အကောင်းကံချစ်မှ အချစ်ကံကောင်းမယ် (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)
အရှင်ဘုရား…
အရှင်ဘုရားရေးတဲ့ "အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" ဆောင်းပါးကိုဖတ်ပြီး စိတ်အား ထက်သန်မိသလို မမမိုးသက်လှိုင်လို အချစ်ကံခေပြီး သောကပူလောင်ရမှာကိုလည်း စိုးရိမ်ကြောက်ရွံ့ မိပါတယ်ဘုရား၊ အချစ်ကံကောင်းအောင် ဘယ်လိုပြုမူနေထိုင်ကျင့်သုံးရမယ်ဆိုတာ မိန့်ကြားပေးတော် မူပါဘုရား။
မယမင်းဇော်၊ ဒုတိယနှစ် -သတ္တဗေဒ
မယမင်းဇော်..
မယမင်းဇော်က "အချစ်ကံကောင်းနည်း" ကိုသိချင်တယ်ဆိုပါတော့။ လွယ်ပါတယ်၊ ဘာမှမခက် ပါဘူး။ အချစ်ကံကောင်းချင်ရင် "အချစ်ကံကောင်း" ဆိုတဲ့စကားလုံးကို ရှေ့ နောက် ပြောင်းပြန် လှန်လိုက် ရုံပါပဲ။ "အချစ်ကံကောင်း" ကို ပြောင်းပြန်လှန်လိုက်တော့ "အကောင်းကံချစ်" ဖြစ်သွားတောပေါ့။ အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။
"အကောင်းကံ" ဆိုတာ ကုသိုလ်ကံကိုပြောတာပါ။ "ကုသိုလ်ကံ" ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့ အလုပ်တွေ လုပ်တဲ့ကုသိုလ်ကံရယ်၊ မကောင်းတဲ့အလုပ်တွေရှောင်တဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပြန် ပါတယ်။ ကုသိုလ်အလုပ်လုပ်တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်အလုပ်ရှောင်တဲ့ ကုသိုလ်ကံ ဆိုပါတော့။
ကောင်းတဲ့ကုသိုလ်အလုပ်တွေကတော့ တစ်ဖက်က အများကြီးလုပ်နေပါရဲ့ ၊ ဒါပေမယ့် တစ်ဖက်ကလည်း မကောင်းတဲ့ အကုသိုလ်အလုပ်တွေ နည်းနည်းပါးပါး လုပ်မိနေတယ်ဆိုရင် ကိုယ့်ရဲ့ ကုသိုလ်ကံဟာ ပြည့်စုံတဲ့ ကုသိုလ်ကံ မဟုတ်တော့ပါဘူး။ ကုသိုလ်ကံ မပြည့်စုံရင် အကျိုးပေးလည်း မပြည့်စုံတော့ပါဘူး။ ဒါကြောင့် အကျိုးပေးဟာကွက်မရှိ ပြည့်စုံချင်ရင် ကောင်းတာလုပ်တဲ့ ကုသိုလ်ကံရော၊ မကောင်းတာရှောင်တဲ့ ကုသိုလ်ကံရော၊ ကုသိုလ်ကံနှစ်မျိုးလုံး ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။
"အကောင်းကံ" ဆိုတဲ့ စကားလုံးနဲ့ပဲ ကိုင်ပြီးပြောတာ ပိုကောင်းပါတယ်။ "ကုသိုလ်ပြုအကောင်းကံ" ရယ်၊ "အကုသိုလ်ရှောင်အကောင်းကံ" ရယ်၊ အဲဒီအကောင်းကံ နှစ်မျိုးကို ချစ်ရင်၊ အဲဒီအကောင်းကံ နှစ်မျိုးနဲ့ ပြည့်စုံအောင် ကြိုးစားရင်၊ အဲဒီအကောင်းကံနှစ်မျိုး ပြည့်စုံနေရင် အချစ်ကံ သေချာပေါက် ကောင်းပါတယ်။
"အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" ဆောင်းပါးကို သေချာပြန်ဖတ်ကြည့်ရင် ဘယ်လို အကုသိုလ်ကံကြောင့် အချစ်ကံခေရတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အချစ်ကံခေစေတဲ့ အကုသိုလ်ကံကို ရှောင်ကြဉ်လိုက်ရင် အချစ်ကံကောင်းသွားပြီပေါ့။ (တစ်ခေါက်လောက်တော့ ဖတ်ဖြစ်အောင် ပြန်ဖတ်ကြည့် စေချင်ပါတယ်။)
လောကမှာ အဆိုးတွေ ကြုံကြုံနေရတယ်ဆိုတာ အကောင်းကံမရှိလို့မဟုတ်ပါဘူး၊ အဆိုးကံ ရှိနေလို့ပါ။ အဆိုးကံသာမရှိရင် အဆိုးတွေ လုံးဝမကြုံတွေ့ရပါဘူး။ အဆိုးမကြုံတွေ့ချင်သူတစ်ယောက် အဓိကလုပ်ရမယ့်အလုပ်ကတော့ အဆိုးကံ ရှောင်ကြဉ်တဲ့အလုပ်ပါပဲ။
အချစ်နဲ့ပတ်သက်ပြီး အဆိုးကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ပတ်သက်တဲ့ အဆိုးကံတွေ အတိတ်က ကျူးလွန်ခဲ့လို့ပါ။ "အတိတ်က" ဆိုတဲ့နေရာမှာ ရှေးယခင်ဘ၀တွေက အတိတ်လည်း ပါဝင်သလို ယခုဘ၀ရဲ့ ရှေ့ ပိုင်းအတိတ်တွေလည်း ပါဝင်တတ်ပါတယ်။
အချစ်ကံခေစေတဲ့ အဓိကအကျဆုံး အဆိုးကံကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း၊ တစ်နည်းအားဖြင့် အချစ်ရေး ဖောက်ပြန်ခြင်းပါပဲ။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ သစ္စာမရှိဘဲ တခြားတစ်ယောက်၊ သို့မဟုတ် တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုးကံကို ထူထောင်နေတာပါ။ အဲဒီကံ အကျိုးပေးတဲ့ဘ၀ သေချာပေါက် အချစ်ကံခေမှာပါပဲ။
