Leo Tolstoy (1828-1910)
(လီယို ထော်လ်စ်တွိုင်း)
သက်ရှိအရာဝတ္ထုဖြစ်စေ၊ သက်မဲ့အရာဝတ္ထုဖြစ်စေ တွန်းအားမရှိပဲ ရွေ့လျားနေတဲ့အရာတစ်ခုခုကို စာဖတ်သူ
မြင်ဖူးပါသလား။ ကျနော်အနေနဲ့တော့ တစ်ခါမှမမြင်ဖူးပါ။ အရာရာတိုင်းရဲ့ရွေ့လျားမှုဟာ နောက်ကွယ်က
တွန်းအားတစ်မျိုးမျိုးကြောင့်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ သစ်ရွက်ကလေးတစ်ရွက် ရွေ့လျားနေတာ
ကိုပဲကြည့်လေ။ လေပြေလေညင်းလေးရဲ့တိုက်ခတ်တွန်းထိုးမှုကြောင့်ဆိုတာ သိနိုင်ပါတယ်။ သို့မဟုတ် တခြား
အကြောင်းတစ်ခုခု၊ ဒါမှမဟုတ် တွန်းအားတစ်ခုခုကြောင့် ဆိုတာကတော့ မလွဲပါဘူး။
ကျနော်တစ်ခုစဉ်းစားကြည့်တယ်။ တစ်စုံတစ်ခုကို ရွေ့လျားအောင်လုပ်နိုင်တဲ့အရာ၊ သို့မဟုတ် အင်အားဟာ အဲဒီ
အရွေ့ခံ အရာထက်တော့ ပိုမိုအားကြီးလိမ့်မယ်လို့။ အားနည်းတဲ့အရာက အားကြီးတဲ့အရာကို ရွေ့လျားစေတဲ့
အဖြစ်အပျက်တစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။ ကျနော့်အနေနဲ့ကတော့ အခုထိမမြင်ဖူးသေးပါ။ ရွေ့နေတဲ့
အရာမှန်သမျှဟာ ရွေ့စေနိုင်တဲ့အရာမှန်သမျှထက် အားမကြီးနိုင်ဘူး ဆိုတဲ့ သီအိုရီကို ကျနော်လက်ခံအတည်ပြု
ပါထားပါတယ်။
ဒါဖြင့်ရင် ကျနော်တို့ရဲ့ ဘ၀မှာကော။ နေ့စဉ်ကျနော်တို့ရဲ့လှုပ်ရှားမှုတွေဟာ ဘာကို အခြေခံပြီးဖြစ်ပေါ်နေကြပါသလဲ။
ကျနော်တို့ရှေ့ဆက် အသက်ရှင်ရေးအတွက် တွန်းအားတစ်စုံတစ်ရာရှိပါသလား။ ရှိပါတယ် ဆိုတဲ့အဖြေဟာ
အလွန်မှန်ကန်တဲ့အဖြေဖြစ်တယ်ဆိုတာ စာဖတ်သူလက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါဖြင့်ရင် အဲဒီတွန်းအားဆိုတာ
ဘာကိုပြောတာလဲ။ ဒီအတွက်တော့ အဖြေအမျိုးမျိုးပေးကြမယ် ထင်ပါရဲ့။ တစ်ချို့က မျှော်လင့်ချက်သည် ဘ၀ရဲ့
တွန်းအား တဲ့။ ဒါကိုလဲ ကျနော်လက်ခံတာပဲ။ ဟုတ်တယ်လေ။ မျှော်လင့်ချက်မရှိပဲနဲ့ ဘာအတွက် ကျနော်တို့အသက်
ရှင်နေကြမှာလဲ။ တကယ်တော့ မျှော်လင့်ချက်ဆိုတာလဲ ယုံကြည်ချက်အောက် တစ်ဆင့်နိပ်လျှောတဲ့
တွန်းအားတစ်မျိုးပါပဲ။
သူများတွေရဲ့အသက်ရှင်နေမှုကိုတော့ ကျနော်မဝေဘန်တတ်ပါ။ ကျနော်ကိုယ်တိုင်ရဲ့အသက်ရှင်မှုကတော့
