စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ဓာတ်ကျဆင်းမှု ပြဿနာ ဖြေရှင်းခြင်း




စာရေးသူရဲ့  Personal account ထဲက ညီငယ်တွေ၊ မိတ်ဆွေတွေအတော်များများ တစ်ခါတစ်လေ စိတ်ဓာတ် ကျတယ် ဘာညာနဲ့ လာတိုင်ပင်တာများတော့ ဒီအတွက် အကောင်းဆုံး ဖြေရှင်းနည်းလေး ပေါ့။

ကျနော်ကိုယ်တိုင်လည်း ရှာဖွေတွေ့ရှိတာ မကြာသေးပါဘူး။ ကိုယ်တိုင်ကလည်း စိတ်ဓာတ်ကျတတ် သူပဲလေ။ အရင်တုန်းကပါ။ အခုမဖြစ်တော့ဘူးလို့လဲမပြောပါဘူး။ ပုထုဇဉ် လူသားဖြစ်နေတော့ သတိမကပ်တဲ့ တစ်ချိန်ကျ စိတ်ဓာတ်ပဲ ကျသလိုလို၊ စိတ်ပဲ အလိုမကျသလိုလို ဖြစ်လာတယ်။ နားလည်ရခက်သွားမယ်ထင်တာတွေကို စရှင်း ပြပါမယ် သူငယ်ချင်းတို့။

ဒါတွေ အားလုံးအတွက် ဘုရားဟော တရားတော်မှာ ပါပြီးသားပါ။ စိတ်ဓာတ်ကျနေသူ တစ်ယောက်အတွက် အကောင်းဆုံး ခွန်အားက တက်ကျမ်းလဲ မဟုတ်ဘူး။ အိပ်ဆေးလည်း မဟုတ်ဘူး။ အားလုံး ဘုရားဟော တရား ထဲမှာ ပါဝင်ပြီးသားတွေချည်း ဖြစ်ပါတယ်။ အကောင်းဆုံးသော ဆေးအညွန်းက ဘုရားဟော တရား ဖြစ်ပြီး ဒါကိုလည်း ဘယ်သူမှ အချိန်ပေး မလေ့လာ ဖြစ်ကြဘူးလေ။ စိတ်ဓာတ် ကျရတဲ့အကြောင်း ကျနော် သေချာ သရုပ်ခွဲပြမယ်။

ကျနော် အခုပြောတာတွေကို မငြင်းနဲ့နော်။ ခု စာဖတ်နေတဲ့ မိတ်ဆွေက စိတ်ဓာတ်ကျနေတယ်လို့ ထားလိုက်။ ခုမကျလည်း စိတ်ဓာတ်ကျနေတဲ့အချိန်ကို ပြန်ရောက်သလို အာရုံခဏ ဝင်ထား။ ကျနော် စပြောပြီ။

မိတ်ဆွေ တစ်စုံတစ်ခုကို လိုချင်နေတယ်။
မိတ်ဆွေ တစ်စုံတစ်ခုကို ရှောင်လွဲချင်နေတယ်။
မိတ်ဆွေ သူများကို မနာလို ဖြစ်နေတယ်။