အချစ်ကံမခေစေချင်ဘူး၊ အချစ်ကံကောင်းချင်တယ်ဆိုရင် အချစ်ရေးမှာ သစ္စာရှိဖို့လိုအပ်ပါတယ်။ ကိုယ့်မှာ "ချစ်တယ်" လို့ ဖွင့်ပြောထားပြီးသား တရားဝင်ချစ်သူရှိပါလျက် တခြားတစ်ယောက်နဲ့ အီစီကလီလုပ်တာမျိုး၊ ဘာလိုလို ညာလိုလို ရောတာမျိုး ရှောင်ကြဉ်ရပါမယ်။
တစ်ဖက်သားအပေါ် ရင်ထဲက တကယ်မချစ်ပါဘဲ ချစ်ဟန်ဆောင်တာမျိုး၊ တစ်ဖက်သား ကိုယ့်အပေါ် ကြွေသွားအောင် စတာ နောက်တာမျိုး၊ တစ်ဖက်သားရင်ထဲမှာ ကိုယ့်ကို ခံစားသွားရအောင် ကလိတာ၊ ရိတာမျိုး၊ အပျော်သဘောနဲ့ လူတကာ အသည်း လှည့်ပတ်ခွဲတာမျိုး၊ အပေါင်းအသင်းတွေကြား တလွဲဂုဏ်ယူချင်စိတ်နဲ့ မြာပွေတာ၊ရှုပ်တာမျိုး၊ ရည်းစားတွေ ထည်လဲတွဲပြီး အပျော်ကြံတာမျိုး၊ "ပုံလာလာပြောတိုင်းယုံ" တတ်တဲ့ အယုံလွယ်သူတွေအပေါ် ပုံပြောကောင်းပြီး မျက်နှာများတာမျိုး၊ "မဆွတ်ခင်က ညွတ်ချင်" နေတဲ့ အညှာလွယ်သူတွေအပေါ် ပလီပလာချွဲနွဲ့ပြီး ကျောရရုံကြံတာမျိုး၊ တစ်သက်သာယုံမှတ်လို့ အရှက်ပါပုံအပ်သူတွေအပေါ် "စားပြီးနားမလည်" မသိချင်ယောင်ဆောင်တာမျိုး၊ လက်မထပ်သေးခင် အချစ်နယ်ကျွံပြီး ကြိုပွိုင့်ရိုက်တာမျိုး… စတဲ့..စတဲ့ "အချစ်သူခိုး" အလုပ်တွေ အကုန်လုံးကို တည်ကြည်ခိုင်ခံ့တဲ့စိတ်ဓာတ်နဲ့ မြင့်မြတ်စွာ ရှောင်ကြဉ်နိုင်ရပါမယ်။ ဒါတွေဟာ အိမ်ထောင် မကျသေးသူ လူပျို၊ အပျိုတွေအတွက် ပြောတာပါ။
အိမ်ထောင်ကျပြီးသူတွေအနေနဲ့ကတော့ အခုပြောခဲ့တဲ့ အချစ်ရေးဖောက်ပြန်ခြင်းကိုသာမက အိမ်ထောင်ရေးဖောက်ပြန်ခြင်းကိုပါ ရှောင်ကြဉ်နိုင်ရပါမယ်။ တရားဝင်ထိမ်းမြားလက်ထပ်ထားတဲ့ ကာမပိုင် ပုဂ္ဂိုလ်ကလွဲရင် ဘယ်သူတစ်ဦးတစ်ယောက်နဲ့မျှ ကာမဂုဏ်မှားယွင်းမှု၊ အပျော်အပါးလိုက်စားမှုမပြုရပါဘူး။ ကိုယ့်အိမ်ထောင်ဖက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အချစ်ဥပဒေနဲ့ ငြိစွန်းတဲ့ အပြောအဆို၊ အပြုအမူမှန်သမျှ လုံးဝကင်းရှင်းအောင် နေထိုင်ကြရပါမယ်။
ကာမေသုမိစ္ဆာစာရကံ (ကာမဂုဏ်မှားယွင်းမှုကံ)နဲ့ ပရဒါရကံ (သူတစ်ပါးသားမယား ပြစ်မှားမှုကံ)ကို ကိုယ်နဲ့၊ နှုတ်နဲ့သာမက စိတ်နဲ့ပါ ရှောင်ကြဉ်နိုင်လေ အချစ်ကံကောင်းလေပါပဲ။
အချစ်ကံခေစေတဲ့ နောက်အဆိုးကံတစ်ခုကတော့ အချစ်သ၀န်တိုခြင်း၊ သို့မဟုတ် ချစ်သ၀န် ကြောင်ခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက်၊ သို့မဟုတ် တခြားအယောက်ပေါင်းများစွာအပေါ် ကျယ်ပြန့်သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာတွေ မျှဝေပေးနေတာအပေါ် မနာလို မရှုစိတ်ဖြစ်ပြီး " ဟိုလူ့ကိုမချစ်ရ၊ ဒီလူ့ကိုမခင်ရ၊ ဘယ်သူနဲ့ မပေါင်းရ၊ ဘယ်ဝါနဲ့ မပတ်သက်ရ" လို့ မနာလိုစကားတွေ ပြောကြားနေတာ ၊ သ၀န်တိုအမိန့်တွေ ထုတ်ပြန်နေတာဟာ အချစ်ကံခေကြောင်း မကောင်းမှုအကုသိုလ်တွေ ဆည်းပူး စုဆောင်းနေတာပါပဲ။
တစ်ယောက်နဲ့တစ်ယောက် ရိုးသားသန့်စင်စွာ ချစ်ခင်နေကြသူတွေကို ကိုယ့်အထင်နဲ့ကိုယ် မတော်မတရားစွပ်စွဲပြီး ၊ သို့မဟုတ် ကိုယ့်စိတ်နဲ့နှိုင်း အရိုင်းသတ်မှတ်ပြီး ချစ်ခင်မှုပျက်ပြားသွားအောင် လုံးဝမလုပ်သင့်ပါဘူး။
ကိုယ်တစ်ဖက်သတ်ချစ်နေရသူက ကိုယ့်အပေါ် ပြန်မချစ်တာနဲ့ပဲ "တခြားဘယ်သူ့ကိုမှ မချစ်ရဘူး၊ ချစ်လို့ကတော့ နှစ်ယောက်လုံး စိတ်ဆင်းရဲအောင် လုပ်ပစ်မယ်၊ ဆက်ချစ်မရအောင် နှောင့်ယှက်ပစ်မယ်" ဆိုတဲ့ စိတ်ထားဟာ ကလေးသိပ်ဆန်လွန်းတဲ့ အချစ်ကံခေကြောင်း စိတ်ထားပါ။
"အလှဝန်တို၊ မငြင်ငြိုနှင့်" ဆိုတဲ့ ငယ်ငယ်တုန်းက ကဗျာအလိုက်အတိုင်း ပြောရရင် "အချစ်ဝန်တို မငြင်ငြိုနှင့်" လို့ပြောရပါလိမ့်မယ်။ သူတို့ဘာသာသူတို့ ရိုးရိုးသားသားပဲ ချစ်ချစ်၊ ဆန်းဆန်းပြားပြားပဲ ချစ်ချစ်၊ ကိုယ့်ရေစက်နဲ့ကိုယ်၊ ကိုယ်စိတ်နဲ့ကိုယ် ချစ်နေကြတာ ကိုယ်က ကြားထဲကနေ အလကားနေရင်း မနာလို ၀န်တိုဖြစ်ပြီး ချစ်ခြင်းကို သွားခွဲရင် သူတို့ချစ်ခြင်းကွဲကွဲ၊ မကွဲကွဲ ကိုယ့်နှလုံးသားထဲမှာတော့ "အချစ်ကံမွဲဆေး " ဖော်စပ်ပြီးသားဖြစ်သွားပါပြီ။
