စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ့်အမှားနဲ့ သူတစ်ပါးလျော်ကြေး


                
 
 တစ်ခါတုန်းကပေါ့…
ကျနော်စူပါမားကတ်တစ်ခုမှာ ဈေးဝယ်ထွက်နေတုန်း… ငွေးရှင်းကောင်တာက ဦးလေးကြီးက ဈေးဝယ်လာတဲ့ကလေးလေးကို စကားပြောနေတာသတိထားမိခဲ့တယ်…။ ကောင်လေးက ငယ်ငယ်လေးပါ.. အလွန်ဆုံးရှိငါးနှစ်ခြောက်နှစ်ပေါ့…။ ကောင်တာက လူကြီးကကောင်လေးကို ပြောတယ်…။

“ ဦးလည်း စိတ်မကောင်းပါဘူးကွာ… ဖိုးသားပါလာတဲ့ပိုက်ဆံက ဒီအရုပ်မလေးဝယ်ဖို့ မလောက်ဘူးကွ…”

ကောင်လေးက သူ့နောက်မှာရှိနေတဲ့ ကျနော့ဘက်လှည့်ပြီး မေးတယ်…။

“ ဦး… သားပိုက်ဆံက ဒီအရုပ်မလေးဝယ်ဖို့ မလောက်တာသေချာရဲ့ လား…စ⁠စ်ပေးပါဦး…”

ကျနော်လည်း သူ့လက်ထဲက ပိုက်ဆံလေးတွေရေကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်..။

“ ဟုတ်တယ်…သားရဲ့  … သားပိုက်ဆံက မလောက်ဘူး…”
 
ကောင်လေးကတော့ အရုပ်မလေးကို လက်ထဲကိုင်ထားဆဲပါပဲ..။ ကျနော်လည်း သူနားတိုးသွားပြီး ဒီအရုပ်မလေး ဘယ်သူအတွက်ဝယ်ပေးချင်လို့လဲဆိုတာ မေးလိုက်တယ်…။

“ ဒီအရုပ်မလေးက သားညီမလေး အရမ်းကြိုက်တာ… သူအရမ်းလိုချင်တဲ့အရုပ်လေး… သား ညီမလေးကို မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးမလို့…။ ဒီအရုပ်လေးကို သားမေမေနဲ့ လူကြုံထည့် ပေးလိုက်ချင်လို့..။ ဒါဆို မေမေညီမလေးဆီရောက်တဲ့ အခါ ညီမလေးကို ပေးလိုက်လိမ့်မယ်…”
 
ကောင်လေး ဒီစကားပြောနေရင်း သူမျက်ဝန်းတွေမှာ ဝမ်းနည်းကြေကွဲမှုတွေကို အတိုင်းသားမြင်နေရတယ်…။ ကောင်လေးကဆက်ပြောတယ်…

“ ခု ညီမလေးက ဘုရားသခင်ဆီ သွားနှင့်ပြီ…ဖေဖေကပြောတယ်… မေမေလည်း မကြာခင်ဘုရားသခင်ဆီသွားတော့မှာ…တဲ့…။ အဲ့ဒါကြောင့် မေမေနဲ့ ဒီအရုပ်လေး ညီမလေးအတွက် ထည့်ပေးလိုက်ချင်လို့…”

ကျနော့နှလုံးသွေးတွေတောင် ရပ်တန့်သွားသလား ခံစားခဲ့ရတယ်…။ ကောင်းလေးက ကျနော့ကို ကြည့် ပြီး ဆက်ပြောပြန်တယ်…။

“သားဖေဖေကိုလည်း မှာခဲ့တယ်… သား ဒီကပြန်မလာမချင်း မေမေ့ကို ထွက်မသွားဖို့ တားထားပါဦးလို့…”

နောက်… ကောင်လေးက သူ့ရဲ့  ဓာတ်ပုံလေးကိုလည်း ထုတ်ပြတယ်… သူအားရပါရ⁠ရယ်နေတဲ့ ချစ်စရာဓာတ်ပုံလေးပေါ့…။ ပြီးတော့ပြောတယ်…

“ ဒီဓာတ်ပုံလေးကိုလည်း မေမေနဲ့ ထည့်ပေးလိုက်မှာလေ… ဒါဆို ညီမလေး သားကို မေ့မသွားတော့ဘူးပေါ့… သားမေမေကိုလည်း သားအရမ်းချစ်တယ်… မေမေ့ကိုလည်း သားကိုထားပြီးထွက်မသွားစေချင်ပါဘူး…ဒါပေမယ့် ဖေဖေကပြောတယ်… မေမေက ညီမလေးနဲ့နေဖို့ သွားရမှာတဲ့…”