မနာလိုခြင်း

နောက်ဆုံးပြောတဲ့အချက်ကို ငြင်းချင်တယ်မလား။ သေချာ ရှင်းပြမယ်။ လူတွေက အမှန်တော့ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာဗျ။ ဘယ်သူမှ မနှိပ်စက်ဘူး။ ကမ္ဘာမှာ ကိုယ်တစ်ယောက်တည်း ရှိကြည့်။ မွေးကတည်းက ကမ္ဘာမှာ ကိုတစ်ယောက်တည်းရှိတာကို ပြောနော်။ သက်ရှိရယ်ဆိုလို့လေ။ အဲ့လိုဆို နှိုင်းယှဉ်စရာ သက်ရှိ မရှိလို့ မနာလိုစိတ် ကင်းလိမ့်မယ်။ လူရယ်လို့က မိသားစုနဲ့ ဖြစ်လာပြီ။ ဆွေမျိုးတွေနဲ့ ဖြစ်လာပြီ။ သူငယ်ချင်းတွေနဲ့ ဖြစ်လာပြီ။ မြို့ တစ်ခုရယ်လို့ ဖြစ်လာပြီ။ နိုင်ငံတစ်ခုရယ်လို့ ဖြစ်လာပြီ။ ကမ္ဘာရယ်လို့ ဖြစ်လာပြီ ဆိုရင် နှိုင်းယှဉ်စရာတွေ များလာတယ်။ သူက ဘာလေးစားနေတာလဲ။ ငါလဲ စားချင်လိုက်တာ။ သူ ဘာအလုပ်လုပ်နေတာလဲ။ ငါလဲ လုပ်ချင်လိုက်တယ်။ သူဘာလို့ လူတွေအထင်ကြီးလေးစားမှုကို ခံနေရတာလဲ၊ ငါလဲ သူ့လို ဖြစ်ချင်လိုက်တာ။ အစရှိသဖြင့် Compare လုပ်နေတာ သံသရာက မဆုံးတော့ ပါဘူး။ မငြင်းနဲ့ နော်။ ခု ကိုယ်လျှောက်လှမ်းနေတဲ့ Career မှာတောင် ငါ့ထက် ဘယ်သူတွေက ခရီးရောက်နေပြီ။ သူက ဘာရာထူး အဆင့်တွေ ရနေပြီ။ ငါကျတော့ ဘာလို့ ဒီလောက်ပဲ ဖြစ်သေးလဲ။ ဘယ်တော့မှ ဖြစ်လာမှာလဲ။ စိတ်တွေ၊ စိတ်တွေ စိုးရိမ်စိတ်တွေ။

အဲလို မိမိကိုယ်ကိုယ်ကို သူတစ်ပါးနဲ့ နှိုင်းယှဉ်တိုင်းတာခြင်းအား၊ သူတစ်ပါး စည်းစိမ်၊ ဂုဏ်ရာထူး အပေါ် ငြူစူခြင်း သဘောကား ဣိသာ စိတ်ဖြစ်ကြောင်း ဘုရားက အဘိဓမ္မာကျမ်းမှာ သေချာ ဟောထား ပါတယ်။ မစ္စရိယ ဆိုတာ ကတော့ မိမိရဲ့  စည်းစိမ်အား သူတစ်ပါးကို မျှဝေရန် မလိုလားခြင်း ဆိုတော့ မနာလို မဟုတ်ပါဘူး။ အူတိုပါ။ အဲဒါကတော့ စိတ်ဓာတ်ကျဆင်းမှုနဲ့ မပက်သက်ပါဘူး။


စိုးရိမ်ခြင်း

ပါဌိလို ပြောတော့ “သောက” ပေါ့။ ဘာရယ်လို့ မဟုတ်ပဲ စိုးရိမ်နေတာ။ နဂိုကလည်း သူများ ဂုဏ်ရာထူး၊ အောင်မြင်မှုအပေါ် မနာလို ဖြစ်နေတာ ငါ အဲလိုဖြစ်ကောဖြစ်လာပါ့မလား ဆိုပြီးတော့ စိုးရိမ်စိတ်တွေက ဝင်လာပြီ။ အဲဒါ သောက ပေါ့။ ငါဘယ်တော့ရမလဲ၊ ဖြစ်လာမလဲ အစရှိသဖြင့်ပေါ့။


