝင်တဲ့သူတွေရှိသလို အမတ်ကြီးရဲ့ သားနဲ့ အကျွမ်းဝင်တဲ့သူတွေလည်း ရှိကြပါတယ်။ ပုဂ္ဂိုလ်မင်တော့ တရားခင်ဆိုတဲ့အတိုင်း ရဟန်းငယ်နဲ့ ကျွမ်းဝင်သူတွေက ရဟန်းငယ်ရဲ့ ရုပ်လှမှုကို အားကျသလို သီဟိုဠ်ကျွန်းမှာ သူတို့ရဟန်းငယ်သာ အလှဆုံးလို့ မှတ်ယူထားကြပါတယ်။ ဟိုဘက်က အမတ်ကြီးရဲ့ သားနဲ့ အကျွမ်းဝင်သူတွေကလည်း အမတ်ကြီးသားရဲ့ ရုပ်လှမှုကို အားကျသလို သီဟိုဠ်ကျွန်းမှာ သူတို့ အမတ်ကြီးရဲ့ သားသာ အလှဆုံးလို့ မှတ်ယူထားကြပါတယ်။
      ဒီလိုနဲ့ တစ်နေ့ ကိစ္စတစ်ခုနဲ့ နှစ်ဘက်ဆုံဖြစ်ကြပါတယ်။ စကားစပ်မိစပ်ရာပြောကြရင်း စကား လမ်းကြောင်းက ဘယ်ကိုဦးတည်သွားကြသလဲဆိုတော့ ရဟန်းငယ်နဲ့ ကျွမ်းဝင်သူတွေက သီဟိုဠ်ကျွန်းမှာ ရဟန်းငယ်သာ အလှဆုံးလို့ ပြောလိုက်မိပါသတဲ့။ ဒီတော့ ဟိုဘက်က အမတ်ကြီးရဲ့ သားနဲ့ အကျွမ်းဝင်သူတွေကလည်း သီဟိုဠ်ကျွန်းမှာ အမတ်ကြီးရဲ့ သားသာ အလှဆုံးလို့ ပြန်ပြောလိုက်ပါသတဲ့။
နောက်ဆုံးတော့ စကားက ဒီမှာပင် ရပ်မသွားတော့ဘဲ ရဟန်းငယ်ကပိုလှတယ်။ အမတ်ကြီးသားက ပိုလှတယ်ဆိုပြီး နှစ်ဘက်အငြင်းအခုံဖြစ်ကြပါရောတဲ့။ ဒီနေရာမှာတင် အမတ်ကြီးရဲ့ သားအဖွဲ့ထဲက တစ်ယောက်က " သတ္တိရှိရင် သင်တို့ ရဟန်းငယ်နဲ့ ငါတို့ အမတ်ကြီးရဲ့ သား ဘယ်သူပိုလှတယ်ဆိုတာ အလှပြိုင်ကြမလား " လို့ ထ စိန်ခေါ်လိုက်ပါသတဲ့။ ရဟန်းငယ်ရဲ့ အဖွဲ့ ကလည်း ဘယ်အညံ့ခံမလဲ " စိန်လိုက်လေ" ဆိုပြီး ပြန်စိန်ခေါ်လိုက်ပါသတဲ့။
       ပြိုင်ပွဲနေရာကိုတော့ သူတို့ သီဟိုဠ်ကျွန်းရဲ့ အထင်ကရတစ်နေရာဖြစ်တဲ့ မဟာစေတီကို သတ်မှတ်လိုက်ကြပါတယ်။ မိမိတို့ ရန်ကုန်မှာရှိတဲ့ ရွှေတိဂုံစေတီတော်လိုနေရာမျိုးနေမှာပေါ့။ ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သား ရုပ်အလှပြိုင်ကြမယ်ဆိုတဲ့သတင်းဟာ သီဟိုဠ်တစ်ကျွန်းလုံး ပျံ့ သွားပါတယ်။ ဒီအလှ ပြိုင်ပွဲမှာ သက်ဆိုင်ရာလူကြီးတွေ မသိအောင် လောင်းကြေးထပ်တဲ့ ၀ါသနာအိုးတွေလဲ ပါချင်ပါမှာပါ။
         ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သားတို့ အလှပြိုင်ပွဲမှာ အမတ်ကြီးသားဘက်သူတွေက သူတို့လူကို အကောင်းဆုံး အ၀တ်အစားတွေဝတ်ပေးပြီး ပြိုင်စေခဲ့သလို အလှပြိုင်ပွဲသတင်းကြားထားတဲ့ ရဟန်းငယ်ရဲ့ မယ်တော်ကြီးကလည်း သူ့သားရဟန်းငယ်ဆီ အကောင်းဆုံးသင်္ကန်းကို သွားကပ်ပြီး" သားတော် မနက်ဖြန် ဦးခေါင်းကို ပြောင်အောင်ရိတ်ပြီးတော့ ဒီသင်္ကန်းဝတ်ပြီးပြိုင်ပါ " လို့ ပြောပါသတဲ့။
ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သားတို့ အလှပြိုင်ပွဲမှာ ဘယ်သူနိုင်သွားတယ်ဆိုတာ မပြောခင် သူတို့ ဘာကြောင့် ရုပ်လှခဲ့ကြတယ်ဆိုတဲ့အကြောင်းကို ကြားဖြတ်အနေနဲ့ အရင်ပြောပြချင်ပါတယ်။
