ဘာနေ = ပြုပြင်ဖို့ လိုအပ်သူ
ဒီဘလော့ပို့စ် ဖြစ်တဲ့ ပြုပြင်ခြင်းအကြောင်းကို ရေးဖို့ .. ကျနော် တော်တော်အားယူနေရပါတယ် ။ တကယ်တော့ ကျနော်ကိုယ်တိုင် ပြုပြင်ခြင်းမှာ ဝန်လေးနေပြီး အရိုးစွဲနေတဲ့ အကျင့်တွေနဲ့သာ နေသားကျနေခြင်းကြောင့်ပါ ။ ဒါပေမဲ့ ပြုပြင်ခြင်းဟာ အခြေအနေတော်တော်ဆိုးနေသူများ ၊ အတော်အတန်ဆိုးနေသူများ အတွက် နဲ့ အမှားကို စလုပ်နေသူများအဖို့ လိုအပ်တာမို့ …
အသိသတိတစ်ခုဖြစ်စေချင်တဲ့ ဆန္ဒကြောင့် ရေးလိုက်ရခြင်းပါ ။ ဒီမနက် မျက်နှာသစ်အပြီး လမ်းလျှောက်ရင်း အတွေးစီနေတုန်း .. ခြေတစ်ဖက်မသန်တဲ့ အစ်ကိုတစ်ယောက် လမ်းပေါ် ဖြတ်လျှောက်သွားတာကို အမှတ်တမဲ့ မြင်မိသွားတယ် ။ ဒါနဲ့ သူဘာလို့ အဲ့လို ထော့နင်း ထော့နင်းနဲ့ တောက်လျှောက်သွားနေရတာလဲ ဆိုတာကို ထပ်တွေးမိပြန်တယ် ။ ဒီလိုနဲ့ ပြုပြင်ခြင်း ဆိုတဲ့ ခေါင်းစဉ်ကို ဦးတည်သွားတယ်ပဲ ဆိုပါတော့ ။
လူတိုင်းမှာ အကျင့်တွေရှိကြတယ် ။ အကျင့်တွေဟာ လုပ်ရပ်သေးသေးလေးတွေကနေ စတင်လာကြတယ်။ လူဆိုတဲ့ သတ္တဝါဟာ ခံစားမှုကို အလေးထားတဲ့ သတ္တဝါထဲကပဲဆိုတော့ ခက်ခဲတာကို ရှောင်ကြတတ်ကြတယ် လွယ်ကူတာကို ပြုလွယ်တတ်ကြတယ် ။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကို သနားညှာတာရင်း ခံစားမှုဘက်ကို အားပေးရင်း လွယ်တာကို လိုက်ရင်းနဲ့ ဆိုးတဲ့ အကျင့်တွေ ၊ လူမပီသတဲ့ အကျင့်တွေ ဖြစ်ဖြစ် လာကြတယ် ။ နောက်တော့ မပြင်နိုင် မဆင်နိုင်နဲ့ သေသည်အထိ အကျင့်ကစွဲ အကျင့်ကြောင့် ဖြစ်လာတဲ့ အကျိုးက ထပ်ထပ် နှိပ်စက်နဲ့ ပြုပြင်ခြင်း ကို မလုပ်သ၍ ခံရင်း ခံရင်း အဆုံးသတ်သွားတာတွေရှိပါတယ်။ အဲ့ဒီအထဲမှာ ကျနော်တို့ ပါနေပြီဆိုရင်တော့ ပြုပြင်စရာ ရှိတာတွေကို ပြုပြင်ဖို့ အကြံပေးချင်ပါတယ် ။
စောနက ကျနော် ပြောတဲ့ ခြေမသန်တဲ့ သူတစ်ယောက်ဟာ .. မွေးရာပါ ပိုလီယိုလည်း ဖြစ်နိုင်သလို ဒဏ်ရာ တစ်ခုကြောင့်လည်း ခြေထောက်ဟာ ပုံမှန်မဟုတ်တော့တာလည်း ဖြစ်နိုင်ပါတယ် ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ဒါဟာ ပုံမှန်မဟုတ်မှန်း သူတို့ကိုသူတို့ သိနေမယ်ထင်ပါတယ် ။ ဒီနေရာမှာ သူတို့ စိတ်နဲ့ ကျနော် မတွေးပဲ ကျနော့်စိတ်နဲ့ ကျနော် တွေးပြီး ထင်မြင်တာကို တင်ပြချင်မိတာပါ ။ အကယ်၍ ကျနော့်မှာ အဲ့လို ဖြစ်တယ်လို့ ကျနော်တွေးကြည့်လိုက်တယ် ။ လမ်းလျှောက်တယ် ပုံမှန်မဟုတ်ဘူး ။ ပုံမှန်လမ်းလျှောက်ပုံကို တခြားသူတွေဆီကနေ မြင်ထားတယ် ဒီတော့ သိတယ် ။ ကိုယ့်မသန်တဲ့ ခြေထောက်ကို စစချင်း ပုံမှန်လျှောက်နည်းအတိုင်း လျှောက်မယ် ဖြေးဖြေးချင်း ပုံမှန်ပုံစံဖြင့် လျှောက်မယ် ပြီး မြန်မြန်လာမယ် ။ သူများတွေလိုလျှောက်နိုင်ရမယ်ဆိုပြီး စိတ်ထဲက ပြင်းပြစိတ်နဲ့ အားတင်းထားမယ် ။ အဲ့ဒီလို နေ့တိုင်းနေ့တိုင်း လုပ်ပါများလာရင် အကျင့်ရလာမယ် ပြီး သာမန်လို့ လျှောက်နိုင်လာမယ် .. စသဖြင့် ကျနော် တွေးမိသွားတယ် ။
တကယ်တန်း ရင်ဆိုင်ရရင်လည်း ကျနော် အဲ့လိုပဲ လုပ်မိလိမ့်မယ်လို့ ယူဆမိပါတယ် ။ အဲ့ဒီ ကိုယ်လက်အင်္ဂါနဲ့ ပတ်သက်ပြီး ပြုပြင်တာတွေရှိသလို .. ကျနော်တို့ စိတ်တွေနဲ့ စိတ်လမ်း အကျင့်တွေကိုလည်း ပြုပြင်ရင်ရော မရနိုင်ဘူးလား ဆိုပြီး ဆက်တွေးမိပြန်ပါတယ် ။ ဒီနေရာမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ အမျိုးမျိုး ဦးတည်ထားလို့ရပါတယ် ။ ကြော်ကြားချင်သူ ၊ စာရေးဆရာ ဖြစ်ချင်သူ ၊ သရုပ်ဆောင်ဖြစ်ချင်သူ ၊ အဆိုတော် ဖြစ်ချင်သူ ၊ သူဌေးဖြစ်ချင်သူ စသည့်စသည့် ဖြစ်ချင်တာတွေကို ဦးတည်ပြီး ပြုပြင်မှု စိတ်နဲ့ ထပ်ခါထပ်ခါ ချဉ်းကပ်သွားမယ်ဆိုရင် .. လိုချင်နေသော ၊ ဖြစ်ချင်နေသော အရာများဟာ အမှန်ဖြစ်လာမည်မှာ မလွဲပါဘူးလို့ ကျနော် တစ်ကိုယ်တည်း အတည်ပြုကြည့်မိပါတယ် ။
သူဌေးဖြစ်ချင်သလား .. ဒါဆို သူဌေး တွေရဲ့ ပုံစံကိုလေ့လာ ပြီး လိုက်ကျင့် ကျင့်ပါများရင် ဖြစ်လာလိမ့်မယ် ။ အဆိုတော်ဖြစ်ချင်သလား အဆိုတော်တွေရဲ့ ပုံစံကိုလေ့လာ ပြီး လေယူလေသိမ်းကျင့် ကျင့်ပါများရင် ဖြစ်လာလိမ့်မယ် ၊ စာရေးဆရာ ဖြစ်ချင်သလား .. ဖြစ်ချင်ရင် စာရေးဆရာတွေရဲ့ ပုံစံနဲ့ စာရေးပုံကိုဖတ် ပြီး လိုက်ရေးကြည့် ရေးပါများရင် ဖြစ်လာလိမ့်မယ် ။ တရားနဲ့ ပတ်သက်လို့ဆိုရင်လည်း ရှေ့က တရားဘက် လွန်မြောက်တဲ့ ဆရာတော်ကြီးတွေကို လိုက်ကြည့် .. လေ့လာ .. ပြီး ကျင့်ကြံ .. နောက် ကျင့်ပါများရင် ဖြစ်လာတဲ့ အဖြစ်ကို ကျင့်သူကိုယ်တိုင် သိလာပါလိမ့်မယ် ။ တကယ်တော့ လူ့လောကထဲက ကျနော်တို့တတွေအတွက် .. တကယ်လိုချင်ရင် တကယ် ဖြစ်လာနိုင်တဲ့ အမှန်တရားတွေ တကယ် ရှိတယ်ဆိုတာ သိစေချင်မိတာပါ ။