ဒုက္ခတရား မသိခြင်း

အဲဒါအမှန်ပဲ ဗျ။ ကျနော်ပြောတာ အလုံးက နည်းနည်းကြီးနေလားပဲ။ ရှင်းရှင်းပြော ရရင် လောကဓံကို ခံနိုင်ရည် မရှိတာ။ အဲဒါအတော်လေးဆိုးတယ်။ လောကမှာ ကောင်တစ်လှည့်ရှိမယ်။ ဆိုးတစ်လှည့်ရှိမယ်။ သူများတွေ ကိုယ်ပိုင်ကား စီးနေချိန် ကိုယ့်က ဘတ်စ်ကားတိုးစီးရင်စီးနေရမယ်။ သူများ အိမ်ကောင်းနဲ့ နေနေရချိန် တဲမှာ နေချင်နေနေရမယ်။ ဒါကို နားလည်လက်ခံနိုင်တယ်။ အိုခေ ဒါဆိုရင် လောကဓံကို ခံနိုင်မှုရှိမရှိက ပြန်စစ်ရမယ်။ နဂိုကလည်းက ငွေကြေး ပိုက်ဆံကမရှိပါဘူး။ မိသားစုမှာ ဘယ်သူက ဖျားရတာနဲ့။ ဘာကိစ္စအတွက် အရေးတကြီး အသုံးလိုနေတာနဲ့။ လစာက လဝက်မှာပဲ ကုန်ပြီး လတစ်ဝက်လောက်က ဘိုင်ပျက်ရတာနဲ့ အစရှိသဖြင့်ပေါ့။ ဒီတော့ လောကဓံတွေက စပြီ။ ထမင်းကြမ်းခဲစားချင်စားရမယ်။ နေပူမှာ ဖိနပ်မပါပဲ လမ်းလျှောက်ချင်လျှောက်ရမယ်။ (ကျနော့ဘော်ဒါတွေမှာ အဲ့လောက်ဆိုးတဲ့သူတွေ မရှိပါဘူးနော်) အစရှိသဖြင့် စည်းစိမ်ကို ခံစားနေတာမလဲ။ သာမန်အခြေအနေလေး တစ်ခုမှာနေချင်ပါတယ်ဆိုတာ သာမန်ထက် အဆင့်ကျတဲ့ ဒုက္ခဝေဒနာ ဆိုတာကြီးကို ခံစားလာရတော့ တော်ရုံလူ ဘယ်ခံနိုင်မလဲ။ ရောဂါလည်း ဖြစ်ချင်ဖြစ်မယ်၊ မိသားစုတွင်း ဖြစ်တဲ့ ပြဿနာလည်း ဖြစ်ချင်ဖြစ်မယ်။ အစရှိသဖြင့်ပေါ့။ အိုကေ။ ပြန်အနှစ်ချုပ်မယ်။


၁။ နဂိုကတည်းက ကိုယ်က ဒုက္ခဝေဒနာတွေနဲ့ ပြည့်နေမယ်။
၂။ သူတစ်ပါးရဲ့  စည်းစိမ်၊ ဂုဏ် ပကာသနတို့ကို မြင်ပြီး မနာလိုစိတ် ရှိနေမယ်။
၃။ ဖြစ်မလာသေးတဲ့၊ ကြုံမလာသေးတဲ့ အရာနဲ့ အခြေအနေတစ်ခု အပေါ်မှာ စိုးရိမ်ပူပင်သောကတွေ ဝင်နေမယ်။

အဲ့အချက် ၃ ခု စုံရင် ကြိမ်းသေ စိတ်ဓာတ်ကျပါပြီ။ မပြောမရှိနဲ့။ ဒါဗေဒင်ဟောတာထက် တိကျတယ်။ အခြား စိတ်ဓာတ် ကျစရာ အကြောင်းမရှိဘူး။ အားလုံး အချက်စုလိုက်ရင် အဲ့အထဲမှာ အားလုံး ပေါင်းစုံတယ်။ ဥပမာ ကျောင်းက ပရောဂျက်တစ်ခုလုပ်ရမယ်။ နောက်ဆုံးရက်သတ်မှတ်ထားတာ နီးနေပြီ ခုထိမပြီးသေးဘူး။ ဒါဆိုရင် စိတ်ဓာတ်ကျပြီ။ ဝင်လာတဲ့ စိတ်က စိုးရိမ်ပူပင်စိတ်လေ။ ဒီတော့ စိတ်ဓာတ်ကျဖို့က အထက်ပါ အချက် ၃ ချက်လုံး စုံရင်လည်း စုံမယ်။ တစ်ခုတည်းလည်း ဖြစ်ချင်ဖြစ်မယ်။