"ချစ်ခြင်းကိုမခွဲပါနဲ့" ဆိုတဲ့ ၀စီသုစရိုက်သိက္ခာပုဒ်(ပိသုဏ၀ါစာဝိရတိသိက္ခာပုဒ်)ဟာ ချစ်သူရည်းစားချင်း၊ ဇနီးခင်ပွန်းချင်းရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာမဟုတ်ပါဘူး။ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ ဆရာနဲ့ဒကာ၊ ညီအစ်ကိုမောင်နှမအချင်းချင်း၊ ဆွေမျိုးသွေးသားအချင်းချင်း၊ မိတ်ဆွေ သူငယ်ချင်းအချင်းချင်း၊ ဘယ်လိုချစ်ခင်ကြသူအချင်းချင်းရဲ့ ချစ်ခြင်းကိုမဆို မခွဲဖို့ ပြောတာပါ။
သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်း ကွဲမှာပဲ။ ဒါဟာ သေချာတဲ့ ကမ္မနိယာမပါ။ သူများချစ်ခြင်း ခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်၊ ကိုယ့်ဘက်က ဘယ်လောက်ကောင်းကောင်း ကိုယ့်ကို အကောင်းမထင်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူ မနေရ၊ မိဘမေတ္တာဆိုတာကို ခံစားခွင့်မကြုံ၊ ညီအစ်ကို မောင်နှမအချင်းချင်း မတည့်၊ ဆွေမျိုးတွေက တစ်ကိုယ်ကောင်းဆန်၊ သူငယ်ချင်းအပေါင်းအသင်းတွေက မိတ်ကောင်းဆွေကောင်းမပီသ၊ ဒါတွေ အားလုံးဟာ အချစ်ကံခေတာတွေချည်းပါပဲ။
"ကိုယ်လိုချင်တာ … အချုပ်အနှောင်မဲ့အချစ်များ" ဆိုတဲ့အတိုင်း ဘယ်သူမဆို အချုပ်အချယ် ကင်းတဲ့၊ အနှောင်အဖွဲ့ရှင်းတဲ့ ချစ်ခြင်းမေတ္တာ သန့်သန့်လွတ်လွတ်ကလေးကိုပဲ လိုချင်ကြပါတယ်။ ကိုယ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာမျိုး သူတစ်ပါးကို အရင်ပေးနိုင်မှ အချစ်ကံကောင်းသူတစ်ယောက်အဖြစ် ပျော်ရွှင်ကြည်နူးခွင့်ရမှာမို့ သူတစ်ပါးအပေါ် အဓိပ္ပါယ်မဲ့ ကန့်သတ်ချုပ်ချယ်ချင်တဲ့ စိတ်ယုတ်စိတ်ပုတ်ကို နှင်ထုတ်ဖယ်ရှားပစ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။
ရှောင်စရာအဆိုးကံတွေ အထိုက်အလျောက် ပြောပြီးသွားတော့ ဆောင်စရာအကောင်းကံတွေ နည်းနည်းပြောကြတာပေါ့။
အချစ်ကံကောင်းစေတဲ့ အဓိကအကျဆုံး အကောင်းကံကတော့ မေတ္တာတရား လက်ကိုင်ထားခြင်း ပါပဲ။ သူတစ်ပါးအပေါ် စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေ၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ကံအကျိုးပေး ပိုကောင်းလေပါပဲ။ မေတ္တာကြီးလေ၊ အချစ်ကံကောင်းလေပေါ့။
မေတ္တာက "ပွားမေတ္တာ" နဲ့ "ထားမေတ္တာ" လို့ နှစ်မျိုးရှိပါတယ်။ "ကျန်းမာချမ်းသာကြပါစေ" လို့ စိတ်ထဲကနေ၊ ဒါမှမဟုတ် အသံထုတ်ပြီး မေတ္တာပို့သနေတာကို "ပွားမေတ္တာ" လို့ခေါ်ပါတယ်။ တစ်ဖက်သားရဲ့ ကောင်းကျိုးကို ကာယကံမြောက် ကိုယ်ထိလက်ရောက်၊ ၀စီကံမြောက် နှုတ်ထိပါးစပ် ရောက် ကူညီဆောင်ရွက်ပေးတဲ့မေတ္တာကို "ထားမေတ္တာ" လို့ခေါ်ပါတယ်။
ပွားမေတ္တာရော၊ ထားမေတ္တာရော မေတ္တာနှစ်မျိုးလုံး ပြည့်စုံမှ အချစ်ကံကောင်းမှာပါ။ တကယ်ဆို ပွားမေတ္တာထက် ထားမေတ္တာက ပိုလို့တောင် အရေးကြီးပါတယ်။ စိတ်ထဲက၊ သို့မဟုတ် နှုတ်က "ကျန်းမာချမ်းသာကြပါစေ" လို့ တဖွဖွ မေတ္တာပို့သနေပေမယ့်၊ တကယ့်လက်တွေ့ဘ၀မှာ သူတစ်ပါး စိတ်ဆင်းရဲစေမယ့် အပြောအဆို၊ အပြုအမူတွေ၊ တစ်ဖက်သား ဆိုးကျိုးဖြစ်စေမယ့် အပြောအဆို၊ အပြုအမူတွေ ပြောဆို ပြုမူနေမယ်ဆိုရင် နောင်ဘ၀ဆိုတာ အသာထား၊ အခု လောလောဆယ်ဆယ်မှာကို အဲဒီလူကို ဘယ်သူကမှ ချစ်ခင်နှစ်သက်ကြမှာ မဟုတ်ပါဘူး။
"ကျွန်တော်/ကျွန်မ အရာရာကို အကောင်းမြင်စိတ် မွေးပါတယ်။ လူတိုင်းအပေါ် မေတ္တာထားနိုင် ပါတယ် " လို့ စကားတွေ၊ စာတွေနဲ့ ကိုယ်ရည်သွေးပြီး ထုတ်ဖော်ကြွေးကြော်နေပေမယ့် တကယ့် လက်တွေ့ဘ၀မှာ အဆိုးမြင်စိတ်ထားနဲ့ အဆိုးမြင်စကားတွေပဲ ပြော၊ အဆိုးမြင်လုပ်ရပ်တွေပဲ လုပ်နေတဲ့ သူတွေဟာ ပစ္စုပ္ပန်ဘ၀မှာရော၊ သံသရာဘ၀တွေမှာပါ ချစ်ခင်မြတ်နိုးမယ့်သူမရှိ၊ နားလည်ခွင့်လွှတ်မယ့်သူ မရှိနဲ့ အချစ်ကံခေပြီး ၀မ်းနည်းအားငယ်နေရမှာပါ။