အဲ့ဒီလို တွေးတောမိတဲ့ လောက သဘောလေးတွေ ရှိကြောင်းကို ကျနော်နဲ့ တကွ အင်တာနက်စာမျက်နှာ ရှေ့က သူတွေကို သိစေချင်တာပါ ။ ဒါကြောင့် ဘယ်လို အတွေးသစ်ပဲ ဖြစ်ဖြစ် ကျနော် မျှဝေနေအုံးမှာပါ ။ မျှဝေချက်တွေသည် သေးငယ်တာလည်း ဖြစ်ချင်ဖြစ်ပါမယ် စာဖတ်တဲ့သူအတွက် အသုံးမတည့်တာလည်း ဖြစ်ချင်ဖြစ်ပါမယ် ။ ဘာပဲဖြစ်ဖြစ် .. ကျနော့်ကိုယ် ကျနော်တော့ ကိုယ်ရေးလိုက်တဲ့ စာတစ်ကြောင်းအတွက် ကျေနပ်နေမယ်ဆိုတာ ကျနော်ကိုယ်တိုင်ပဲ သိပါတယ်လို့ ဝန်ခံပါတယ် ။
ဘာနေ
၂၃ရက် ၊ ဇန္နဝါရီ ၊ ၂၀၁၂
ကိုဂါး ( ကွန့် မန့် )
ပြုပြင်ကြစို့ဆိုလို့ ဘယ်ကစပြုပြင်ရမလဲစဉ်းစားမိတယ်။ ကဲ မကောင်းတဲ့အပိုင်းက စပြုပြင်ရမှာပေါ့ဆိုပြီး
မကောင်းတာကိုရှာကြည့်တာပါပဲ ရှာမတွေ့တာက ကောင်းနေတဲ့အပိုင်း။
ငယ်ငယ်တုန်းက သူများရဲ့အကျင့်ကို အတုလိုက်ပီးပြောင်တတ်တဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ် ။
သူများပါးစပ်ရွဲ့ရင်လိုက်ရွဲ့ ။ သူများပုခုံးတွန့်လိုက်တွန့် ၊ သူများမျက်စေ့ခဏခဏမှိတ် လိုက်မှိတ် ။
ကောင်းစိန်ကျိုးအမည်ရှိတဲ့သူက ခြေတစ်ဖက်မသန်တော့ လမ်းလျှောက်ရင် ထော့ကျိုးထော့ကျိုးနဲ့ ။
အဲ့လူကိုလည်း နောက်ကနေ ထော့ကျိုးလိုလုပ်ပြီး လိုက်ပြောင်ပါတယ် ။ နောက်တော့ သူလိုက်ပြောင်
တဲ့အကျင့်တွေက သူဆီမှာ အကုန်ဆွဲသွားလိုက်တာ မွေးတုန်းက အကောင်း သူများတွေကိုလိုက်ပြောင်
လွန်းလို့ ပိုလီယိုလိုဖြစ်သွားရတယ် ။ အဲ စကားထစ်တဲ့သူကိုလည်းလိုက်ပြောင်တော့သူပါစကားထစ် ။
လူကြီးတွေက ဟဲ့ကောင်လေး မလုပ်ကောင်းဘူး ပြောလဲမရ ။ တစ်နေ့တော့ သူအိမ်အတက်မှာ
သူ့အဖေလုပ်သူဒေါသဖြစ်နေတာနဲ့ကြုံပါလေရော ။ သူ့အဖေက ဟေ့ကောင်မင်းဘာဖြစ်နေတာလဲမေး
တာကို စကားပါထစ်နေပြီဆိုတော့ ဘာမှတ်မဖြစ်ပါလို့ဖြေမလို့ကို ဘာဘာဘာ နဲ့ထစ်နေတာနဲ့
သူ့အဖေက ထကန်ထဲ့လိုက်တာ အိမ်လှေကားထစ်ဘေးမှာ ခွေခွေလေးပေါ့ ။အဲ့နောက်မှာ ဆွဲနေတဲ့
အကျင့်တွေတဖြည်းဖြည်းပျောက်သွားပါတယ် ။ အဲ့ခုထိကျန်နေသေးတာက ပုခုံးတွန့်ပြီး မျက်စေ့မကြာ
မကြာမှိတ်တဲ့အကျင့် ။
နောက်တစ်ယောက်က လူအေးပါ ။ ဆယ်တန်းရောက်တော့ သူ့အိမ်က မြို့ကသူ့ဘကြီးအိမ်ကိုသွားထား
ပြီးကျောင်းတက်ခိုင်းတယ် ။ ဘကြီးလုပ်သူက ပညာရှိဆိုတော့ ဒီလိုသြ၀ါဒပေးပါတယ် ။ ငါ့တူတဲ့ ဆေးရုံ