ဘယ်လို ဖြေရှင်းရမလဲ

ကျနော်ပြောခဲ့သားပဲ။ အားလုံးက ပုထုဇဉ် လူသားတွေပဲလို့။ ဒါကို ဖြေရှင်းဖို့ဆိုတာ အထက်ပါ အချက်တွေ အတိုင်း ကိုယ့်စိတ်ကို တရားကိုယ်ခွဲနိုင်ပြီဆိုရင် ကျင့်ကြံရမယ့်နည်းလမ်းက ရှိပြီသားပါ။ သိနေပြီဆိုရင် စိတ်ဓာတ် မကျအောင် ရှောင်ဖို့ကမလွယ်တော့ဘူးလေ။

တက်ကြမ်းတွေဖက်လည်း ခဏပဲဗျ။ အရင်က အကောင်းဆုံး လုပ်ခဲ့တာတွေ ကို ပြန်တွေးပါတို့၊ ညာတို့ဆိုတာ ခဏပဲ ရမယ်။ နောက်ဆို စိတ်ဓာတ် ကျပြန်ရော။ ကိုယ်က ယောနိသော မနသိကာရ ဆိုတဲ့ အကောင်းမြင် စိတ်ဓာတ်လေး ထာပေး။ Positive Thinking ပေါ့။ ဘာပဲကြုံကြုံ အကောင်းမြင်ဖို့ဆိုတာ မလွယ်ဘူးနော်။ ဒါပေမယ့် ခများကျင့်ရမယ်။ ကိုယ့်ကိုယ် ဓါးနဲ့ လာထိုးနေတာတောင် အကောင်းမြင်ပေးရအုံးမလားလို့တော့ ကျနော့ကို မမေးနဲ့နော်။ ကျနော်ကိုယ်တိုင်လည်း သောသပန်မဖြစ်သေးတော့ အရမ်းကြီး ဆိုးလာရင် အကောင်းမြင်နိုင်တဲ့ စိတ်က ကျချင်ကျလာမယ်။ ဒါက အားလုံး ကြိုးစားရမှာပဲလေနော်။

နောက်တစ်ချက် လောဘမကြီးနဲ့ပေါ့။ သို့ပေမယ့် လောဘနဲ့ ဆန္ဒနဲ့က ဆိုလိုရင်း မတူဘူးနော် မိမိကောင်းကျိုး၊ ကောင်းစားရန် ရည်သံ ကြိုးစားခြင်းက လောဘ၊ မိမိမှ စ၍ တစ်ပါးသူမှအားလုံးတို့အပေါ် ကောင်းကျိုးဖြစ် တိုးတက်ရန် ထားတဲ့ စိတ်က ဆန္ဒ။ ဒီချိန်ကျနော့ကို မင်းရည်ရွယ်ချက်အနည်းငယ်တွေ ပြောပါအုံးဆို ကျနော်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရအောင်ယူမယ်။ ဘီလ်ဂိတ်ထက်ချမ်းသာအောင်လုပ် မယ်။ ကမ္ဘာမှာ ဘယ်သူမှ မသိနိုင် မမြင်နိုင်သေးတဲ့ လိုအပ်တဲ့ အရာတစ်ခုကို တီထွင်၊ဖန်တီး ချပြနိုင်ဖို့ ကြိုးစားမယ်။ တစ်ကမ္ဘာ လုံးက လေးစားချီးကျူး အံ့သြရလောက်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်၊ ဗုဒ္ဒဘာသာ သာသနာ တစ်ကမ္ဘာလုံး ပြန့်ပွာအောင်လုပ်မယ် အစရှိသဖြင့် ပြောထည့်ပစ် လိုက်တယ်။ အဲ့တော့ ကျနော့ကို မင်းရူးနေလားလို့ ပြန်ပြောကြတယ်လေ။ အချို့ ကျတော့ ကြီးလိုက်တဲ့ လောဘတဲ့။ အင်းလေ ကာလနဲ့ ဒေသအရ ဖြစ်ဖို့က မလွယ်တာကိုး။

