ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အရေးအကြီးဆုံးအချက်(၅) ချက်
လူငယ်တွေဆိုတာ အနာဂတ်မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေပါ။ ခေါင်းဆောင်မှု
အရည်အသွေးဆိုတာက လူငယ်တွေတင်မကပါဘူး။ အဖွဲ့အစည်းနဲ့
လုပ်ကိုင်နေတဲ့သူတိုင်းအတွက်လိုအပ်ပါတယ်။ အောင်မြင်တဲ့ခေါင်းဆောင် ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ မှန်ကန်သင့်တော်သော ကျွမ်းကျင်မှုများရှိဖို့
အရေးကြီးပါတယ်။ အခုလောလောဆယ်မှာ သင်ဟာ သာမန်ဝန်ထမ်းတစ်ယောက်ပဲ
ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သင့်ရဲ့ကြိုးစားမှုပေါ်မူတည်ပြီး
သင်ခေါင်းဆောင် တစ်ယောက် ဖြစ်လာမှာပါ။ ဒါကြောင့် အခုကတည်းက
သင့်ရဲ့ခေါင်းဆောင်မှု အရည်အသွေးတွေတက်ဖို့ အတွက် ခေါင်းဆောင်မှုအရည်အသွေး
သင်တန်းကျောင်းများ တက်ပြီး ခေါင်းဆောင်ကောင်း တစ်ယောက်
ဖြစ်လာဖို့ကြိုးစားလို့ရပါတယ်။
ယနေ့ခေတ်မှာအဖွဲ့အစည်းတော်တော်များများက လူအချင်းချင်းဆက်သွယ်မှုဆိုင်ရာ ဆက်ဆံပြောဆိုမှု ကျွမ်းကျင်သော၊ စိတ်အားတက်ကြွအောင်ပြောဆိုတတ်သော၊ အောင်မြင်သောနည်းဗျူဟာများကိုသိသော၊ ခေါင်းဆောင်စိတ်ဓာတ်ရှိသော ၀န်ထမ်းများကို အဓိက ငှားရမ်းဖို့ရှာဖွေနေကြပါပြီ။ ဒါကြောင့် သင်တာ Leadership သင်တန်းတက်ဖူးထားမယ်ဆိုရင် ထိုအတွေ့အကြုံတွေက သင့်ရဲ့လက်တွေ့လုပ်ငန်းခွင် မှာ အသုံးဝင်လာမှာပါ။ နောက်ပြီး leadership သင်တန်းများကလည်း ဈေးအရမ်းကြီးလေ့မရှိပါဘူး။ သင်တန်းတက်ဖို့အဆင်မပြေသေးဘူးဆိုရင်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့လိုအပ်တဲ့အရည်အချင်းတွေကိုလည်း ကိုယ့်ဘာသာကိုလေ့ကျင့်ယူလို့ရပါတယ်။ အောက်မှာတော့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အရေးအကြီးဆုံး ငါးချက်ကို ဖော်ပြလိုက်ပါတယ်။
(၁) သည်းခံနားလည်စွာဖြေရှင်းတတ်ခြင်း
သည်းခံနားလည်မှုကြီးမားသောသူများဟာ သူတို့၏ခံစားချက်များသာမက သူတစ်ပါး၏ခံစားချက်များ ကိုနားလည်လွယ်ပြီး ပြသနာများကို ပါးပါးနပ်နပ်ဖြေရှင်းတတ်ပါတယ်။ သည်းခံနားလည်မှုကြီးမားသော သူများဟာ ခေါင်းဆောင်ကောင်းဖြစ်ဖို့လိုအပ်တဲ့ကျွမ်းကျင်မှုများဖြစ်သည့် ဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်ခြင်း များကိုလဲပိုင်ဆိုင်ကြပါတယ်။
အချို့သောသူများသာလျှင် မွေးရာပါမြင့်မားသော သည်းခံနားလည်မှုရှိပေမဲ့
ထိုစွမ်းရည် မရှိသောသူများအတွက်လည်း သည်းခံနားလည် နိုင်မှုတိုးတက်နိုင်မဲ့
နည်းလမ်းများ ရှိပါတယ်။ Leadership သင်တန်းများက လူတွေရဲ့
သည်းခံနားလည်မှုကို မြှင့်တင်ဖို့နှင့် လူမှုဆက်ဆံရေးတိုးတက်ရန်
အမြဲအာရုံစိုက် သင်ကြားလေ့ရှိပါတယ်။
(၂) နည်းဗျူဟာကျသော အတွေးအခေါ်ရှိခြင်း