အဲဒီမျှော်လင့်ချက်ဆိုတာကြီးကို မဏ္ဍိုင်ပြုထားတယ်လို့ခံစားရပါတယ်။ ပြောမယ်ဆိုရင် မျှော်လင့်ချက်နဲ့ ကျနော်
အသက်ရှင်နေရတယ် ဆိုပါတော့။ ဘာကို ကျနော်မျှော်လင့်သလဲ။ လက်ရှိအခြေအနေထက် ကောင်းတဲ့အခြေ
အနေတစ်ခုခုလို့ပဲ ယေဘုယျဖြေပါရစေ။ သို့မဟုတ် ကျနော့်အနေနဲ့ တကယ့်ကို ဖြစ်ချင်တဲ့အခြေအနေတစ်ခုခုလို့
ဖြေရင်လဲ မှားမယ်မထင်ဘူး။
ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ တစ်ခါတစ်ရံမှာ ကိုယ်တကယ်ဖြစ်ချင်တဲ့အခြေအနေဟာ သူများအမြင်မှာ
လက်ရှိအခြေအနေထက်ဆိုးချင်ဆိုးနေတတ်တာမျိုးကိုး။ ဒါပေမဲ့ ကိုယ်ကတော့ အဲဒီအခြေအနေကို အိမ်မက်မက်မိ
နေတတ်ပါတယ်။ ဘ၀မှာ ဘာပဲဖြစ်ချင်ဖြစ်ချင်၊ အဲဒီလိုဖြစ်လာဖို့အတွက်၊ ဖြစ်ချင်တဲ့အတိုင်း တကယ်ဖြစ်လာဖို့အတွက်
အရေးတကြီးလိုအပ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ယုံကြည်ချက်ပါပဲ။ ယုံကြည်ချက်ကို အခြေခံပြီးမှ ကျန်တဲ့စိတ်
(စေတသိက်) စွမ်းအားတွေဟာ သူ့နေရာနဲ့သူ အချိုးကျဝင်ရောက်လာတတ်ပါတယ်။
ဒါကြောင့် ကမ္ဘာကျော်စစ်နဲ့ငြိမ်းချမ်းရေးဂန္ထ၀င်ဝတ္ထုကြီးကို ဖန်တီးရေးသားခဲ့သူ လီယိုတော်လ်စ်တွိုင်းက “Faith is
the force of life. ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ” လို့ဆိုခဲ့တာပါ။ ရှေ့ဆက်ဖို့အတွက် လိုအပ်တဲ့ တွန်းအားတွေ
အမြောက်အများရှိတဲ့အနက် ယုံကြည်မှုဆိုတဲ့ တွန်းအားဟာ အရေးကြီးဆုံးလို့ ဆိုရင်တောင် မှားမှာ မဟုတ်ပါဘူး။
စာဖတ်သူသဘောမကျရင် ကွဲလွဲခွင့်ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီအဆိုကို လက်ခံအတည်ပြုနိုင်ပါတယ်။
ဘာ့ကြောင့်ပါလဲ။ ကျနော်တို့ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ကလဲ သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီးအမြောက်
အများ ဟောကြားခဲ့တာရှိပါတယ်။ အဲဒီတရားဒေသနာတွေထဲက ကျနော်မှတ်ထားတာလေးတစ်ခုကို ပြောပြချင်ပါ
တယ်။ “သဒ္ဓါယ တရတိ သြဃာ၊ ဟောဒီအစမထင်သံသရာဆိုတဲ့ ၀ဲသြဃကြီးကို ယုံကြည်မှုနဲ့ ကျော်ဖြတ်ရတယ်” လို့
အတည်အလင်းဟောကြားတော်မူခဲ့ပါတယ်။
ဒီဒေသနာတော်ကိုကြည့်မယ်ဆိုရင် ယုံကြည်မူဆိုတာ သံသရာမှာကျင်လည်နေရစဉ်အတွင်း (မျက်မှောက်) ဘ၀ရဲ့