အဲဒါ လောဘမဟုတ်ဘူး။ မိမိမှစ သူတစ်ပါး ကောင်းကျိုးဖြစ်ရန် ထားတဲ့ ရည်မှန်းချက်က အဆုံးအစမဲ့ရမယ်။ မဟုတ်ရင် ဘုရားက ယောင်္ကျားတို့ ကြိုးစားရင် ဘုရားဖြစ်တယ်လို့ ဟောခဲ့မှာ မဟုတ်ပါဘူး။ မြတ်စွာဘုရား ချပြတဲ့ လမ်းစဉ်ကလည်း အစွမ်းအစကို အဆုံးအစမဲ့ ကြိုးစား အသုံးချ ကျင့်ကြံဖို့ပဲ၊ သို့ပေမယ့် အလယ်အလတ် ကျင့်စဉ်ပဲနော်။ မဟားတရားကျင့်ရင် ဓမ္မကနေ အဓမ္မဖြစ်သွားပါလိမ့်မယ်။ ဥပမာ ဟစ်တလာလိုပေါ့။

ဒီတော့ ပြောချင်တာကဗျာ။ စိတ်ဓာတ်မကျအောင်ဆိုပြီး ငါ အားလုံးကို အကေင်းမြင်ပြီး လောဘတွေ လျော့လိုက်တော့မယ်။ ဟိုဟာလည်းမလုပ်တော့ဘူး။ ဒီဟာလည်း မလုပ်တော့ဘူး မလုပ်နဲ့နော်။ အဲဒါ လူပျော့လူညံ့တွေရဲ့  အလုပ်ပါ။ စိတ်ဓာတ်ကျတိုင်း စိတ်ကို သရုပ်ခွဲလို့ မလိုအပ်တဲ့ အဆိပ်တွေ ဖြစ်တဲ့ လောဘ တွေ၊ စိုးရိမ်စိတ်တွေ၊ မနာလိုမှုတွေကို ဖယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းကို တည့်မတ်အောင်၊ သေချာအောင် လုံ့လ၊ ဝီရိယလေးစိုက်၊ သူများအောင်မြင်တာကြည့်ပြီး မုဒိတာပွား။ ငါလည်း ဒီထက်ပိုအကျိုးရှိ၊ တိုးတက်စေမယ့် အရာတစ်ခု၊ လုပ်ဆောင်ချက်တစ်ခု လုပ်မယ်ဆိုပြီးတော့ ကြိုးစား။ ဒါဆိုရင် လောက ကြီးက ဘယ်လောက်သာယာလိုက်မလဲ။ သူ သိန်း ၁၀၀ လှူနိုင်တယ်။ ငါ့အလည့် သိန်း ၁ထောင်လှူပြီး ပိုကောင်းကျိုးတွေ ရအောင် လုပ်မယ် အစရှိသဖြင့်ပေါ့။ ဒါဆိုရင် လောကကြီးက သာယာလို့။ ခေါင်းစဉ်တွေ လွဲကုန်တော့မှာပဲ။

ဒီလောက်ဆိုရင် စိတ်ဓာတ်မကျအောင် ဘယ်လို နေထိုင်ကျင့်ကြံရမယ်ဆိုတာ အားလုံး သိပြီလို့ မျော်လင့်ပါ တယ်။

အောင်ခမ်း
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...