မေတ္တာတရားကို "လူချစ်ဆေး၊ နတ်ချစ်ဆေး" လို့ ပြောတာဟာ မေတ္တာပို့သရုံသက်သက် "တစ်ခြမ်းပဲ့မေတ္တာသမား" တွေအတွက် ပြောတာမဟုတ်ပါဘူး။ တစ်ဖက်ကလည်း မေတ္တာပို့သ၊ တစ်ဖက်ကလည်း လိုသူ၊ မလိုသူ မခွဲခြားဘဲ အလွှာမရွေး၊ အရွယ်မရွေးအပေါ် ကိုယ်ထိလက်ရောက် ၊ နှုတ်ထိပါးစပ်ရောက် အကျိုးဆောင်ပေးတတ်တဲ့ "အပြည့်အ၀မေတ္တာသမား"တွေ၊ "တင်းပြည့်မေတ္တာ သမား" တွေအတွက် ပြောတာပါ။
ပွားမေတ္တာသက်သက်နဲ့တော့ …လူအပေါင်း၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမှုကို ရမှာမဟုတ်ဘူး၊ ပွားမေတ္တာရော ထားမေတ္တာရော ပြည့်စုံမှ လူအပေါင်း၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမှုကိုရမယ်…လို့ ဆိုလိုပါတယ်။
သီးခြားထိုင်ရင်းပဲဖြစ်ဖြစ်၊ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် "သတ္တ၀ါအားလုံး ကျန်းမာ ချမ်းသာကြပါစေ" လို့ မကြာခဏ မေတ္တာပို့သပါ။ ရေနဲ့ ခန္ဓာကိုယ်နဲ့ ထိတွေ့တိုင်းလည်း အေးမြတဲ့ ရေကို သက်သေထား အာရုံပြုပြီး "သတ္တ၀ါအားလုံး ကိုယ်ရောစိတ်ပါ အေးချမ်းကြပါစေ" လို့ အထပ်ထပ် မေတ္တာပို့သပါ။ ကိုယ့်မျက်စိရှေ့ မြင်တွေ့လာသမျှ၊ ကိုယ့်အလုပ်နဲ့ ပတ်သက် ဆက်စပ်လာသမျှ လူတိုင်း လူတိုင်းကို ချက်ချင်းချက်ချင်း မေတ္တာပို့သပါ။ အခြေအနေအမျိုးမျိုးမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အကြိမ်ကြိမ် အခါခါ မေတ္တာပို့သတဲ့ အလေ့အကျင့် အားကောင်းလာပြီဆိုရင် "ပွားမေတ္တာနဲ့ " ပြည့်စုံပါပြီ။
မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့ "မေတ္တသုတ်" တရားတော်ကို နေ့စဉ်ဝတ် ထားပြီး အချိန်ရရင် ရသလို အမြဲမပြတ် ရွတ်ဖတ်ပူဇော်သွားမယ်ဆိုရင်လည်း ဒေါသဓာတ်တွေ ကင်းစင်၊ မေတ္တာဓာတ်တွေ စိမ့်ဝင်ပြီး မြင်သူတိုင်းက ချစ်ခင်မြတ်နိုး အားကိုးလေးစား တန်ဖိုးထားလာကြပါလိမ့်မယ်။
"နတ်များချစ်ဆေး၊ ဘေးရန်ဝေးသော၊ ယဉ်ကျေးမန္တန်၊ ဂါထာပျံကို၊ ရွတ်အံသရဇ္ဈာယ်ကြကုန်လော့" … တဲ့။ မေတ္တသုတ်ကိုရွတ်ရင် မမြင်ရတဲ့ နတ်တွေကတောင် ချစ်တယ်ဆိုမှတော့ မြင်ရတဲ့လူတွေ ပိုလို့တောင် ချစ်ပြီပေါ့။ အခေါက်ရေများဖို့ထက် အဓိပ္ပါယ်သိသိ စဉ်းစားဆင်ခြင်ပြီး ရွတ်ဖို့တော့ အရေးကြီး တာပေါ့လေ။
မေတ္တသုတ်ရွတ်ရုံ၊ မေတ္တာပွားများရုံနဲ့ ကျေနပ်မနေဘဲ တစ်ဖက်သားကောင်းကျိုး၊ အများ ကောင်းကျိုးကို ကိုယ်နဲ့၊ နှုတ်နဲ့ လက်တွေ့ဆောင်ရွက်ပေးပါ။ "ကောင်းကွက်ကိုရှာ..မေတ္တာ" ဆိုတဲ့အတိုင်း တစ်ဖက်သားရဲ့ ကောင်းကွက်ကို မြင်အောင်ကြည့်ပြီး လူတိုင်းအပေါ် အကောင်းမြင်စိတ်ထားနဲ့ အကောင်းမြင်စကားတွေပဲပြော၊ အကောင်းမြင်အလုပ်တွေပဲ လုပ်သွားမယ်ဆိုရင် "ထားမေတ္တာ" နဲ့ ပြည့်စုံပါပြီ။
တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ ပေါ်လာမှာပါ။ တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ ရောက်လာမှာပါ။ တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ ရှိလာမှာပါ။ တူသောအကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများဟန့်တားနိုင်တာ မှတ်လို့…။
သိပ်လိုအပ်လာတဲ့အခါ .... ကိုယ်ထားရှိခဲ့တဲ့ မေတ္တာတရားကို သစ္စာစကားအဖြစ် ပြောင်းလဲ လိုက်မယ်ဆိုရင်လည်း မေတ္တာပန်းတွေ ပျံသန်းဆိုက်ရောက်လာပါလိမ့်မယ်။
"ကျွန်ုပ်သည် ဘယ်သူ့အပေါ် အမှန်တကယ်ချစ်မြတ်နိုးခဲ့ပါတယ်။ သူ့လိုအပ်ချက်မှန်သမျှကို မေတ္တာအပြည့်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဤစကားသည် မှန်ပါတယ်။ ဤမှန်သော သစ္စာစကားကြောင့် …"
"ကျွန်ုပ်သည် ကျွန်ုပ်ချစ်မြတ်နိုးရတဲ့သူတွေ အားလုံးအပေါ်မှာ အစစအရာရာ လိုလေသေးမရှိ တာဝန်ကျေခဲ့ပါတယ်။ ကြင်ကြင်နာနာ၊ ယုယုယယနဲ့ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဤစကားသည် မှန်ပါတယ်။ ဤမှန်သော သစ္စာစကားကြောင့် …"
စသည်အားဖြင့် ကိုယ်ဆိုတတ်သလို၊ ကိုယ်ဆိုချင်သလို ဆိုပြီး..
"… ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်ချစ်ရတဲ့သူက ကျွန်ုပ်ကို ကျွန်ုပ်ထက် အဆပေါင်း များစွာ ပြန်ချစ်ပါစေသတည်း "
" …ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်သည် သူတစ်ပါး အားကျရလောက်အောင် အချစ်ကံကောင်းသူဖြစ်ပါစေသတည်း "
စသည်အားဖြင့် ကိုယ်ဆန္ဒရှိသလို ဆုတောင်းနိုင်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန် အကြောင်းတရားတွေ ညီညွတ်ရင် ကိုယ့်ဆုတောင်း တစ်နေ့ပြည့်မှာပေါ့။ ဒါပေမဲ့ တစ်ခုသတိပြုရမှာက သစ္စာဆိုတဲ့အခိုက်မှာသာ ကိုယ်လိုချင်တဲ့ အကျိုးကို တောင့်တရမှာပါ။ မေတ္တာပေးနေတဲ့အခိုက်မှာတော့ ကိုယ့်အကျိုး လုံးဝ မတောင့်တရပါဘူး။ သူ့အကျိုးသက်သက်ကိုပဲ ရည်ရွယ်ရပါမယ်။ ကိုယ့်အတွက် မျှော်လင့်ချက်နဲ့ပေးတဲ့ မေတ္တာဟာ မေတ္တာစစ်စစ် မဟုတ်ဘူးလေ။
ပြီးတော့ နောက်တစ်ခုက ကိုယ်ပေးတဲ့ မေတ္တာထဲမှာ မေတ္တာလိုလိုနဲ့ နေရာတကာ အဓိပ္ပါယ်မဲ့ ဆရာလုပ်တာတွေ၊ လက်တွေ့မကျဘဲ အကျိုးမဲ့လွှမ်းမိုးခြယ်လှယ်တာတွေ၊ ကိုယ့်အလိုမပြည့်တိုင်း မကျေမနပ် အပြစ်တင်တာတွေ ကင်းရှင်းနေရပါမယ်။ ကိုယ့်ဆန္ဒ၊ ကိုယ့်အတ္တအတိုင်း တစ်ဖက်သားကို အရုပ်တစ်ခုလို ပုံသွင်းချင်တာ မေတ္တာမှ မဟုတ်ဘဲ။ အတ္တရှေ့ တန်းတင်တဲ့ မေတ္တာမျိုးနဲ့ သစ္စာဆိုလို့က တော့ အဲဒီသစ္စာ စွမ်းမှာ မဟုတ်ပါဘူး။
ကဿပဘုရားရှင်လက်ထက်တုန်းက သူဌေးသမီးတစ်ဦး ခင်ပွန်းလောင်းသူဌေးသားရဲ့ အိမ်ကို အ၀င်တံခါးအတွင်းဘက် ခြေစုံရပ်မိတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်က အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာတဲ့အတွက် သူဌေးသားနဲ့ လက်ဆက်ခွင့်မရဘဲ မိဘအိမ် ပြန်လာခဲ့ရပါတယ်။ တခြားသူဌေးသား ခြောက်ဦးနဲ့လည်း ဒီအတိုင်းချည်းပဲဖြစ်နေလို့ သူဌေးသမီးခမျာ အချစ်ကံခေသူဘ၀နဲ့ စိတ်ဆင်းရဲနေရ ရှာပါတယ်။
အတိတ်ဘ၀တစ်ခုတုန်းက ယောက်မဖြစ်သူနဲ့ ရန်ဖြစ်နေတုန်း ပစ္စေကဗုဒ္ဓါတစ်ပါး ဆွမ်းခံကြွ လာတော့ ယောက်မက ဆွမ်းလောင်းပြီး "ဒီလို အမိုက်မမျိုးကို ယူဇနာတစ်ရာအဝေးက ရှောင်ကြဉ်နိုင် ရပါစေ " လို့ ဆုတောင်းလိုက်တာကို ယောက်မရဲ့ ဆုတောင်း မပြည့်စေချင်တဲ့စိတ်နဲ့ သပိတ်ထဲက ဆွမ်းတွေ သွန်ပစ်ပြီး ရွှံ့ ညွန်တွေ အပြည့် ထည့်ပေးလိုက်မိတဲ့ အကုသိုလ်ကံကြောင့် ခင်ပွန်းလောင်း တွေရဲ့ အိမ်ရောက်တိုင်း အခုလို အပုပ်နံ့ထွက်ပြီး အချစ်ကံခေနေရရှာတာပါ။
"ယောကျာ်းမရတော့မယ့်အတူတူ မထူးဘူး" ဆိုပြီ လက်ဝတ်ရတနာတွေ အကုန်လုံး ထုခွဲရောင်းချ၊ ရတဲ့ငွေနဲ့ ကဿပဘုရားရှင်ရဲ့ ဓာတ်တော်ဌာပနာရာ စေတီတော်မှာ ရွှေအုတ်တစ်ချပ်နဲ့ ကြာပန်းရှစ်ပွင့် လှူဒါန်းလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ပထမဆုံး လက်ထပ်ဖို့ ကြံရွယ်ခဲ့တဲ့ သူဌေးသားက သူဌေးသမီးကို အသည်းအသန် သတိရပြီး အိမ်ကိုခေါ်ဆောင်သွားတဲ့အခါ အိမ်အတွင်း ၀င်ဝင်ချင်း သူဌေးသမီးရဲ့ ကိုယ်က စန္ဒကူးနံ့သာ နံ့တွေ သင်းပျံ့ ကြိုင်လှိုင်စွာ ထွက်ပေါ်လာပါတယ်။ သူဌေးသမီးစကားပြောလိုက်တိုင်းလည်း အာခံတွင်းက ကြာညိုရနံ့ မွှေးပျံ့ သင်းကြိုင်လို့နေပါတယ်။
ဘုရားမှာ ရွှေသင်္ကန်းနဲ့ ကြာပန်းလှူဒါန်းရတဲ့ ကုသိုလ်ကံကြောင့် သူဌေးသမီး အချစ်ကံကောင်းလာ ခဲ့ရတာပါ။ "နံ့သာခင်" "ရှင်မွှေးလွန်း" သူဌေးသမီးကို သူဌေးသားက ချစ်လိုက်တာ တုန်နေတာပါပဲ။ (ခန္ဓာကိုယ်က အပုပ်နံ့ထွက်ခြင်းဆိုတဲ့ အားနည်းချက်ကို သင်းပျံ့ မွှေးကြိုင်တဲ့ ကြာပန်းလှူခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုက ချေဖျက်ပေးလိုက်တဲ့အတွက် အားနည်းချက် ပျောက်သွားပြီး အချစ်ကံကောင်း သွားတာလို့လည်း ပြောနိုင်ပါတယ်။)
