စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျွန်ုပ်နှင့် ပင်လယ်ပြာ. . .



ကျွန်ုပ်လည်း နွေဦးကာလ မိုးလေကင်းသည့် အချိန်ဖြစ်ပြီး တစ်နှစ်တာ ကာလ ပူပြင်း ပင်ပန်းလှသည့် ဘဝ အမောလည်း ဖြေဖျောက်လိုသည် ဖြစ်သဖြင့် မြန်မာပြည်၏ အလှအပ ကမ်းခြေ တစ်ခုဖြစ်သော ချောင်းသာ ကမ်းခြေသို့ ခရီးတစ်ထောက် ထွက်လာခဲ့၏။ ကျွန်ုပ် နေထိုင်ရာမြို့မှ နေချင်း မပေါက်သဖြင့် ပင်ပန်းစွာ ခရီးထွက်ခဲ့ရလေ၏။ မြန်မာပြည်၏ နာမည်ကျော် ရန်ကုန်-မန္တလေး အမြန် လမ်းမကိုလည်း ဖြတ်ကျော်ခဲ့ရသည် ဖြစ်ရာ မိုင် အနည်းငယ်သာ ဖြစ်ခဲ့သော်လည်း ကားဆရာ၏ ကျေးဇူးဖြင့် ပရိတ်ကြီး (၁၁)သုတ်အား ရွတ်ဖတ်ရလေ၏။ ကျွန်ုပ်လည်း မိမိကိုယ်ကို ကုသိုလ်ရလှပြီ အောင်းမေ့မိ သေး၏။ ခရီးဆက်ခဲ့ရာ ချောင်းသာသို့ ရောက်ခဲ့ပြီဖြစ်၏။

ပင်လယ်ပြင်က ငွေရောင် လှိုင်းကလေးများ တရွေ့ရွေ့လုပ်ရှား နေပြီး လပ်ဆပ်သော လေနုလေးများလည်း ရိုက်ခပ်လာရာ ပင်ပန်းနေသည်များ ပျောက်ကင်းသွားပြီး အားအင်သစ်များ ရရှိလာသည်ဟု ခံစားမိလေ၏။ ကမ်းခြေတလျောက် အတော်အသင့် လမ်းလျောက်မိရင်း ဒီလို ကမ်းခြေမျိုးတွင် အပျံသင်ခဲ့သော ဇင်ရော် အကြောင်း အတွေးထဲဝင်လာရာ ရစ်ချဒ်ဘာခ် (Richard Bach) ရေးသားသော ကမ္ဘာကျော် (Jonathan Livingstone Seagull) ယော်နသံ ဇင်ရော် စာအုပ်ကို သတိရမိသေး၏ ။ အဝေးဆီသို့ လမ်းမျှော်ကြည့် သော်လည်း ဇင်ရော်တစ်ကောင်တစ်လေပင် မတွေ့ရပေ၊ ထို ယောနသံ ကဲ့သို့ ဇင်ရော်အုပ်မှ လုပ်ရိုးလုပ်စဉ် အစဉ်အလာကို ဖေါက်ဖျက် ဆန်ကျင့်လျက် တစ်ကောင်တည်း အကြိမ်ရာချီ ဇွဲမလျော့ဘဲ အပျံကျင့်ခဲ့ရာမှ အောင်မြင်ခဲ့ပုံများကိုလည်း တစ်စတစ်စ တွေးနေမိရာ ကိုယ့်ဘဝကိုလည်း ယော်နသံ ကဲ့သို့ သဘောထားလျက် လုပ်ရိုးလုပ်စဉ် အသိုင်းအဝိုင်းမှ ဆန့်ကျင်၍ မိမိဘဝ တိုးတက်ကြောင်းကို ရှာဖွေ့ရင်း လောက နိယာမများကို လေ့လာရင်း လျောက်လှမ်းနေရသော ဘဝတူများကို ချိန်ထိုး၍ တွေးနေမိသေး၏။

