စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စုန်းတို့ နတ်တို့ ပူးဝင်ခြင်းနှင့် အဘိဓမ္မာအမြင်

မေးတဲ့သူတွေရှိတဲ့အတွက် အားလုံးသိဘို့ ဗဟုသုတအလို့ငှာ လေ့လာမိသမျှကို တင်ပြတာပါ..။
(၁)စုန်း နတ်တို့ ခန္ဓာကိုယ်ကို ပူးဝင်ပုံ
လူထဲကို ပူးဝင်တဲ့ စုန်း နတ်တို့ဟာ အရင်ဆုံး လူ့နှလုံးကို ပိတ်လို့ဖြစ်စေ၊ နှလုံးသွေ ဖောက်ပြန်အောင် လုပ်လို့ဖြစ်စေ တစ်ခုခုလုပ်ပြီး စိတ်နုန့်အောင် လုပ်ပါတယ်။ ဘ၀င်ကျပြီး သတိမေ့လျော့တဲ့အခါမှာ သူတို့ရုပ်ကို သိမ်မွေ့အောင် ဖန်ဆင်းပြီး လူတစ်ကိုယ်လုံးအတွင်းကို စိမ့်ဝင်ပျံ့နှံ့စေပါတယ်။ ဥပမာ နို့ရည်နှင့် ရေ ရောလိုက်သလို လူခန္ဓာထဲက အာကာသဓာတ်ထဲကို သူတို့ရဲ့ ရုပ်တွေ စိမ့်ဝင်သွားပါတယ်။ နို့ထဲရေထဲလိုက်လို့ စိတ်ဝင်သွားတာဟာ အာကာသဓာတ်ဆိုတဲ့ အကြားရှိလို့ပါ။ အကြားမရှိဘဲ နို့အတွင်းကို ရေမစိမ့်ဝင် မပျံ့နှံ့နိုင်ပါ။ ရေထဲကိုလည်း နို့ မစိမ့်ဝင် မပျံ့နှံ့နိုင်ပါ။ ခုလဲဒီလိုပါပဲ။ လူရုပ်နဲ့ နတ်စုန်းတို့ရဲ့ရုပ် တစ်ခုအကြားတစ်ခု စိမ့်ဝင်ပြီး အကုန်လုံးပျံ့နှံ့နေကြတယ်။ အဲဒီနတ် အဲဒီစုန်း မထွက်မချင်း လူစိတ်က ဘ၀င်ကျနေရတယ်၊ (အိပ်ပျော်တဲ့ စိတ်ဟာလဲ ဘ၀င်စိတ်ပါပဲ။) လူစိတ်က ဘ၀င်ကနေ မထပဲဖြစ်နေတယ်ပေါ့။ တစ်ကိုယ်လုံး ရုပ်တွေလည်း နတ်၊ စုန်းတို့ရဲ့ ရုပ်တွေဟာ အဓိကလိုဖြစ်နေတော့ နတ်၊ စုန်းတို့ အလိုရှိတိုင်း လှုပ်ရှားပြောဆို တော့တာပါပဲ။
(၂) ပူးရာကထွက်လျှင် ဘာဖြစ်တတ်သလဲ ဘယ်သူတွေကို ပူးနိုင်သလဲ
နတ်ပူး စုန်းပူးရာက ထွက်သွားတဲ့အခါ လူတစ်ကိုယ်လုံး ရုပ်တွေဟာ အနည်းငယ်ချောင်သွားတဲ့အတွက် ဟာသလို ဖြစ်နေရစ်လို့ လူမောပန်းနေတတ်တယ်။ သည်လို ပူးဝင်ရာမှာလည်း ပူးဝင်လိုသူတိုင်းကို ပူးဝင်လို့မရပါဘူး။ ပူးဝင်လိုသူရဲ့ စိတ်ကို နုန့်စေ ထိုင်းစေ ဘ၀င်ကျစေပြီး မေ့လျော့အောင်လည်း တတ်နိုင်မှ မိမိရုပ်ကလည်း သိမ်မွေ့အောင် ဖန်ဆင်းနိုင်မှ ပူးဝင်လို့ ရပါတယ်။ ဒီလိုမှ မဟုတ်ရင် မပူးဝင်နိုင်ပါဘူး။ လူတိုင်းကို မပူးဝင်နိုင်ဘူးဆိုတာသိပါ။ စိတ်အားငယ်သူတွေကို ပိုပြီး ပူးဝင်နိုင်သတဲ့…။