ကောင်လေးက အရုပ်မလေးကို ဝမ်းပန်းတနည်း တစ်ချက်ကြည့်လိုက်ပြန်တယ်…။ကျနော်လည်း ကျနော့ပိုက်ဆံအိတ်ကို စမ်းကြည့်လိုက်ပြီး ကောင်လေးကို ပြောလိုက်တယ်…။

“ နေဦး သား… ဦးတို့ သားပိုက်ဆံထပ်ရေကြည့်ရအောင်… သားပိုက်ဆံက အရုပ်မလေးဝယ်ဖို့ လောက်ချင်လောက်နေမှာပါ…နော့…”

ဆိုတော့ ကောင်လေးက…

“ ဟား… ဟုတ်တယ်…သားတော့ သားပိုက်ဆံလောက်မယ်ထင်တယ်…”

ကျနော်လည်း သူမမြင်အောင် ကျနော့ပိုက်ဆံလေးနည်းနည်းဖြည့်ထည့်လိုက်ပြီး သူပိုက်ဆံလေးတွေကို အတူရေတွက်လိုက်ကြတယ်…။ ဒီတော့ ပိုက်ဆံက အရုပ်မလေးအတွက်တင်မကဘူး…အနုတ်လေးနည်းနည်း ပါပိုနေသေးတယ်…။ဒီတော့ ကောင်းလေးက…

“ ကျေးဇူးတင်ပါတယ်…အဖဘုရားသခင်…ခုလိုပိုက်ဆံလောက်အောင်မစတဲ့အတွက်…”

ဆိုပြီး ကျနော့ကို ပြောပြန်တယ်..။

“ သား ...မနေ့ည အိပ်ယာမဝင်ခင်က ဒီအရုပ်မလေးဝယ်ဖို့ သားမှာပိုက်ဆံလုံလောက်အောင် ဘုရားသခင်ဆီမှာ ဆုတောင်းထားခဲ့တာ…ဒါမှ မေမေက ဒီအရုပ်လေး ညီမလေးကို ပေးနိုင်မှာလေ…ဘုရားသခင်က သားဆုတောင်းတာကိုကြားတယ်နော်… သားမေမေ့အတွက်လည်း နှင်းဆီဖြူလေးတစ်ပွင့် ဝယ်ပေးချင်တာ… ဒါပေမယ့် ဘုရားသခင်ဆီက အများကြီးလည်း တောင်းရမှာ အားနာလို့…ဒါပေမယ့် ဘုရားသခင်ကသိတယ်… အရုပ်မလေးအတွက်တင်မကဘူး နှင်းဆီတစ်ပွင့်ဖိုးပါ ထည့်ပေးလိုက်တယ်… မေမေက နှင်းဆီဖြူလေးတွေကိုသိပ်ကြိုက်တာ…”

အဲ့ဒီနေ့က ကျနော် ဈေးဝယ်ဖို့စဉ်းစားထားခဲ့တာနဲ့ မတူခြားနားစွာ ဈေးဝယ်လို့ ပြီးဆုံးခဲ့ပါတယ်…။ ဒါပေမယ့် အဲ့ဒီကလေးလေးကို ကျနော့်စိတ်ထဲက မေ့ဖျောက်လို့ မရနိုင်ခဲ့ပါဘူး…။ နောက်တော့ ကျနော် လွန်ခဲ့တဲ့နှစ်ရက်က ထုတ်တဲ့ သတင်းစာထဲကသတင်းတစ်ပုဒ်ကို သွားသတိရမိခဲ့တယ်..။ အဲ့ဒီမှာပါတာက အရက်မူးနေတဲ့ ကုန်ကားမောင်းသမားက အမျိုးသမီးတစ်ဦးနဲ့ သမီးဖြစ်သူ ကလေးငယ်စီးနင်းလာသော ကားငယ်ကို ဝင်တိုက်သွားခဲ့ပါတယ်….ကလေးငယ်ကပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူဟာလည်း စိုးရိမ်ဖွယ် ဒဏ်ရာများနဲ့ အတူ ဆေးရုံတင်ပို့ထားကြောင်း ရေးသားထားတဲ့ သတင်းတစ်ပုဒ်ပါ..။