ဇင်ရော်များကို မတွေ့သော်လည်း အဝေး ပင်လယ်ပြင်မှ ငါးဖမ်း လှေကလေး တစ်စီးအား တွေ့ရသည်ဖြစ်ရာ သူ့ဘဝ သူ့အလှနှင့် သူ့မိသားစုအတွက် အသက်ကိုရင်းကာ ငါးဖမ်းနေသူသို့ စိတ်က ရောက်၍သွားပြန်၏။"အိမ်အပြန် အဖေမပါ -" ဆိုသည့် အဆိုတော် ဘိုဖြူ၏ ပြန်ဆိုတေး တစ်ပုဒ်ကို စိတ်တွင် အမှတ်ရ၍ လာပြန်ရာ ကျွန်ုပ်တို့ကဲ့သို ပင်လယ်၏ အလှအပတို့အား တံငါသည် ခံစားနိုင်ပါမလား ဟု စိတ်တွင် တွေးနေမိပြန်လေ၏။ ကျွနု၏ အတွေးထဲတွင် ထို တံငါလှေအား ငေးကြည့်ရင်း ပင်လယ်နှင့် တံငါအို ဝတ္ထုထဲက ဆန်တီယာဂို အဖိုးအိုကို အမှတ်ရနေရင်း အဖိုးအို၏ အားမာန်တွေနဲ့ သူ့ရဲ့စိတ်ထဲက ပြောနေသော (မိုနိုလော့) စာကားသံတွေကို ပြန်ကြားနေမိသေး၏။ ဘဝအတွက် အတွေးပေါင်း များစွာနဲ့ ကမ်းခြေတွင် ထိုင်းရင်း ပင်လယ်၏ မာယာများကို ပုံဖော်လျက် နက်ရှိုင်း ထူးဆန်းလှသော ပင်လယ်ကြီးသည် ကမ္ဘာ၏ သမိုင်းအစကိုဘဲ ပြောပြနိုင်လေမလား ဟုလည်း တွေးမိပါ၏။

ပင်လယ်သည် ငြိမ်နေသည်တော့ မဟုတ်ပေ အပြောကျယ် လှသည့် ပင်လယ်ကြီးသည် ခန့်မှန်းရ ခက်လှ သည်ဖြစ်၍ ဒေါသပြင်းသော မုန်တိုင်းကြီးလည်း ရုတ်တရက် ဖြစ်လာနိုင်သည် ပင်ဖြစ်၏။ဆူနာမီ ကိုလည်း ဖန်တီနိုင်ကြောင်း တွေးနေမိပြန်ပါသည် သမုဒ္ဒရာ ရေတွင် ပွက်သည့် ရေပွက် ကလေးအား ဥပမာပေး ရေးသားခဲ့သော နန္ဒသူရိယ အမတ်ကြီး၏ စာပေကိုလည်း သတိရမိပြန်ပါသေးသည်။

အတွေးများနှင့်အတူး ညနေခင်ပင်လယ်၏ နေဝင်ချိန်က လှပ၍ နေလေတော့သည် ။ဘဝနေဝင်ချိန်လှပဖို့ရာအတွက် ပြင်ဆင်ထားရမည့် တရားဓမ္မဆိုသည့် အရာမှာလည်း မေ့ပျောက်ထား၍ မရသည်ကို နေဝင်ချိန်က သတိပေးနေလေ၏ ။ ကျွန်ုပ်လည်း နေဝင်ပြီဖြစ်ရာ အတွေးများကို ဖြတ်လျက် တည်းခိုဆောင်သို့ ပြန်လာခဲ့ရင်း ပင်လယ်ပြင်မှ အတွေးများက ကျွန်ုပ်၏ ရင်တွင် ဘယ်တော့ခါမှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ။

ချောင်းသာအမှတ်တရ
Lazy Cat (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...