စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အတ္တကန့်လန့်ကာကို ဖွင့်ကြည့်ပါ



မိုးတွေအုံ့ဆိုင်းနေတဲ့မနက်ခင်းတစ်ခုပေမယ့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားရှေ့က ကမ္ဘာအေးဘုရားလမ်းမှာတော့ ထုံးစံအတိုင်းပဲ သွားလာလှုပ်ရှားသူတွေနဲ့ စည်ကားလို့နေပါတယ်။ ဘုရားပရ၀ုဏ်ရဲ့ ၀င်ပေါက်နားဘေးဘက်ကျကျနေရာလေးမှာတော့ ယောဂီရောင်ထမိန်နဲ့ ရင်ဖုံးအင်္ကျီအဖြူရောင်ဝတ်ဆင်ထားတဲ့အမယ်အိုကြီးတစ်ယောက် ပုဆစ်တုပ်လေးထိုင်နေတယ်။ ဖွေးဖွေးဖြူနေတဲ့ဆံပင်တွေနဲ့ အရေးအကြောင်းတွေများလွန်းတဲ့အရေပြားတွေကတော့ အမယ်အိုရဲ့အသက်ဟာ ခုနှစ်ဆယ်အောက်ရှိမနေနိုင်ဘူးဆိုတာကို ပြဆိုနေပါတယ်။

အခါခါလျှော်ဖွပ်ထားလို့ ဖျော့တော့ပြီး ရိနေပုံပေါက်တဲ့အဖြူရောင်ရင်ဖုံးအင်္ကျီနဲ့ အဖာအတေးတွေနဲ့ ပြည့်နေတဲ့ယောဂီထမိန်ကိုဝတ်ဆင်ထားတဲ့အဖွားရဲ့ အလုပ်အကိုင်ဟာ သူ့ရှေ့ကချထားတဲ့ အကြွေအနည်းငယ်ရှိနေတဲ့ ခွက်ကလေးတစ်ခွက်ကြောင့် သိသာနေရတယ်။

အမယ်အိုရဲ့ရှေ့ကသွားလာလှုပ်ရှားနေတဲ့သူတွေကို မှုန်ရီတဲ့မျက်လုံးတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲကြည့်နေပေမယ့် သူ့ရဲ့ရှေ့ကခွက်ကလေးထဲကို ငွေကြေးစလေးတွေထည့်ပေးသွားတဲ့သူတွေကိုတော့ ဆုတွေအများကြီးတောင်းပေးနေလေရဲ့။

ကမ္ဘာအရပ်အရပ်မှာ သက်ကြီးရွယ်အိုတွေများပြားလာမှုနဲ့ ကြုံတွေ့လာရတဲ့နည်းတူ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ အသက် ခြောက်ဆယ်ကျော်သက်ကြီးရွယ်အိုအရေအတွက်ဟာ နိုင်ငံ့လူဦးရေစုစုပေါင်းရဲ့ဆယ်ရာခိုင်နှုန်း ခြောက်သန်းကျော်ထိရှိလာနေပြီဖြစ်ပါတယ်။ ဒီကမ္ဘာအရပ်ရပ်ကသက်ကြီးရွယ်အိုတွေ အများဆုံးတွေ့ကြုံရတတ်တဲ့ပြဿနာတစ်ရပ်ကတော့ မလုပ်နိုင်မကိုင်နိုင်ဖြစ်လာတဲ့အရွယ်မှာ စောင့်ရှောက်မှုမခံရဘဲ စွန့်ပစ်ခံရခြင်းပဲဖြစ်ပါတယ်။

ဒီပြဿနာဟာ ချမ်းသာတဲ့နိုင်ငံတွေမှာတောင် တွေ့ကြုံရတတ်တဲ့ပြဿနာတစ်ရပ်ဖြစ်ပြီး ဖွံ့ဖြိုးမှုနည်းပါးပြီး နိုင်ငံသားအများစုဆင်းရဲမွဲတေနေတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာတော့ အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေပါတယ်။ စားဝတ်နေရေးကြပ်တည်းမှုကြောင့် အိမ်မှာရှိတဲ့လူကုန်အပြင်ထွက်အလုပ်လုပ်နေရတဲ့အခြေအနေမှာ အလုပ်လုပ်နိုင်စွမ်းမရှိတော့တဲ့ သက်ကြီးရွယ်အိုတွေဟာ မိသားစုအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုအဖြစ်အမြင်ခံလာရတယ်။ 