လူနာအမျိုးသမီးဟာ သတိလစ်မေ့မျောနေပြီး… အသက်ကယ်ကိရိယာတွေတပ်ဆင်ထားခဲ့ရပါတယ်… ။ ဒါပေမယ့် သတိပြန်လည်လာဖို့မဖြစ်နိုင်တော့တာမို့ အသက်ပြန်မရှင်နိုင်တော့မယ့်အတူတူ အသက်ကယ်ကိရိယာတွေကို ဖြုတ်ပစ်မလား ဒီအတိုင်း ဝေဒနာတွေနဲ့ သူသေတဲ့အထိစောင့်မလားဆိုတာ လူနာရှင်မိသားစုအနေနဲ့ ဆုံးဖြတ်ရမယ့် အခြေအနေရောက်နေခဲ့ပါတယ်…။ အဲ့ဒီမိသားစုဟာ ဒီကလေးလေးရဲ့  မိသားစုများလား..။

ကျနော် ဒီကလေးလေးနဲ့ ဆုံပြီး နောက်နှစ်ရက်လောက်မှာပဲ လူနာအမျိုးသမီး သေဆုံးသွားကြောင်း သတင်းစာထဲမှာ ကျနော်ဖတ်ခဲ့ရတယ်..။ ကျနော်လည်း ကိုယ့်ကိုယ်ကိုယ်တောင် တားဆီးချိန်မရလိုက်ပါဘူး … နှင်းဆီဖြူပန်းစီးလေး တစ်စီးဝယ်ပြီး အဲ့ဒီအမျိုးသမီးရဲ့  ဈာပနကျင်းပရာနေရာကို စုံစမ်းပြီးသွားခဲ့ပါတယ်…။ ဈာပနကိုရောက်လို့ အသုဘပြင်ထားရာ အခေါင်းတလားနားကို သွားကြည့်လိုက်တော့ သေဆုံးသူအမျိုးသမီးရဲ့  လက်ထဲမှာ နှင်းဆီဖြူလေးတစ်ပွင့်…ပြုံးရယ်နေတဲ့ ကောင်ကလေးငယ်တစ်ယောက်ရဲ့  ဓာတ်ပုံကို ဆုတ်ကိုင်ထားပြီး…ရင်ဘတ်ပေါ်မှာ အရုပ်မလေးတစ်ရုပ်ကို လည်းတင်ထားတာတွေ့လိုက်ရတယ်….။ ကျနော်မျက်ရည်မဆည်နိုင်တော့ဘဲ အဲဒီနားကထွက်ခွာခဲ့တယ်…။ အဲ့ဒီတစ်ကြိမ်ခံစားခဲ့ရတဲ့ ခံစားမှုက ကျနော့ဘဝ ကျနော့အသိတရားတို့ကို ထာဝရပြောင်းလဲစေခဲ့ပါတယ်…။

ကောင်ကလေးရဲ့  သူ့အမေနဲ့ ညီမလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတို့က ခုထိမယုံနိုင်လောက်အောင်တည်ရှိနေဆဲပါ…။ ဒါပေမယ့်… အရက်မူးနေတဲ့ ကားသမားတစ်ယောက်က ဒီကလေးလေးဆီက အရာအားလုံးကို တစ်စက္ကန့် ရဲ့  အပိုင်းအစ အချိန်လေးအတွင်းမှာ ဖျက်ဆီးပစ်ခဲ့လိုက်ပါပြီ…။

ဒါကြောင့် …. သယ်ရင်းတို့ရေ…
လူသားတိုင်းရဲ့  ဘဝတွေကို အသိမှတ်ပြုတန်ဖိုးထားပါ…။ လူသားတို့ရဲ့  ဘဝတွေကိုကာကွယ်စောင့်ရှောက်ထားတဲ့ ဥပဒေစည်းကမ်းတွေကို လိုက်နာပါ…။ မင်းလုပ်လိုက်တဲ့ အမှားရဲ့  လျော်ကြေးကို သူတပါးရဲ့ ဘဝတွေနဲ့ ရင်းပြီးပေးဆပ်လိုက်ရတာမျိုးမဖြစ်ပါစေနဲ့…။ မင်းပြုမိမှားခဲ့တဲ့ အမှားယွင်းကြောင့် တစ်ဖက်သားအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတို့ မကြုံကြရပါစေနဲ့…။ နောက်ပြီး ပေးဆပ်တတ်တဲ့ လက်တို့ ရှိနေပါစေ… အဲ့ဒီလက်တို့နဲ့ အကူညီလိုအပ်နေတဲ့ သူတွေ… ဝမ်းနည်းပူဆွေးနေသူတွေအတွက် အမြဲကမ်းလင့်ထားနိုင်ကြပါစေ…ကွာ…။ ။

ဦးသုည... စကားလုံးဖလှယ်သည်

ဖတ်မိလို့ကောင်းတာလေးတွေကို မျှဝေပေးတာလည်း မေတ္တာတစ်မျိုးပါ။
@@@သာသနာနွယ်
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...