(၃) ဘာတန်ခိုးတွေကြောင့်လဲ
စုန်းဟာ လူပင်ဖြစ်ပေမယ့် အတတ်ပညာရဲ့ အစွမ်း နတ်ရဲ့ အာနုဘော်အစွမ်းတို့နှင့် ယှဉ်နေတဲ့အတွက် စိတ်ကိုလည်း နုံ့စေနိုင်တယ်၊ မေ့လျော့အောင်လည်း တတ်နိုင်ကြတယ်၊ သူတို့ရုပ်ကို သိမ်မွေ့အောင်လည်း တတ်နိုင်ကြတယ်။ ဒါ့အပြင် ကိုယ်ပျောက်၊ ခွေးယောင်ဆောင်၊ ကိုယ့်အကြောင်းကို အဝေးက ပြောပေမယ့် ကြားနိုင်ခြင်း စက်ကြိုးဆင်ခြင်း ကောင်းကင် သွားနိုင်ခြင်း စတဲ့ တန်ခိုးတွေ ပြုလုပ်နိုင်ကြတယ်။ စုန်းတို့ရဲ့ တန်ခိုးကို နတ်အာနုဘော်အစွမ်းနဲ့ ယှဉ်တဲ့တန်ခိုးကို ပါဠိတော်မှာ ဟောတော်မူတဲ့ တန်ခိုးဆယ်ပါးမှာ ကမ္မဇိဒ္ဓိတန်းခိုးလို့ မှတ်ရပါမယ်။ အတတ်ပညာအစွမ်းနှင့်ယှဉ်တဲ့ တန်ခိုးကတော့ ၀ိဇ္ဇာမယိဒ္ဓိလို့ မှတ်ပါ။
(၄) စုန်းအမျိုးအစား
ဒီနေရာမှာ စုန်း(၇)မျိုးကို ပြောချင်သေးတယ်။ (၁) ဆင်ကွပ်။ (၂) နဖားတပ်။ (၃) ရွာသူ၊ (၄) ရွာသမီး၊ (၅) ကဝေ၊ (၆) အိမ်တလိမ့်၊ (၇) ဇောဂိနီ လို့ စုန်း ခုနှစ်မျိုးရှိသတဲ့။ သည် ၇-မျိုးမှာလဲ အမောက်ပေါက်ပုံ ကွဲလို့ စုန်းမျိုးတွေ ကွဲပြားသေးသတဲ့။ အခု ၇-မျိုးထဲမှာ (၂) အိမ်တလိမ့်စုန်း၊ (၂)ဇောဂိနီစုန်းတို့က အတတ်ပညာမဖက် သက်သက် မိမိကိုယ်ခန္ဓာထဲမှာ ဗိမာန်နှင့်တကွ ဖြစ်ပြီး နေလာတဲ့ ဂန္ဓဗ္ဗနတ်ရဲ့ အာနုဘော်ကြောင့် မိမိတို့ ကြံစည်တိုင်း ဖြစ်နိုင်၊ ဖမ်းစားနိုင်တော့သတဲ့။ အဲဒီ စုန်းမျိုးကို မသင်ဘဲ တတ်တဲ့အတွက် ၀မ်းတွင်းစုန်းလို့ ခေါ်ကြပါတယ်။ ကျန်တဲ့ စုန်း ၅-မျိုးကတော့ အတတ်ပညာနဲ့ ဖြစ်တဲ့ စုန်းတွေပါ။ ပညာနှင့် ဘူးသွင်းခြင်းဆိုတဲ့ ဗိမာန်ဆောက်လို့ ပေးရင် ဂန္ဓဗ္ဗနတ်လည်း ကိုယ်ထဲမှာ နေလာသတဲ့။ ပညာအာနုဘော်၊ နတ်အာနုဘော် အစွမ်းနှစ်ပါးနှင့် ယှဉ်ကြတယ်လို့ ဆိုရမှာပေါ့။ အခုပြောခဲ့တာတွေဟာ သေက္ချတောင်ဆရာတော် ဦးတိလောကမထေရ်ရေးသားတော်မူတဲ့ ပဏ္ဍိတဝေဒနီယကျမ်း ၁၄၅-ကနေ ထုတ်နုတ်တင်ပြတာပါ။
(၅)စုန်းအမျိုးမည်နဲ့ သူတို့ရည် စွမ်းရည်