အခြေအနေကိုအကဲခတ်တတ်ခြင်း၊ ဖြေရှင်းနည်းလမ်းအမျိုးမျိုးရှာတတ်ခြင်း၊ အဓိကပြသနာကို လျှင်မြန်စွာရှာဖွေနိုင်ခြင်း၊ စသောအရည်အချင်းများက နည်းဗျူဟာကျသောအတွေးအခေါ်ပိုင်ရှင်များရဲ့ အရည်အချင်းများ ဖြစ်ပါတယ်။ အခြေအနေတစ်ခုလုံးကိုခြုံငုံမြင်နိုင်ခြင်းကလဲ ခေါင်းဆောင်များအတွက် အရေးကြီးပါတယ်။ ထိုကြောင့် Leadership သင်တန်းများကသင်တန်းသားများကို နည်းဗျူဟာတကျတွေးခေါ်နိုင်အောင်သင်ကြားပေးခြင်းဖြစ် ပါတယ်။ ထိုကျွမ်းကျင်မှုများက ၀န်းထမ်းများကို ပြသနာများဖြေရှင်းရာတွင် တိုးတက် လာစေပါတယ်။
(၃) နည်းဗျူဟာအသစ်များကို အကောင်အထည်ဖော်နိုင်ခြင်း
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာရန် နည်းဗျူးဟာအသစ်များကို အကောင်အထည်ဖော်နိုင်ရပါမယ်။ လတ်တလောအသုံးပြုနေသော နည်းစနစ်ကို ပြောင်းလဲပြီး အသုံးပြုရန်ဆိုသည်မှာ လက်တွေ့မှာထင်သလောက် မလွယ်ကူပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်အနေဖြင့် မိမိလက်အောက်ငယ်သား များကို စိတ်အားတက်အောင်ပြောနိုင်ရပါမယ်။ မိမိချမှတ်သော နည်းဗျူဟာများကို လက်ခံယုံကြည်လာအောင်ပြောဆိုနိုင်ရပါမည်။
ထို့ကြောင့် Leadership သင်တန်းများက အပြောင်းအလဲများကို အောင်မြင်အောင်
လုပ်ဆောင်နိုင်မည့် နည်းလမ်းအမျိုးမျိုးနှင့် ဗဟုသုတများကိုသင်ကြားရခြင်းဖြစ်ပါသည်။
(၄)လူမှုဆက်ဆံရေးကောင်းမွန်ခြင်း
ခေါင်းဆောင်ကောင်းများအတွက်အရေးအကြီးဆုံးကျွမ်းကျင်မှုများထဲကတစ်ခုကတော့ လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းဖြစ်ပါတယ်။ မန်နေဂျာများနှင့် ခေါင်းဆောင်များ အနေဖြင့် ကောင်းမွန်စွာလက်ခံနားထောင်ပေးခြင်း၊ ကောင်းမွန်စွာစာဖြင့် ဆက်သွယ်ခြင်း၊ ကောင်းမွန်စွာနှုတ်ဖြင့်ဆက်သွယ်ခြင်း၊ စသည့်ကျွမ်းကျင်မှုများ ပိုင်ဆိုင်သင့်ပါတယ်။ ဆက်ဆံရေးကောင်းမွန်ခြင်းကို
အလုပ်ရှင်အများစုသဘောကျ လေ့ရှိပြီး အလုပ်အကိုင်ရှာဖွေရာတွင်
အသုံးဝင်ပါတယ်။ ဆက်ဆံရေးကောင်းမွန်ခြင်း ကိုLeadership သင်တန်းများမှာ
တိုးတက်အောင် ကြိုးစားနိုင်ပါတယ်။
(၅)တီထွင်ကြံဆမှုရှိခြင်း
အလုပ်အကိုင်လုပ်ငန်းကြီးများသည် ပြသနာပေါင်းများစွာနှင့်နေ့တိုင်း ရင်ဆိုင်ဖြေရှင်း နေရသောကြောင့် အလုပ်ရှင်များက တီထွင်ကြံဆနိုင်မှုရှိသော၊အမျိုးမျိုးသောပြသနာ များကို နည်းလမ်းအသစ်များဖြင့်ဖြေရှင်းနိုင်သော ၀န်ထမ်းများကိုအလိုရှိကြပါတယ်။ ကျိုးကြောင်းဆီလျော်စွာစဉ်းစားတတ်ခြင်း တီထွင်ကြံဆမှုရှိခြင်းတို့က ၀န်ထမ်းများကို အလုပ်မှာအောင်မြင်မှုရရှိစေပါတယ်။ Leadership သင်တန်းများက တီထွင်ကြံဆမှု အတွေးအခေါ်တွေနဲ့ အခက်အခဲတွေကို ကျော်လွားနိုင် အောင်သင်ကြားပေးပါတယ်။
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့
အထက်ပါငါးချက်အပြင် အခြားလိုအပ်ချက် တွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့
အထက်ပါငါးချက်ကတော့ အရမ်းကိုအရေးကြီးတဲ့ အချက်တွေမိုလို့ အခုကတည်းက
ထိုအရည်အချင်းတွေကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားထားသင့်ပါတယ်။
မိုးရှင်း (www.work.com.mm)
https://www.facebook.com/photo.php?fbid=659325837481224&set=a.359562060790938.
No comments:
Post a Comment