လွန်ခဲ့တဲ့ ဘ၀တစ်ခုမှာ ကျောင်းထိုင်မထေရ်ကြီးတစ်ပါးရယ်၊ ဝေယျာဝစ္စလုပ်ပေးတဲ့ ကပ္ပိယကြီး တစ်ယောက်ရယ် ရှိခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးနေ့စဉ်ပြုတဲ့    ကုသိုလ်တစ်ခုကတော့ ကျောင်းဝင်းထဲက စေတီတစ်ဆူမှာ မထေရ်ကြီးက တံမြက်လှည်းပြီး ကပ္ပိယကြီးက အမှိုက်ကျုံးပစ်ပေးပါတယ်။ မထေရ်ကြီးက ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ စေတနာပါပါနဲ့ တံမြက်လှည်းခဲ့သလို ကပ္ပိယကြီးကလည်း မထေရ်ကြီး နည်းတူ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ စေတနာပါပါနဲ့ အမှိုက်ကျုံးပစ်ပေးခဲ့ပါတယ်။

       အဲဒီ ကုသိုလ် ကြောင့်ပဲ သူတို့နှစ်ဦးထဲက တံမြက်လှည်းခဲ့တဲ့ မထေရ်က ရုပ်အလွန်လှတဲ့ ရဟန်းငယ်ဖြစ်ပြီး အမှိုက် ကျုံးပစ်ပေးခဲ့တဲ့ ကပ္ပိယကြီးက ရုပ်အလွန်လှတဲ့ (အမတ်ကြီးရဲ့ သား) သူငယ် ဖြစ်လာခဲ့ရတာပါတဲ့။
အတိတ်ဇာတ်ကြောင်းသိသွားပြီဆိုတော့ ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သားတို့ အလှပြိုင်ပွဲမှာ ဘယ်သူနိုင်သွားတယ်ဆိုတာ ချစ်တဲ့ စာဖတ်ပရိသတ်တွေ ခန့်မှန်းလို့ရသွားရောပေါ့။
စာဖတ်သူ ဖြေကြည့်ပါဦး ဘယ်သူနိုင်သွားတယ်ဆိုတာ ။
"…………………….."
ဟုတ်ပါတယ်။
အတိတ်ဘ၀က တံမြက်လှည်းခဲ့သူ ရဟန်းငယ်က အနိုင်ရသွားပါတယ်။ ဒီဝထ္ထုလေးနဲ့အတူ ချစ်တဲ့စာဖတ်သူတွေအတွက် ဓမ္မလက်ဆောင်လေးလည်း ပူးတွဲ ထည့်ပေးလိုက်ပါရစေဦး။ ရှေးဆရာတွေ စီကုံးထားတဲ့ တံမြက်လှည်းရကျိုး လင်္ကာလေးပါ၊ ကျက်ထားလိုက်ပါဦး။
သူများစိတ်ကြည်၊ ကိုယ်စိတ်ကြည်နှင့်၊
တစ်လီနတ်ချစ်၊ ရောင်လှစ်ဆင်းလှ၊
သေကာလမှာ၊ ရောက်ရနတ်ပြေ၊
ဤငါးထွေသည်၊ မှတ်လေ တံမြက်လှည်းခြင်း အကျိုးတည်း။
*********
တံမြက်လှည်းပြီးလို့ ပုံထားခဲ့တဲ့ အမှိုက်တွေကို ကျုံးပစ်ရင်း " ရဟန်းငယ်က တံမြက်လှည်းခဲ့လို့ ရုပ်လှတာတဲ့၊ အမတ်ကြီးရဲ့ သားက အမှိုက်ကျုံးပစ်ပေးခဲ့လို့ ရုပ်လှတာတဲ့၊ အင်း… ငါက နှစ်မျိုးလုံး လုပ်တာဆိုတော့ တန်ပြန် သက်ရောက်မှုသဘောအရဆိုရင် ငါက နှစ်ထပ်ကွမ်းအလှပေါ့ " ဆိုတဲ့အတွေးနဲ့ အတူ ဒုတိယအကြိမ် ထပ်ပြုံးဖြစ်လိုက်ပါသေးတယ်။ ဒုတိယအပြုံးရဲ့ မရှေးမနှောင်းမှာပဲ တတိယအပြုံးကို ဆက်ပြုံးဖြစ်လိုက်ပြန်ပါတယ်။
အကြောင်းက……….
နှစ်ဘက်လုံးရဲ့ အလှကို ပိုင်ဆိုင်ထားသူဖြစ်လေတော့ မိမိတစ်ယောက်တည်းများ အလှပြိုင်ပွဲ ကျင်းပမိမှဖြင့်……….။
ကျမ်းကိုး
၁။ ပရိဝါအဋ္ဌကထာ-စာမျက်နှာ(၁၇၅)
၂။ သီဟိုဠ်ခတ်စံတော်ဝင်အရိယာများ၊ စာမျက်နှာ-၄၀၃၊ ၄၀၇ (ဓမ္မာစရိယဦးဌေးလှိုင်)
အလင်းတန်းဂျာနယ်
16-12-2002

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...