ဒီအခါမှာ သက်ကြီးရွယ်အိုတွေအနေနဲ့ စွန့်ပစ်ခံရခြင်းမျိုးတွေကြုံတွေ့လာရတဲ့အပြင် အချို့သက်ကြီးရွယ်အိုတွေကတော့ စွန့်ပစ်ခံရတာမဟုတ်ဘဲ အိမ်ရှေ့ပူအိမ်နောက်မချမ်းသာသဘောမျိုးကြောင့် အပြင်ထွက်ပြီး လူစည်ကားရာနေရာတွေဖြစ်တဲ့ ဘုရားပုထိုးတွေ၊ ဈေးတွေ၊ လူသွားလမ်းအစရှိတဲ့နေရာတွေမှာ တောင်းရမ်းစားသောက်၍သော်လည်းကောင်း ဒါမှမဟုတ် အသေးအဖွဲပစ္စည်းလေးတွေရောင်းချပြီးသော်လည်းကောင်း စားဝတ်နေရေးကြပ်တည်းတဲ့မိသားစုအရေးအတွက် တတ်နိုင်တဲ့တစ်ဖက်တစ်လမ်းက ဖြေရှင်းလာကြရတယ်။

ဒါဟာမြန်မာနိုင်ငံက သက်ကြီးရွယ်အိုအတော်များများကြုံတွေ့ရတတ်တဲ့ ၀မ်းနည်းဖွယ်ပြဿနာတစ်ရပ်ပါ။ သက်ကြီးရွယ်အိုပေါင်းများစွာဟာ လူစည်ကားတဲ့နေရာတွေမှာ တောင်းရမ်းစားသောက်ရင်း ဒါမှမဟုတ် ပင်ပန်းကြီးစွာလုပ်ကိုင်စားသောက်ရင်း တရားဓမ္မနဲ့မွေ့လျော်နေရတော့မယ့် သူတို့ရဲ့တတိယအရွယ်ကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းနေကြရတယ်။ ဒါပေမယ့် နိုင်ငံသားအများစုဆင်းရဲနေတဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုဘ၀မျိုးတွေအတွက် ကူကယ်ရာမဲ့နေဆဲပါပဲ။ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပေးနေတဲ့ ဘိုးဘွားရိပ်သာလိုနေရာမျိုးတွေရှိနေပေမယ့်လည်း ၀န်နဲ့အားမမျှတဲ့အခါမှာတော့ သက်ကြီးရွယ်အိုအများအပြားအပြင်ရောက်နေကြရတယ်။ ဒါပေမယ့်လည်း အလုပ်လုပ်ကိုင်နိုင်လောက်အောင် ကျန်းမာသန်စွမ်းတဲ့အရွယ်မဟုတ်တော့တဲ့အတွက်ကြောင့် ရှက်ရွံ့သိမ်ငယ်စွာနဲ့ပဲ မျက်နှာအောက်ချရင်း တောင်းရမ်းစားသောက်တဲ့အလုပ်ကို လုပ်ကိုင်နေကြရတယ်။

ဒီလိုကံမကောင်းရှာတဲ့သက်ကြီးရွယ်အိုတွေ ကိုယ့်အနီးနားပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရမှာပါ။ ဒါပေမယ့် သူတို့ရဲ့ဘ၀အခြေအနေနဲ့ပတ်သက်လို့တော့ အချိန်ပေးတွေးတောမိတဲ့သူ အတော်နည်းပါမယ်။ အချိန်ပေးတွေးတောမိရာကနေ အကူအညီပေးလာဖို့ဆိုတာက ပိုလို့တောင် နည်းပါးပါသေးတယ်။ အမှန်တော့ ကျွန်တော်တို့တွေဟာ ကိုယ်လိုချင်တာလေးတစ်ခုအတွက်နဲ့ ပိုက်ဆံတွေအများကြီးအကုန်ခံခဲ့ဖူးပါတယ်။ ကားအကောင်းစားကြီးတွေမှစီးချင်လို့၊ မျက်နှာအလှပြင်ချင်လို့၊ ရွှေတွေငွေတွေစိန်တွေ ညွတ်နေအောင်ဝတ်ချင်လို့၊ ကြွားချင်ဝါချင်လို့၊ သူများထက်သာချင်လို့စတဲ့ အတ္တဆန်လွန်းတဲ့အကြောင်းပြချက်တွေနဲ့ ပိုက်ဆံတွေမနည်းမနောကုန်ခဲ့ပြီ။ 