ရွှေကို လူသားတိုင်း ချစ်မြတ်နိုးကြသလို ကြာပန်းလေးပွင့်နေပုံကလည်း မြင်သူတိုင်းရဲ့ စိတ်မှာ ချစ်မြတ်နိုးစရာပါ။ ဒီတော့ ရွှေအလှူရှင်နဲ့ ကြာအလှူရှင်မှ အချစ်ကံမကောင်းရင် ဘယ်သူများ အချစ် ကံကောင်းဦးမှာလဲ။
အချစ်ကံမကောင်းလို့ အသစ်ပြန်ပြောင်းနေရတဲ့ နာမည်ကြီးအနုပညာရှင်အမျိုးသမီးတစ်ဦးကို ဒီဝထ္ထုလေး အသေးစိတ်ပြောပြပြီး ၀ထ္ထုအကြောင်းကို ဆင်ခြင်ရင်း အိမ်က ဘုရားမှာရော၊ ရွှေတိဂုံ ဘုရားမှာပါ ရွှေသင်္ကန်းနဲ့ ကြာပန်းတွေ အဆက်မပြတ်လှူဒါန်းဖို့ တိုက်တွန်းလိုက်တာ တိုက်တွန်းတဲ့ အတိုင်း ယုံယုံကြည်ကြည်လုပ်တဲ့အတွက် သိပ်မကြာခင်မှာပဲ သူမကို သိပ်ချစ်၊ သိပ်မြတ်နိုး၊ သိပ်တန်ဖိုး ထားတဲ့ ၊ သူမကလည်း ပြန်ချစ်နိုင်တဲ့ ပါရမီဖြည့်ဖက် အိမ်ဦးနတ်ကောင်းတစ်ဦးကို စိတ်ချမ်းမြေ့ စွာ ပိုင်ဆိုင်ခွင့်ရသွားပါတယ်။ (ယတြာချေတာ မဟုတ်ပါဘူး။ အကြောင်းအကျိုးဆက်စပ်တဲ့ ကုသိုလ်ကောင်းမှု ပြုတာပါ။)
ရွှေသင်္ကန်းအလှူနဲ့ ကြာပန်းအလှူက အချစ်ကံကောင်းစေသလို နံ့သာအလှူနဲ့ ဆေးအလှူက လည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူ၊ ဆေးအလှူတွေရဲ့ အကျိုးတရားတွေမှာ " ကိုယ်ချစ် ရတဲ့သူတွေနဲ့ ဘယ်တော့မှ မခွဲခွာရခြင်း" ဆိုတဲ့ အကျိုးတရားတစ်ခု ပါနေလို့ပါ။
နံ့သာရဲ့ သဘောတရား၊ ဆေးဝါးရဲ့ အာနိသင်နဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ရင် ဒါဟာ သဘာဝကျ ပါတယ်။ မွှေးရနံ့သင်းနေသူကို ပတ်ဝန်းကျင်က ချစ်မြတ်နိုးကြသလို ဆေးကြောင့် သေဘေးက လွတ်သွားသူဟာလည်း သူချစ်တဲ့သူတွေနဲ့ မခွဲခွာ မကွေကွင်းရတော့ဘူး မဟုတ်လား။
မွှေးရနံ့ဆိုတာ အချစ်တိုးစေတဲ့အရာ၊ တစ်ဖက်သားစွဲမက်စေတဲ့အရာ…။ ဆေးဆိုတာ ချစ်သူတွေ မကွေကွင်းစေတဲ့အရာ၊ ချစ်စရာ ကျန်းမာခြင်းကို ဆောင်ကြဉ်းပေးတဲ့အရာ…။ ဒီတော့ မွှေးရနံ့အလှူနဲ့ ဆေးအလှူဟာ အချစ်ကံကောင်းစေတဲ့ အကောင်းကံတွေပဲပေါ့။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက အရေပြားရောဂါစွဲကပ်နေတဲ့ "ရောဟိနီ" မင်းသမီးလေးဟာ အစ်ကိုဖြစ်သူ အရှင်အနုရုဒ္ဓါရဲ့ လမ်းညွှန်ချက်အရ လက်ဝတ်တန်ဆာတွေ ရောင်းချလို့ ရတဲ့ငွေနဲ့ နှစ်ထပ် ဆွမ်းစားကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး သောက်ရေ သုံးရေဖြည့်ခြင်း၊ တံမြက်လှည်းခြင်း၊ နေရာခင်းခြင်း…စတဲ့ ဝေယျာဝစ္စတွေ ပြုလုပ်တဲ့အတွက် အရေပြားရောဂါလည်းပျောက် ၊ သေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်လည်း ရောက်သွားခဲ့ပါတယ်။
နတ်သားလေးဦးရဲ့ နယ်စပ်ဧရိယာမှာ နတ်သမီးလေး သွားဖြစ်တဲ့ ရောဟိနီကို နတ်သားလေးဦးက မြင်မြင်ချင်း အရမ်းချစ်သွားတဲ့အတွက် သူရထိုက်တယ်၊ ငါရထိုက်တယ်နဲ့ ငြင်းခုံကြပါလေရော။ နောက်ဆုံး သိကြားမင်းကြီးဆီ သွားအဆုံးအဖြတ်ခံတဲ့အခါ သိကြားမင်းကြီးလည်း ရောဟိနီကို မြင်မြင်ချင်း ချစ်သွားပြီး..
"အသင်နတ်သားတို့..၊ ရောဟိနီကို မြင်တဲ့အချိန်ကစပြီး သင်တို့စိတ်ထဲမှာ ဘယ်လိုခံစားနေရ ပါသလဲ "
လို့ နတ်သားလေးဦးကို မေးလိုက်ပါတယ်။
" သူ့ကို မြင်တဲ့အချိန်ကစပြီး ကျွန်တော်မျိုးရဲ့ စိတ်ဟာ စစ်မြေပြင်မှာ စည်ကြီးတီးလိုက်သလို တုန်ခါသွားပြီး ထိုင်ရခက်၊ ထရခက်နဲ့ ဆောက်တည်ရာမရ ဖြစ်နေရပါတယ်"
" ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာတော့ တောင်ကျရေတံခွန်ကြီး စီးဆင်းနေသလို သူ့အပေါ် သံယောဇဉ်ရေတံခွန်ကြီး စီးဆင်းနေပါတယ် "
" ကျွန်တော်မျိုးရဲ့ မျက်လုံးဟာ သူ့ကိုမြင်တဲ့အချိန်ကစပြီး ပုစွန်မျက်လုံးလို အပြင်ဘက် ပြူးထွက် နေပါပြီ "
" ကျွန်တော်မျိုးရဲ့ နှလုံးသားကတော့ စေတီဘုရားပေါ်က တံခွန်အလံတွေလို တဖျပ်ဖျပ် တုန်လှုပ် နေခဲ့ရပါပြီ "
နတ်သားလေးဦးရဲ့ အချစ်ခံစားချက်တွေကိုလည်း နားထောင်ပြီးရော သိကြားမင်းကြီးက..