တွန်းအားသာမဟုတ်၊ သံသရာမှလွတ်မြောက်ဖို့ရာ ကြိုးပမ်းတဲ့လူတွေအတွက်ပါ တွန်းအားကြီးတစ်ခုဖြစ်ကြောင်း
ကောင်းကောင်းနားလည်နိုင်ပါတယ်။ ဘ၀ကို ရှင်သန်မှုလို့ ဖွင့်ဆိုချင်တဲ့လူတွေအတွက် ကိုယ့်ဘ၀ကို စွမ်းအင်
ပြည့်ရှင်သန်စေချင်တယ်ဆိုရင် ကိုယ့်နှလုံးသားထဲမှာ ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ရပါလိမ့်မယ်။
ယုံကြည်မှုဆိုတဲ့တွန်းအားခိုင်မာလာပြီဆိုရင် အဲဒီယုံကြည်မှုအတိုင်းလိုက်လုပ်တတ်တဲ့ ကြိုးစားမှုဆိုတဲ့တွန်းအား
ဟာလဲ အရှိန်ရလာတတ်ပါတယ်။ ကြိုးစားမှုတွန်းအား အရှိန်ရလာပြီဆိုရင် အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ဟာ သူ့အလို
လို ကိုယ့်အနားရောက်လာတတ်ပါတယ်။ ဒါပေမဲ့ ယုံကြည်မှုနဲ့ ကြိုးစားမှုဆိုတဲ့ တွန်းအားနှစ်မျိုးကို ဒီအတိုင်းလွှတ်
ထားလို့တော့ မရပါဘူး။ သူတို့နှစ်မျိုးစလုံးဟာ အောင်မြင်မှုဆီရှေးရှုနေကြတာမှန်ပေမဲ့ သတိနဲ့ပညာဆိုတဲ့ အထိန်း
ဂီယာနှစ်မျိုးတော့ လိုအပ်ပါသေးတယ်။
နောက်တစ်မျိးလိုအပ်ချက်ကတော့ ပန်းတိုင်ကိုတည့်တည့်စူးစိုက်ထားတဲ့ သမာဓိပါပဲ။ သူကတော့ လက်ကိုင်
သို့မဟုတ် တက်မနဲ့တူပါတယ်။ ယုံကြည်မှု၊ ကြိုးစားမှု၊ သတိရှိမှု၊ စူးစမ်းမှုတွေနဲ့ ပြည့်စုံနေပေမဲ့ စူးစိုက်မှုမပါရင် ဒါမှ
မဟုတ် စူးစိုက်မှု အားနည်းနေရင် လမ်းကြောင်းလွဲသွားတတ်ပါတယ်။ အဲဒီဂီယာနှစ်မျိုးနဲ့ လက်ကိုင်မပါရင်တော့
တွန်းအားတွေအရှိန်လွန်ပြီး ပန်းတိုင်ကျော်သွားတတ်ပါတယ်။ သို့မဟုတ် ချော်သွားတတ်ပါတယ်။
ဒါကြောင့်--
(၁) Faith ဆိုတဲ့ သဒ္ဓါ သို့မဟုတ် ယုံကြည်မှုစွမ်းအား
(၂) Energy ဆိုတဲ့ ၀ီရိယ သို့မဟုတ် ကြိုးစားမှုစွမ်းအား
(၃) Carefulness ဆိုတဲ့ သတိ သို့မဟုတ် ဂရုစိုက်မှုစွမ်းအား
(၄) Concentration ဆိုတဲ့ သမာဓိ သို့မဟုတ် စူးစိုက်မှုစွမ်းအား
(၅) Knowledge ဆိုတဲ့ ပညာ သို့မဟုတ် ဂဂနနသိမှုစွမ်းအား
ဒီအားငါးမျိုးကို အချိုးကျထည့်ပြီးတော့ ကိုယ့်ဘ၀ကို ရှင်သန်စေနိုင်မယ်ဆိုရင် ဘ၀မှာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို
ရကြမှာသေချာပါတယ်။ ငါးမျိုးစလုံးကို တစ်ပြိုင်နက်တည်း မထည့်နိုင်သေးဘူးဆိုရင်လဲ ပထမဆုံးတွန်းအားဖြစ်တဲ့