ဆိုရင် မလိုက်ဘူး အချုပ်ထဲဆိုရင် လိုက်မယ် ။ ကိုယ်ကမခံရစေနဲ့ ဦးအောင်လုပ်တဲ့ ၊ ဘကြီးလုပ်သူက
ပိုက်ဆံကလည်းရှိကိုး ။ အဲ့ဒီက စလိုက်တာ လူလိမ္မာလေးကနေ လူမိုက်လေးဖြစ်သွားပါတယ် ။ မကောင်း
တာအကုန်လုပ် ၊ ရန်ဖြစ်လိုက်တာကလဲ မိုက်တဲ့ကောင်လာခဲ့ပဲ ။ အရက် ဆေး လုပ်ပါများတော့
ကြောင်တောင်တောင်ကိုဖြစ်သွားတာ ။ ကြောင်ဆို အရူးလိုပဲ ၊ ဆေးရုံတက်ကုလိုက်ရတယ် ။
ခုတော့မိန်းမရသွားပါပီ ။ ကိုဂါးကိုတော့တော်တော်ခင်တယ်ဗျ ။ ဒီကောင်ကခင်တာက လန့်စရာ။
ဖောက်လာပီဆို အရင်ဆုံးသတိရတာက ကိုဂါးကိုပဲ ။ ဖောက်လာပီဆိုရောက်လာပီ ။
ဒီနှစ် နှစ်ဦးပိုင်းက ရောက်လာတယ် ။ သတိရလို့တဲ့လေ ။ ကိုဂါးက သူ့ကိုဒီလိုမြင်ရတော့ဝမ်းသာတယ် ။
လဘက်ရည်ဆိုင်ထိုင်ရင်းနဲ့ အေးကွာ နောက်ထပ်မဖြစ်အောင်ဆင်ခြင်ကွာလို့ ကိုဂါးက ဆုံးမတော့
မလုပ်တော့ပါဘူးကွာ မိန်းမလည်းရပြီးဆိုတော့တဲ့ ။ ကိုဂါးကတော့သူပြောတာယုံပြီးဝမ်းသာလိုက်တာ
လွန်ပါရော ။ ၀မ်းသာလို့မှမဆုံးသေးဘူးဗျို့ လွန်ခဲ့တဲ့တစ်လလောက်က ထပ်ရောက်လာတယ် ။
သူ့လက်ထဲမှာ ဇစ်ပီုမီးခြစ်လေးကိုင်လို့ ။ ဖျော်ရည်နံ့လေးကသင်းထုံနေပါတယ် ။ သူ့ကိုဒီပုံစံနဲ့
မြင်လိုက်တော့ အဲ့နားတင်မှာပဲထိုင်သေလို့ရရင်သေလိုက်ချင်စိတ်ပေါက်ပါတယ် ။ ဟရောင်ကြီး
ဘယ်ကလှည့်လာတာလဲလို့ မသိချင်ယောင်ဆောင်မေးလိုက်ပါတယ် ။ မင်းဆီတမင်လာတာ
ဗုံးခွဲရအောင်လို့တဲ့ ။ အမလေး ဘုရားတလိုက်မိပါတယ် ။ ဒီကောင်ဗုံးခွဲမယ်ဆိုတာက
ပုလင်းထဲရေနံထည့်မီးရှို့မှာလေ ။ ချော့မော့ပြီး သူ့အိမ်အရောက်လိုက်ပို့လိုက်ရပါတယ် ။
အပြန်မှာတော့ ကိုဂါးတို့ ကုသိုလ်ရပါတယ် မောင်မင်းကြီးသား အမြန်ကျန်းမာပါစေ ချမ်းသာပါစေလို့
မေတ္တာဘာဝနာစီးဖြန်းလာရလို့ပါ။
……အော်….စွဲမြဲဖို့လွယ်ပြီး ဖျောက်ဖျက်ဖို့ခက်တာက မကောင်းကျင့် ။
ပျောက်ပျက်ဖို့လွယ်ပြီး ပြုကျင့်ဖို့ခက်တာက ကောင်းကျင့် –ပါလားလို့ သံဝေဂညာဏ်
လဲရမိပါရဲ့ဗျာ ။
https://barnay.wordpress.com/ မှ ကူးယူဖော်ပြပါသည်ခင်ဗျာ။
သူငယ်ချင်းတွေလည်း ဒီဆိုဒ်လေးမှာလည်းဝင်ရောက်ဖတ်ရှု့ ကြပါလို့ 
စာကောင်းလေးတွေချစ်တဲ့  ကျွန်တော်က ပြတိုက်က မောင်နှမများ ကို တိုက်တွန်းပါရစေဗျာ။
ပြတိုက်က မောင်နှမများ ကို အစဉ်လေးစားခင်မင်လျှက်
ညချစ်သူ ( ပြတိုက် )
No comments:
Post a Comment