" အသင်နတ်သားတို့ရဲ့ အချစ်ခံစားချက်တွေက အတော့်ကို ပြင်းထန်လှပါတယ်။ ဒါပေမယ့် ထိန်းချုပ်မယ်ဆို ထိန်းချုပ်လို့ရပါသေးတယ်။ ကျွန်ုပ်ကတော့လေ..ရောဟိနီကိုမှမရရင်.. သူ့ကိုမှမရရင်.. ဘယ်..ဘယ်လိုမှ…အသက်ရှင်သန်နိုင်မှာ မဟုတ်တော့ပါဘူး..သူနဲ့သာ..အတူမနေရရင်..သေ.. သေရပါ လိမ့်မယ်..အသင်နတ်သားတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်ုပ်သိကြားဟာ..ရောဟိနီကိုရမှ.. ပုံမှန်ရှင်သန်ခွင့် ရှိတော့မယ့်သူပါ.."
လို့ ဆွေးဆွေးမြည့်မြည့် ငိုပြောပြောလိုက်ပါတယ်။
" အသင်သိကြားမင်းကြီး ဒီလောက်တောင်ကြွေနေရင်လည်း ရောဟိနီကို အသင်သိကြားမင်းကြီးပဲ ယူလိုက်ပါတော့၊ အသက်တော့ အသေမခံလိုက်ပါနဲ့ သိကြားမင်းကြီးရယ်၊ ကျွန်တော်မျိုးတို့ လေးဦး ရောဟိနီကို စွန့် လွှတ်လိုက်ပါပြီ "
ရောဟိနီကို သိကြားမင်းကြီးချစ်လိုက်ပုံများ..အရာရာ " နီ့သဘော" …" နီ့သဘော" နဲ့ပါပဲ။ ဘယ်သွားချင်လဲ…နီ့သဘော၊ ဘာလုပ်ချင်သလဲ..နီ့သဘော..၊ " အရာရာ..မင်းပါ..နီ" ..။
ရောဟိနီနတ်သမီး အချစ်ကံကောင်းတာ ကျောင်းအလှူကုသိုလ်နဲ့ ဝေယျာဝစ္စကုသိုလ်ကြောင့်ပါ။
တစ်ဖက်သားရဲ့ ကိစ္စကြီးငယ်ကို မေတ္တာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးတတ်တဲ့ ဝေယျာဝစ္စ ကုသိုလ်ရှင်တွေဟာ ချစ်သူခင်သူ၊ ကူညီစောင့်ရှောက်သူတွေ ပေါများပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေ တတ်ပါတယ်။
နောက်ဆုံးတော့ မယမင်းရယ်..၊ " မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား " ဆိုတဲ့ ဗုဒ္ဓအဆုံးအမအတိုင်း မကောင်းမှုမှန်သမျှ ရှောင်ကြဉ်မယ်၊ ကောင်းမှုမှန်သမျှ ပြုလုပ်မယ်၊ စိတ်နှလုံးကို ဖြူစင်မြင့်မြတ်အောင် အမြဲထားမယ်ဆိုရင် အချစ်ကံသာမက အနှစ်ကံတွေပါ ကောင်းပြီး ချစ်စရာ အကောင်းဆုံး နိဗ္ဗာန်အနှစ်ကို ဧကန်မုချ ရရှိကြမှာ မလွဲပါဘူး။
သြော်..အရေးအကြီးဆုံးလို့ထင်တဲ့ စကားတစ်ခွန်းတော့ နောက်ဆုံးပြောလိုက်ပါရစေ..။
" အချစ်ကံကောင်းချင်ရင်..ချစ်အောင်နေပါ၊ မုန်းအောင်မလုပ်ပါနဲ့…လို့။"
ဒါပါပဲ….။
အလင်းတန်းဂျာနယ်၊ ဇွန် 6 (13)၊ 2005
ဖြည့်စွက်စကား
" အကောင်းကံချစ်မှ အချစ်ကံကောင်းမယ် " ဆိုတဲ့ စကားရပ်ကို အပေါ်ယံရှပ်ပြီး သာမန်ကြည့်လိုက်ရင် ကလက်တယ်၊ ပေါ့ပျက်တယ်လို့ ထင်စရာပါပဲ။ တကယ်တော့ အဓိပ္ပါယ် အင်မတန် လေးနက်တဲ့စကားပါ။ နယ်ပယ်ကလည်း သိပ်ကို ကျယ်ပြန့်ပါတယ်။
" အချစ်ကံ " ဆိုတဲ့ စကားရပ်ထဲမှာ သမီးရည်းစားအချစ်ကံ၊ ဇနီးခင်ပွန်းအချစ်ကံသာမက မိဘသားသမီးအချစ်ကံ၊ ဆရာတပည့်အချစ်ကံ၊ မိတ်ဆွေသူငယ်ချင်းအချစ်ကံ၊ အလုပ်ရှင်အလုပ်သမား အချစ်ကံ..စတဲ့ လူမှုနယ်ပယ်အသီးသီးက မေတ္တာတရားနဲ့ ပတ်သက်တဲ့ အချစ်ကံအားလုံး ပါဝင်ပါတယ်။
အချစ်ကံတကာ့ အချစ်ကံတွေထဲမှာ မိဘမေတ္တာနဲ့ ပတ်သက်တဲ့အချစ်ကံ ကောင်းဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ မိဘဆီက ကြင်နာနွေးထွေးတဲ့ မေတ္တာကို နည်းစနစ်တကျ အပြည့်အ၀ရတဲ့သူဟာ အချစ်ကံအကောင်းဆုံးပါ။ အပြန်အလှန်အားဖြင့် သားသမီးဆီက ကြင်နာနွေးထွေးတဲ့ မေတ္တာကို အပြည့် အ၀ရတဲ့ဟာလည်း အချစ်ကံ အထူးကောင်းတဲ့သူပါပဲ။