နောက် လောကီအင်္ဂုတ္တိုရ်ကျမ်းမှာ လာတယ်လို့ ဆိုတဲ့ သရုပ်ပြအဘိဓာန် (၂၃၂)မှာပါတဲ့ စုန်း (၇)မျိုးကလဲ မှတ်သားစရာကောင်းလို့ တင်ပြပေးလိုက်ပါတယ်။ (၁) ခြေစုန်း ။ ။ ၄င်းကား သစ်သီး သစ်ပွင့်ကိုစားသည်။ ခြေကိုလည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း၊ ကိုယ်တိုင် ကိုင်ရမှ ဖမ်းစားနိုင်သည်။ ၄င်းကို (ရွာသူ) ဟုသမုတ်သည်။ (၂) ခေါင်းစုန်း။ ။ ၄င်းကား သစ်သီးမှည့် အချို အချဉ်ကို စားသည်။ အရိပ်ကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း၊ ကိုယ်တိုင် ထိရမှ ဖမ်းစားနိုင်သည်။ ၄င်းကို (နဖားတပ်)ဟုသမုတ်သည်။ (၃) ကိုယ်စုန်း။ ။ ၄င်းကား မစင်ကို ချေးခြောက်ကို စားသည်။ ခြေရာကိုသော်လည်းကောင်း၊ အရိပ်ကိုသော်လည်းကောင်း၊ ကိုယ်ကိုသော်လည်းကောင်း၊ ကိုယ်တိုင် ထိရမှ ဖမ်းစားနိုင်သည်။ ၄င်းကို (ဆင်ကွပ်)ဟုသမုတ်သည်။ (၄) မောက်လုံးစုန်း။ ။ ၄င်းကား အသွေး အသား အရေကို စားသည်။ ကိုယ်တိုင် မြင်ရ၊ ထိရ၊ နန်းရှုပ်ရမှ ဖမ်းစားနိုင်သည်။ ၄င်းကို (စုန်း)ဟုသမုတ်သည်။ (၅) မောက်ပြားစုန်း။ ။ ၄င်းကား အအူး အသည်း အမြစ်တို့ကို စားသည်။ ကိုယ်တိုင် မြင်ရ၊ ထိရ၊ နန်းရှုပ်ရမှ ဖမ်းစားနိုင်သည်။ ၄င်းကို (ရွာသမီး)ဟုသမုတ်သည်။ (၆) အိန်တလိမ့်စုန်း။ ။ ၄င်းကား အကြော်အလှော် အဆိမ့် အအိမ့်တို့ကို စားသည်။ အမည်နာမကို သိမှ၊ မိမိလက်အောက်ရှိ ၃၇-မင်း နတ်တို့ကို စေပါးခိုင်းခန့် ဖမ်းစားနိုင်သည်။ ၄င်းကို (ဇော်ဂနီ)ဟုသမုတ်သည်။ (၇) ကဝေမြောက်စုန်း။ ။ ၄င်းကား လူသွေး လူသား လူရိုးတို့ကို စားသည်။ အမည်နာမကို သိက မိမိလက်အောက်ရှိ နတ်တို့ကို စေပါးခိုင်းခန့် ဖမ်းစားနိုင်သည်။ ၄င်းကို (ကဝေ)ဟု သမုတ်သည်။ မှတ်ချက်။ ။ ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း၊ ၄င်းသုံးယောက်ကား သေအောင် မဖမ်းစားနိုင်၊ မကြံစည်နိုင်ကုန်။ မောက်လုံး၊ မောက်ပြား၊ အိန်တလိမ့်၊ ကဝေမြောက် ၄င်းလေးယောက်ကား လူကို သေအောင် ဖမ်းစားနိုင်ကြ ကြံစည်နိုင်ကြသော တန်ခိုးသတ္တိရှိကြကုန်၏။ (အခြားစုန်းအကြောင်းကို မူ ကဝေသာရကျမ်း၊ လောကီအဂုင်္တ္တိုရ်ကျမ်းတွေမှာ လေ့လာကြပါကုန်။)