ယုံကြည်မှုကို အထပ်ထပ်အခါခါ မွေးမြူဖို့ အလွန်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုဆိုတဲ့ တွန်းအား
ကို မရမချင်း ကျန်တဲ့တွန်းအားတွေဟာ အလုပ်မလုပ်တတ်လို့ပါပဲ။ ယုံကြည်မှုနဲ့တွန်းကန်လိုက်ပြီးမှသာ ကြိုးစားမှုဟာ
အရှိန်ရလာတတ်ပါတယ်။ ဒါကြောင့်လဲ ဆရာကြီးတော်လ်စ်တွိုင်းက ယုံကြည်မှုတစ်ခုတည်းကိုပဲ “ဘ၀ရဲ့တွန်းအား”
လို့ ဆိုခဲ့ဟန်တူပါတယ်။
ဒါဖြင့်ရင် ယုံကြည်မှုကို ဘယ်လို ထူထောင်မလဲ။ ယုံကြည်မှုကို ထူထောင်ဖို့အတွက် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်
ကြည့်ရပါ့မယ်။ ကိုယ့်အရည်အချင်းကိုလဲ အမှန်အတိုင်းနားလည်ဖို့လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်တကယ်လိုချင်
တဲ့ ပန်းတိုင်ကို စိတ်ထဲမြင်အောင်ကြည့်တတ်ရပါ့မယ်။ အရေးကြီးဆုံးက ကိုယ်လိုချင်တဲ့ ပန်းတိုင်ဟာ ကိုယ့်အရည်
အချင်းနဲ့ လက်လှမ်းမမီနိုင်တဲ့ ပန်းတိုင်မျိုးမဖြစ်စေရပါဘူး။ ကိုယ့်အရည်အချင်းနဲ့လက်လှမ်းမမီနိုင်တဲ့ ပန်းတိုင်ကို
ရဖို့ကြိုးစားတဲ့လူဟာ ပင်ပန်းရကျိုးမနပ်တဲ့အပြင် တဖြေးဖြေးနဲ့ ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှု
အားနည်းလာတတ်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းလာပြီဆိုရင် ကျန်တဲ့တွန်းအားတွေလဲ အလိုလိုပျောက်သွားတတ်ပါတယ်။
ဒါကြောင့် တကယ်ယုံကြည်မှုကို ထူထောင်ချင်တဲ့လူဟာ ကိုယ်လက်လှမ်းမီတဲ့ ကိုယ်နဲ့နီးစပ်တဲ့ ပန်းတိုင်မျိုးကို
အရင်ရအောင်ကြိုးပမ်းကြည့်ရပါတယ်။ အဲဒီကမှ တစ်ဆင့်တက်ပြီး ပိုမိုမြင့်မားတဲ့ ပန်းတိုင်တွေကို တက်လှမ်းဖို့
ကြိုးစားရပါတယ်။ ဒီလိုဆိုရင် အဲဒီလူရဲ့ယုံကြည်မှုဟာ တဖြေးဖြေးနဲ့ ခိုင်မာသထက် ခိုင်မာလာပြီး ဘ၀မှာ
ဘာမဆိုလောက်နီးပါး ရအောင်ကြိုးပမ်းနိုင်တဲ့ ယုံကြည်မှုမျိုးကို ရသွားတတ်ပါတယ်။ ဒါကြောင့် “ယုံကြည်မှုဟာ
ဘ၀ရဲ့တွန်းအား” ဆိုတဲ့အဆိုဟာ အလွန်မှန်ကန်ကြောင်း ကောင်းစွာနားလည်နိုင်ပါတယ်။ ဘ၀အောင်မြင်ရေး
အတွက် ခိုင်မာတဲ့ ယုံကြည်မှုမျိုးကို ထူထောင်နိုင်ပါစေလို့ ဆန္ဒပြုလျှက်----။
ဆောင်းပါးရှင် - ကိုမင်းထက်
No comments:
Post a Comment