ဒါပေမယ့်လည်း ကိုယ်အသုံးပြုလိုက်တဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံတောင်မတတ်နိုင်ရှာလို့ သေဆုံးခဲ့ရသူတွေ၊ ကိုယ်စားခဲ့တဲ့အစားအသောက်ရဲ့ ထက်ဝက်လောက်ကိုမှမစားနိုင်လို့ ပင်ပန်းဆင်းရဲကြီးစွာ ဆာလောင်စွာအိပ်စက်နေရသူတွေကိုတော့ မေ့ထားတတ်ကြတယ်။ ကျွန်တော်တို့တွေပာာ ကိုယ့်ထက်မြင့်တဲ့သူတွေကိုသာကြည့်ရင်း သူတို့လိုနေချင်၊ သူတို့လိုစားချင်နဲ့ အားကျနေခဲ့ကြပြီး ကျွန်တော်တို့ထက်နိမ့်ပါးတဲ့ အခြေအနေတွေမှာ လူတွေဘယ်လိုရှင်သန်နေထိုင်နေလဲဆိုတာကိုမေ့ထားခဲ့မိကြတယ်။ 

ကိုယ်လိုချင်တာဆိုရင် သောင်းသိန်းချီနေပါစေ ဈေးမဆစ်တတ်ခဲ့ပေမယ့် ခိုကိုးရာမဲ့နေတဲ့ကံမကောင်းရှာသူတွေအတွက်တော့ ပိုက်ဆံအိတ်ရဲ့အောက်ဆုံးထဲက အကြွေလေးတွေကို မွှေနှောက်ရှာဖွေနေခဲ့တဲ့အထိ ကျွန်တော်တို့ရဲ့အမြင်တွေ အတ္တနဲ့ မှုန်ဝါးနေခဲ့ကြတယ်။ ဒါတွေကို လုံးဝပျောက်ကင်းသွားအောင် လုပ်ဆောင်ဖို့အတွက်ထိ ကျွန်တော်လောဘတကြီး မမျှော်လင့်ပါဘူး။ ဒါပေမယ့် ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ ကိုယ့်ပတ်ဝန်းကျင်တစ်ဝိုက်က ခိုကိုးရာမဲ့ရှာသူတွေရဲ့ဘ၀ကို မြင်တတ်လာပြီး သူတို့ရဲ့ဘ၀တွေအနည်းငယ်ဖြစ်ဖြစ်အဆင်ပြေလာဖို့ ကြည့်တတ်လာမယ်လို့တော့ မရဲတရဲမျှော်လင့်မိပါတယ်။ မာနနဲ့ အတ္တရဲ့ကန့်လန့်ကာကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် အပြင်လောကမှာ လှုပ်ရှားရုန်းကန်နေရသူတွေရဲ့ တကယ့်ဘ၀ကို မြင်တွေ့လာနိုင်ပါလိမ့်မယ်။

သိပ်မကြာခင်မိုးတွေရွာချလိုက်တော့ ထီးတစ်ချောင်းကို ဖွင့်ဆောင်းလိုက်ပေမယ့် ထီးရွက်တွေကျိုးပဲ့နေတဲ့ခနော်နီခနော်နဲ့ထီးလေးက အမယ်အိုကို မိုးရေမစိုအောင် ကာကွယ်မပေးနိုင်ခဲ့ဘူး။ မိုးရေတွေစိုရွှဲသွားပေမယ့်လည်း အမယ်အိုအိမ်မပြန်နိုင်ရှာဘူးလေ။ ကိုယ့်ဝမ်းကိုယ်ရှာကျောင်းနေရတဲ့ဘ၀မှာ ဒီအချိန်အိမ်ပြန်သွားရင်လည်း ရေသောက်ပြီးအိပ်နေရတော့မှာဆိုတော့ မိုးရေတွေရွှဲရွှဲစိုပြီး ခိုက်ခိုက်တုန်လာနေပေမယ့်လည်း ၀မ်းစာရေးအတွက် ဒီနေရာလေးမှာပဲ ပုဆစ်တုပ်ထိုင်ရင်း ဆက်တောင်းနေရဦးမှာပါ။

Thurein Hlaing Win

Classic Burma News


https://www.facebook.com/photo.php?fbid=455111511253352&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...