(၆) မဟာဗောဓိတစ်ထောင်ရဲ့ ပညာသည်မလုပ်နိုင်သည့် စားသောက်နည်း
ပညာသည် မလုပ်နိုင်သည့် စားနည်း (မဟာဗောဓိတစ်ထောင်ဆရာတော် ၂၂-၁၁-၁၉၉၉ ခု နယူးဇီလံ နိုင်ငံ ၀ါလင်တန်မြို့ ထီးတင်ပွဲ၌ မိန့်တော်မူသည့်စကားဖြစ်သည်)
နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ပညာသည်တွေရှိတယ်။ ပညာသည်တွေ မလုပ်နိုင်တဲ့ စားနည်းဆိုတာ ရှိသေးတယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဂစ္ဆာမိ သရဏံ ဗုဒ္ဓံ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဂစ္ဆာမိ သရဏံ ဓမ္မံ။ သံဃံ သရဏံ ဂစ္ဆာမိ၊ ဂစ္ဆာမိ သရဏံ သံဃံ။ အဲသလိုဆိုစား ဘယ်သူမှ လုပ်လို့မရဘူး။ ကျုပ်တို့ဆီမှာ မောက်ကတော်ဆိုတာ နည်းနည်း နာမည်ကြီးတယ်။ ကျုပ်ဒကာ ဦးသန်းရွှေတဲ့၊ သူက သွားဆဲတယ်။ ဘုန်းကြီး သူက နာမည်ကြီးတယ်တဲ့၊ ဘာလုပ်ရမလဲ တဲ့။ ဒါနဲ့ စိတ်ထဲ ရွတ်စားခိုင်းတယ်။ ဟိုကကျွေးတာ ငါးကြော်တဲ့။
သူက ကိုင်ပြီးတော့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဂစ္ဆာမိ သရဏံ ဗုဒ္ဓံ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဂစ္ဆာမိ သရဏံ ဓမ္မံ။ သံဃံ သရဏံ ဂစ္ဆာမိ၊ ဂစ္ဆာမိ သရဏံ သံဃံ။ အဲသလိုဆိုတော့ ကြွက်ပုပ်ကြီးဖြစ်လာသတဲ့။ လွှင့်ပစ်တော့ မီးဖိုထဲက ဒကာမက လူးလှိမ့်ပြီး “ ဆရာရယ် ကျုပ်သတ်တာ ဘယ်လောက်ရှိပြီ၊ (၇)ယောက်လောက်ရှိပြီတဲ့၊ ဒီပညာလှူပါ့မယ်တဲ့။ ကျုပ်ကလည်း မတတ်ပါဘူးဗျာ။ ခုနအတိုင်း ရွတ်လိုက်တာ ပြောလိုက်တယ်တဲ့။ အဲသလောက် ကောင်းတယ်။ သူများကျွေးလို့ အစာမကြေဘူးဆိုရင် အဲဒါရွတ်စား အစာကြေတယ်။ မနက် မနက် ဦးဆုံးစားတဲ့ အစာကို- ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဂစ္ဆာမိ သရဏံ ဗုဒ္ဓံ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဂစ္ဆာမိ သရဏံ ဓမ္မံ။ သံဃံ သရဏံ ဂစ္ဆာမိ၊ ဂစ္ဆာမိ သရဏံ သံဃံ။ ရေသောက် ထမင်းစား အဲသလိုဆို စားကြနော် …။
ဤကား မိမိလေ့လာမိသမျှ တင်ပြခြင်းသာဖြစ်ပါတယ်..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...