သားသမီးအပေါ် မိဘမေတ္တာအပြည့်ပေးခဲ့တဲ့သူဟာ မိဘမေတ္တာနဲ့ ပတ်သက်ပြီး အချစ်ကံကောင်း သလို၊ မိဘအပေါ် သားသမီးမေတ္တာ အပြည့်ပေးခဲ့တဲ့သူဟာလည်း သားသမီးမေတ္တာနဲ့ပတ်သက်ပြီး အချစ်ကံကောင်းပါတယ်။ ဒါတွင်သာမက သားသမီးအပေါ် မိဘမေတ္တာ အပြည့်ပေးခဲ့တဲ့သူဟာ သားသမီး မေတ္တာနဲ့ပတ်သက်ပြီးလည်း အချစ်ကံကောင်းသလို၊ မိဘအပေါ် သားသမီးမေတ္တာအပြည့်ပေးခဲ့တဲ့သူဟာ မိဘမေတ္တာနဲ့ ပတ်သက်ပြီးလည်း အချစ်ကံကောင်းပါတယ်။
ဆရာတပည့် အချစ်ကံ၊ မိတ်ဆွေသူငယ်ချင်း အချစ်ကံ..စတဲ့ အချစ်ကံတွေမှာလည်း နည်းတူပါပဲ။ ကိုယ့်ဘက်က မေတ္တာအပြည့်ပေးခဲ့မှ ကိုယ့်အလှည့်ကျ မေတ္တာအပြည့်ပေးကြပါ။
ကိုယ့်ဘက်ကပဲ မေတ္တာအပြည့်လိုချင်ပြီး ကိုယ့်ဘက်ကတော့ မေတ္တာအပြည့် မပေးချင်ဘူး ဆိုရင်တော့ အကြောင်းအကျိုး မညီညွတ်တဲ့အတွက် ကိုယ်လိုချင်တဲ့အချစ်ကံကောင်းခြင်းကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့အရာကို ကိုယ့်ဘက်က အရင်ပေးရမယ်ဆိုတဲ့ ကမ္မနိယာမကို လုံးဝမမေ့ လိုက်ပါနဲ့။
" သားသမီးကို တကယ်ချစ်ရင် နိုးနေချိန်တွေမှာ မနမ်းပါနဲ့၊ အိပ်နေချိန်ကျမှ နမ်းပါ…၊ " "သားသမီးကို အရမ်းချစ်တယ်ဆိုတာ သားသမီး မသိပါစေနဲ့၊ သားသမီးသိအောင် မပြပါနဲ့ "….၊ "ချစ်တာကို ရင်ထဲမှာပဲ ထားပါ " … စတဲ့ အတွေးအခေါ် အမှား၊ အယူအဆအမှားတွေနဲ့ ကိုယ့်အချစ် ကိုယ့်မေတ္တာကို သားသမီးသိအောင် ကိုယ်နဲ့ နှုတ်နဲ့ နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ထုတ်ဖော်မပြတဲ့ မိဘတွေဟာ မိဘမေတ္တာနဲ့ ပတ်သက်ပြီး ဘယ်တော့မှ အချစ်ကံကောင်းကြမယ့်သူတွေ မဟုတ်ပါဘူး။ သားသမီး မေတ္တာနဲ့ ပတ်သက်ပြီးလည်း အချစ်ကံ မကောင်းနိုင်ပါဘူး။
ကိုယ်ချစ်ခင်မြတ်နိုးသူ ဘယ်သူ့အပေါ် ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အချစ်၊ ကိုယ့်ရဲ့ မေတ္တာကို .. ကိုယ်နဲ့၊ နှုတ်နဲ့ နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ထုတ်ဖော်ပြသတဲ့သူတွေဟာ " အချစ်ကံကောင်းဆေး " ဖော်စပ်မှီဝဲနေကြတဲ့သူတွေပါပဲ။ ဘယ်အချစ်မျိုးမှာပဲဖြစ်ဖြစ် အချစ်ကံကောင်းချင်ရင်.. " မေတ္တာအပြည့် ပေးခြင်း" ဆိုတဲ့ " အကောင်းကံ" ကို ချစ်ကို ချစ်ကြရပါမယ်။ ပြုကို ပြုကြရပါမယ်။
ဆောင်းပါးထဲက သူဌေးသမီး အချစ်ကံဆိုးတာဟာ ခန္ဓာကိုယ်က အပုပ်နံ့တွေထွက်ခြင်းဆိုတဲ့ အားနည်းချက်ကြောင့်ပါ။ ဘယ်အချစ်ကံမှာမဆို အချစ်ကံဆိုးနေပြီဆိုရင် ကိုယ့်မှာအားနည်းချက် တစ်ခုခုတော့ ရှိနေလို့ပါပဲ။ အားနည်းချက် ဆိုတာကလည်း မကောင်းမှုပြုခြင်းဆိုတဲ့ " အဆိုးကံ " ကြောင့်သာ ဖြစ်ရတာမို့ အချစ်ကံမဆိုးချင်ရင် "မကောင်းမှုပြုခြင်း" ဆိုတဲ့ "အဆိုးကံ" ကို မချစ်ကြဖို့၊ ရှောင်ကြဉ်ကြဖို့ အထူးအရေးကြီးပါတယ်။
ကောင်းတဲ့ကုသိုလ် အလုပ်တွေလုပ်နေ ရုံနဲ့ အချစ်ကံမကောင်းနိုင်သေးပါဘူး။ ဆိုးတဲ့ အကုသိုလ် အလုပ်တွေပါ ရှောင်ကြဉ်မှ အချစ်ကံကောင်းနိုင်ပါတယ်။ အချစ်ကံမဆိုးချင်ရင် အဆိုးကံ မချစ်ပါနဲ့။ ဆိုးတဲ့ အကုသိုလ်အလုပ်တွေကို လုံးဝမလုပ်ပါနဲ့။ အဆိုးကံတစ်ခုခုကြောင့် အားနည်းချက် တစ်ခုခု ရှိသွားရင် အဲဒီအားနည်းချက်ကြောင့်ပဲ အချစ်ကံ ဆိုးတတ်ပါတယ်။
ကံအကြောင်းမသင့်လို့ အားနည်းချက်တစ်ခုခု ရှိခဲ့ရင် အဲဒီအားနည်းချက် ပျောက်ရာပျောက် ကြောင်း လိုက်ဖက်ဆီလျော်တဲ့ ကုသိုလ်ကောင်းမှု အကောင်းကံတစ်ခုခုကို ဥာဏ်နဲ့ ဆင်ခြင်ပြီး ပြုဖြစ်အောင် ပြုလိုက်ပါ။ ဆောင်းပါးထဲက သူဌေးသမီးရဲ့  အားနည်းချက်ပျောက်ကြောင်း အလုပ်ကောင်းဟာ နမူနာပါပဲ။ ။

No comments:
Post a Comment